Home
မြန်မာသတင်း
အစိုးရအနေဖြင့် စားနပ်ရိက္ခာအတွက် ကြိုတင်ပြင်ဆင်ရန် လိုအပ်
အေးနိုင်
·
August 8, 2012
မြန်မာနိုင်ငံအတွင်းမှာ မြစ်ရေကြီးနေတဲ့ဒေသတွေ၊ စစ်မက်ဖြစ်ပွားရာဒေသတွေ၊ ပဋိပက္ခ ဖြစ်ပွားရာ ရခိုင်ပြည်နယ်နဲ့ မုန်တိုင်းဖြစ်နိုင်ခြေတွေကြောင့် ပြည်ထောင်စုအစိုးရအနေနဲ့ စားနပ်ရိက္ခာတွေအတွက် ကြိုတင်ပြင်ဆင်မှုတွေ လုပ်ဆောင်ဖို့ လိုအပ်နေပါတယ်။ လက်ရှိမှာ မိုးများပြီး မြစ်ရေကြီးတဲ့အတွက် မြန်မာနိုင်ငံတ၀န်းမှာ လယ်ယာမြေဧက သောင်းချီ နစ်မြုပ်နေသလို ရခိုင်ပြည်နယ်တွင်း ပဋိပက္ခ္ခနဲ့ ကချင်ပြည်နယ်တွင်းက စစ်ပွဲတွေကြောင့် နယ်မြေခံတွေ လယ်ယာလုပ်ငန်းခွင် မ၀င်နိုင်ဘဲ ဖြစ်နေကြပါတယ်။ မြစ်ရေကြီးတဲ့ဒဏ်မှာ စိုးရိမ်ရေမှတ်ထက် ၅ ပေကျော်ထိ မြင့်တက်ခဲ့တဲ့ ပဲခူးတိုင်းက မဒေါက်၊ ရွှေကျင်၊ ညောင်လေးပင်၊ သဲကုန်း၊ ပြွန်တန်ဆာ၊ ဒိုက်ဦးနဲ့ မင်းလှစတဲ့မြို့တွေမှာ လွန်ခဲ့တဲ့ ၄ ရက်လောက်ကတည်းက လယ်ကွင်းထဲက ပျိုးပင်တွေ ရေနစ်မြုပ်နေပြီး မိုးဇလဌာနက နောက် ၃ ရက်ထိ ရေကြီးနေဦးမယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။ ဒါနဲ့ပတ်သက်လို့ အဲဒီဒေသမှာ လိုက်လံကူညီဆောင်ရွက်နေတဲ့ ညောင်လေးပင်မြို့က ကိုအောင်သွင်ဦးက ရေဘေးသင့်သူတွေကို စားရေးနေရေး ကူညီကြပေမယ့် စပါး ပြန်လည်စိုက်ပျိုးနိုင်ဖို့ တိုင်းဒေသကြီး အစိုးရက ဆောင်ရွက်တာ မတွေ့ရသေးဘူးလို့ ပြောပါတယ်။ “ဒီနေ့ သမ္မတကြီးက လယ်သမားတွေရဲ့ လယ်ယာထွက်ကုန်နဲ့ ပတ်သက်ပြီး ဦးစားပေးလုပ်နေတဲ့အချိန်မှာ ဒီလို လယ်ဧကပေါင်းများစွာ ဆုံးရှုံးသွားတာကို ပြန်လည်ထူထောင်ဖို့အတွက် သက်ဆိုင်ရာ မြို့နယ်နဲ့ တိုင်းဒေသကြီးက ဆောင်ရွက်ပေးတဲ့အစီအစဉ်တွေ မရှိသေးဘူးဆိုရင် အခုလောလောဆယ်မှာ လုပ်ပေးနေတာ အားရစရာ ကောင်းပေမယ့်လည်း ရေကျသွားပြီးရင် သီးနှံစိုက်ဖို့ မလုပ်ပေးသေးတဲ့ အချက်က အကြီးအမားဆုံးလို့ မြင်တယ်။” စပါးအဓိကထွက်ရာ ဧရာဝတီတိုင်းတွင်းမှာ မြို့ ၂၆ မြို့အနက် ပုသိမ်မြို့ဘက်မှာ စိုးရိမ်ရေမှတ်နားတ၀ိုက်ကို ရောက်နေပေမယ့် ဘိုကလေးနဲ့ လပွတ္တာဘက်က လယ်သမားတွေကတော့ သူတို့ဘက်မှာတော့ မိုးမှန်လို့ အဆင်ပြေနေတယ်လို့ ဆိုပါတယ်။ ကချင်ပြည်နယ်နဲ့ ရှမ်းပြည်မြောက်ပိုင်းမှာ အစိုးရတပ်တွေနဲ့ ကချင်လွတ်လပ်ရေးအဖွဲ့အကြား တိုက်ပွဲတွေကြောင့် လယ်ယာမြေတွေကို စွန့်ခွာထွက်ပြေးကြရတဲ့ စစ်ရှောင်ဒုက္ခသည်တွေလည်း လယ်ပြန်မထွန်နိုင်ကြသေးဘူးလို့ ကချင်ငြိမ်းချမ်းရေးကိုယ်စားလှယ် ဦးစန်းအောင်က ပြောပါတယ်။ “လယ်စိုက်ရင်လည်း ဖမ်းဆီးတာ ပြန်ဖြစ်နေတယ်။ ဟိုတလောက နမ်စမ်ယန်ရွာမှာ လယ်သွားစိုက်တဲ့ လူ ၁၆ ယောက်ကို ဖမ်းလိုက်တယ် ပြောတယ်။ မိုးမောက်နယ်ဒေသမှာလည်း လယ်စိုက်တဲ့လူတွေကို ဖမ်းဆီးတာ ဖြစ်နေတော့ လူတွေက ဘာမှမလုပ်ရဲဘူး။ မြစ်ကြီးနားကနေ တာလောကြီးဘက်လည်း လယ်က မလုပ်တော့ဘူး။ နောင်နှစ်ကတော့ တော်တော်လေးကို ဆန်ရှားပါးမှုဖြစ်မယ့်သဘော ရှိပါတယ်။” ရခိုင်ပြည်နယ်တွင်းဖြစ်ခဲ့တဲ့ ပဋိပက္ခရဲ့ အကျိုးဆက်ကြောင့် ဒေသခံလယ်သမားတွေ လယ်ယာလုပ်ငန်းခွင် မ၀င်နိုင်ဖြစ်နေကြပါတယ်။ ရခိုင်တိုင်းရင်းသားများတိုးတက်ရေးပါတီ အတွင်းရေးမှူး ဦးခိုင်ပြည်စိုးက “ကျနော်တို့ ရိက္ခာနဲ့ပတ်သက်လို့ အကုန်လုံး လိုအပ်ချက်တွေဖြစ်နေမယ်လို့ ထင်တယ်လေ။ အထူးသဖြင့် ဘူးသီးတောင်၊ မောင်တော၊ ရသေ့တောင်မှာ အစ္စလာမ်ဘာသာဝင်တွေလည်း အလုပ်မဖြစ်သလို ရခိုင်တွေလည်း အလုပ်မဖြစ်ဘူး။ မိုးရာသီ စပါးစိုက်တဲ့ ရာသီမှာ ဘာမှလုပ်လို့မရဘူး။ လိုအပ်ချက်က ၁ လ ၂ လနဲ့ အဆင်ပြေသွားမှာ မဟုတ်ဘူး။ ရေရှည်လိုအပ်နေဦးမယ်”  လို့ ပြောပါတယ်။ ဒါ့အပြင် လာမယ့် အောက်တိုဘာလကျရင် မုန်တိုင်းဝင်နိုင်တယ်လို့ မိုးလေ၀သနဲ့ဇလဗေဒဌာန တာဝန်ရှိသူတွေကရော မိုးလေ၀သပညာရှင် ဦးထွန်းလွင်ကပါ  အသီးသီး ထုတ်ဖော်ပြောဆိုထားပြီး ကြိုတင်ကာကွယ်မှုတွေ လုပ်ဆောင်ဖို့ တိုက်တွန်းထားကြပါတယ်။

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024