Home
မြန်မာသတင်း
သူနာပြုများ၏ နေရေးထိုင်ရေးကိစ္စ အရေးကြီးကဏ္ဍတွင် ရှိနေဟု ဦးဖြိုးမင်းသိန်းပြော
DVB
·
September 9, 2018
သူနာပြုဆရာ၊ ဆရာမတွေရဲ့ နေရေးထိုင်ရေး ကိစ္စဟာ အရေးကြီးတဲ့ကဏ္ဍမှာ ရှိနေကြောင်း ရန်ကုန်တိုင်း ၀န်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောကြားလိုက်ပါတယ်။ ရန်ကုန်သူနာပြုတက္ကသိုလ်မှာ ဒီနေ့မနက်ပြုလုပ်တဲ့ မြန်မာနိုင်ငံသူနာပြုနှင့် သားဖွားကောင်စီ ပထမအကြိမ် စုံညီအစည်းအဝေးမှာ ဦးဖြိုးမင်းသိန်းက ပြောကြားလိုက်တာလို့ ရန်ကုန်တိုင်းဒေသကြီးအစိုးရက သတင်းထုတ်ပြန်ပါတယ်။ "သူနာပြုဆရာ၊ ဆရာမတွေမှာ အခက်အခဲဖြစ်နေတာ၊ အပြင်ဆေးရုံတွေမှာ မလုပ်ဘူးဆိုရင် ဒီလစာငွေနဲ့အဆင်မပြေဘူး။ ဒီအတွက် ကျန်းမာရေးဝန်ကြီးဌာနဘက်က အိမ်တွေ တည်ဆောက်ပေးထားနိုင်မှ အိမ်ခန်းလေးလဲ ရတယ်၊ ဆေးရုံမှာလည်း တာဝန်ထမ်းဆောင်ခွင့်ရတယ်။ တဖက်က အပြင်ဆေးရုံကို ရတဲ့အချိန်လေးသွားထိုင်ပြီး ရတဲ့လစာလေးနဲ့ ရပ်တည်မယ်ဆိုရင် သူနာပြုဆရာ၊ ဆရာမတွေအတွက် အဆင်ပြေတယ်။ သူနာပြုဆရာ၊ ဆရာမတွေရဲ့ နေရေးထိုင်ရေး ကိစ္စတွေကလည်း အရေးကြီးတဲ့ကဏ္ဍမှာ ရှိနေတယ်ဆိုတာ တွေ့ရပါတယ်။" သူနာပြုတွေ၊ သားဖွားတွေအတွက် အရည်အသွေးစံချိန်စံညွှန်း၊ စိတ်ဓာတ်ရေးရာပိုင်း၊ ကိုယ်ကျင့်သိက္ခာပိုင်း ဆိုင်ရာတွေကို ထိန်းကျောင်းတည့်မတ်ဖို့ သားဖွားကောင်စီဟာ အရေးကြီးတဲ့အခန်းကဏ္ဍမှာ ရှိတယ်လို့ ဆိုပါတယ်။ "ဒီအလုပ်တွေဟာ တကယ့်ကိုစေတနာပါပါနဲ့ လူသားတွေကိုကူညီမယ်ဆိုတဲ့ စိတ်စေတနာနဲ့တကယ့်ကို ဆောင်ရွက်ပေးသင့်တဲ့ လုပ်ငန်းမျိုးဖြစ်တယ်။ ဒီလိုဆောင်ရွက်နေရတဲ့ သူတွေဖြစ်တဲ့အတွက် ဂုဏ်ပြုထိုက်တဲ့ပုဂ္ဂိုလ်တွေဖြစ်ပါတယ်။ တကယ့်ကိုပေးဆပ် အနစ်နာခံပြီး ဆောင်ရွက်ကြတဲ့ ဆရာ၊ဆရာမတွေဖြစ်ပါတယ်။" နိုင်ငံတ၀န်း သူနာပြုကျောင်းပေါင်း ၅၀ မှာ တက်နေတဲ့ ကျောင်းသား၊ ကျောင်းသူပေါင်း ၆၂၁၈ ယောက်ရှိပြီး မြန်မာနိုင်ငံရှိ လူဦးရည်နဲ့ နှိုင်းယှဉ်ပါက သူနာပြုတွေ များစွာလိုအပ်နေတာကြောင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက သူနာပြုတွေ တိုးတက်များပြားလာဖို့ ဆောင်ရွက်နေကြောင်း သိရပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024