DVB Logo
Home
မြန်မာသတင်း
အစိုးရအဖွဲ့ဝင်များ ပိုင်ဆိုင်မှု အများပြည်သူသိအောင် ကြေညာရန်အဆို ပယ်ချခံရ
DVB
·
August 8, 2012
အစိုးရအဖွဲ့ဝင်များ ပိုင်ဆိုင်မှု အများပြည်သူသိအောင် ကြေညာရန်အဆို ပယ်ချခံရ
Donate to DVB

အစိုးရအဖွဲ့ဝင်တွေရဲ့ ပိုင်ဆိုင်မှုတွေ အများပြည်သူသိရှိအောင် ထုတ်ပြန်အသိပေးဖို့ အဆိုကို ဒီနေ့ကျင်းပတဲ့ပြည်သူ့လွှတ်တော်က ပယ်ချလိုက်ပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ပုသိမ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းမြင့် တင်သွင်းတဲ့ အဆိုကို ထောက်ခံမဲ ၆၈ မဲ၊ ကန့်ကွက်မဲ ၂၇၁ မဲ၊ ကြားနေ ၁၅ မဲနဲ့ လွှတ်တော်မှာ ဆက်မဆွေးနွေးဖို့ ဆုံးဖြတ်လိုက်ကြတာပါ။

ဦးဝင်းမြင့်တင်သွင်းတဲ့ ကောင်းမွန်တဲ့အုပ်ချုပ်ရေး၊ သန့်ရှင်းတဲ့အစိုးရ ဖြစ်စေဖို့ ပြည်ထောင်စုအစိုးရအဖွဲ့နဲ့ တိုင်းနဲ့ပြည်နယ်အစိုးရအဖွဲ့ဝင်တွေရဲ့ ရွှေ့ပြောင်းနိုင်သောပစ္စည်း၊ မရွှေ့ပြောင်းနိုင်သောပစ္စည်းနဲ့ အကျိုးစီးပွားတွေကို ပြည်သူတွေသိအောင် ထုတ်ဖော်ကြေညာဖို့အဆိုကို လွှတ်တော်ကိုယ်စားလှယ် ၁၃ ဦးက ပါဝင်ဆွေးနွေးကြပါတယ်။

အဲ့ဒီနောက် ပြည်ထောင်စုရှေ့နေချုပ်က ဦးဝင်းမြင့်ရဲ့အဆိုဟာ အခြေခံဥပဒေနဲ့ ကွဲလွဲနေတဲ့အတွက် အဆိုကောင်း ဖြစ်ပေမယ့် မှတ်တမ်းတင်ထားဖို့ပဲ အကြံပြုခဲ့တယ်လို့ အဆိုရှင် ဦးဝင်းမြင့်က ပြောပါတယ်။

ဦးဝင်းမြင့်ကလည်း မှတ်တမ်းတင်ဖို့ လက်မခံဘဲ ဆက်ဆွေးနွေးဖို့ ပြန်လည်တင်ပြတဲ့အခါ လွှတ်တော်တွင်း မဲခွဲဆုံးဖြတ်ပြီး ရှူံးနိမ့်ခဲ့တာ ဖြစ်ပါတယ်။

ဒီအဆိုရှုံးနိမ့်တာနဲ့ ပတ်သက်ပြီး ပုသိမ်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းမြင့်က အခုလို သုံးသပ်ပြောကြားပါတယ်။

“ဖွဲ့စည်းပုံ ၆၈ မှာက သမ္မတနဲ့ ဒု သမ္မတရဲ့ ပိုင်ဆိုင်တဲ့ စာရင်းတွေ၊ ပစ္စည်းတွေက ပြည်ထောင်စုလွှတ်တော်နာယကမှာပဲ တင်ရမှာ။ အစိုးရအဖွဲ့ရဲ့ ဥပဒေပုဒ်မ ၁၀၁ မှာကျတော့ အစိုးရအဖွဲ့တွေက သမ္မတဆီတင်ရမှာ။ ကျနော်ပြောတာက ဒါမဟုတ်ဘူး။ ကျနော်က ပြည်ထောင်စုအစိုးရအဖွဲ့ရော၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ရော၊ ပြည်နယ်အစိုးရအဖွဲ့ရော အစိုးရအဖွဲ့မှာ ပါတဲ့လူတွေ အကုန်လုံး ရွှေ့ပြောင်းနိုင်တဲ့ ပစ္စည်းနဲ့ မရွှေ့ပြောင်းနိုင်တဲ့ ပစ္စည်း၊ သူတို့အကျိုးစီးပွားအကုန်လုံးကို ထုတ်ဖော်ကြေညာပြီးတော့ ပြည်သူကို ပွင့်လင်းမြင်သာမှုရှိဖို့နဲ့ တာဝန်ခံမှုရှိဖို့ပေါ့။ ပြည်သူကို ထုတ်ဖော်ကြေညာခိုင်းတာ၊ ဒါဟာ ဖွဲ့စည်းပုံနဲ့ ဆန့်ကျင်တာမဟုတ်ဘူး။ ဖွဲ့စည်းပုံမှာပါပြီးသားလည်း မဟုတ်ဘူး။ လွဲတယ်။ ဒါပေမယ့် မဲခွဲဆုံးဖြတ်တဲ့အခါကျတော့ ရှုံးတာပေါ့။”

မကြာသေးမီကပဲ ပြည်ထောင်စုအစိုးရအဖွဲ့နဲ့ ပြည်နယ်တိုင်းအစိုးရ အဖွဲ့ဝင်တွေရဲ့ ပိုင်ဆိုင်မှုတွေ သမ္မတထံတင်ပြဖို့ သမ္မတရုံးညွှန်ကြားချက် ထွက်ခဲ့ပါသေးတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013