လူငယ်များ၏သွေး သက်ကြီးရွယ်အိုများ၏ ကျန်းမာရေးကို အထောက်အကူပြု

ငယ်ရွယ်သူတွေရဲ့သွေးဟာ သက်ကြီးရွယ်အိုတွေအတွက် အသက်အရွယ်ကြောင့် ဖြစ်တဲ့ ရောဂါတွေကို ကာကွယ်ပေးနိုင်တယ်လို့ မကြာသေးခင်က လုပ်ခဲ့တဲ့ လေ့လာစမ်းသပ်မှုတခုမှာ တွေ့ခဲ့ရကြောင်း Sky News သတင်းမှာဖော်ပြပါတယ်။ ဒီလေ့လာမှုကို ကြွက်တွေကိုအခြေခံကာ ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး နုပျိုတဲ့ကြွက်တွေဆီက ရတဲ့သွေးကို ကြွက်အိုတွေထံ ထည့်သွင်းလိုက်တဲ့အခါ ကြွက်အိုတွေရဲ့ ကျန်းမာရေးက ပိုမိုကောင်းမွန်လာတာတွေရပြီး ကြွက်အိုတွေရဲ့ သွေးကိုကြွက်ပျိုတွေဆီ ထည့်သွင်းတဲ့အခါမှာ ပြောင်းပြန်သက်ရောက်မှုတွေကို တွေ့ခဲ့ရတယ်လို့ လေ့လာမှုကဆိုပါတယ်။ ဒီလေ့လာမှုကို လန်ဒန်တက္ကသိုလ်ကောလိပ် (UCL) သိပ္ပံပညာရှင်တွေက ဦးဆောင်ပြု လုပ်ခဲ့တာပဲ ဖြစ်ပါတယ်။ လေ့လာမှုအရ လူငယ်တွေရဲ့ သွေးဟာ လူကြီးတွေကို သူတို့ မသေဆုံးခင်အချိန်အထိ ကင်ဆာနဲ့ နှလုံးရောဂါ စတဲ့ရောဂါတွေမဖြစ်အောင် တားဆီးပေးနိုင်တယ်ဆိုတာ တွေ့ခဲ့ရပါတယ်လို့ UCL ရဲ့မျိုးရိုးဗီဇဆိုင်ရာ ပညာရှင် ဒိန်းလင်ဒါက ပြောပါတယ်။ အိုမင်းခြင်းဟာ ရောဂါဖြစ်ပွားမှုတိုင်းရဲ့ အဓိကတရားခံ ဖြစ်ကြောင်း၊ လူသားတွေကို အိုမင်းမှုကို သဘာဝတရားတခုအဖြစ် သတ်မှတ်ကာ ယင်းကို တွန်းလှန်ဖို့ အားထုတ်မှု နည်းပါးကြောင်း၊ ဒါပေမယ့် ဒီလေ့လာမှုကို ကျင့်ဝတ်ဆိုင်ရာ အရေးပါတဲ့ စဉ်းစားတွေးခေါ်မှုအဖြစ် မှတ်ယူကာ ဆောင်ရွက်ခဲ့ကြောင်းလည်း သူမက ဆက်လက်ပြောကြားပါတယ်။ လေ့လာမှုအတွင်း လူငယ်တွေရဲ့သွေးကို ငွေပေးကာ သွင်းယူနေတဲ့ သက်ကြီးရွယ်အိုတွေ ရှိနေတယ်ဆိုတာပါ တွေ့ခဲ့ရတယ်လို့လည်း သူမကပြောပါတယ်။ ကြွက်တွေကို အခြေခံကာ လုပ်ခဲ့တဲ့ ဒီလေ့လာမှုမှာ ကြွက်ပျိုတွေရဲ့သွေးကို သွင်းထားတဲ့ ကြွက်အိုတွေဟာ အာရုံစုးစိုက်မှုကောင်းမွန်လာရုံမကပဲ အသက်အရွယ်ကြောင့်ဖြစ်တဲ့ ရောဂါတွေလည်း  ဖြစ်ပွားခြင်း မရှိတာကို တွေ့ခဲ့ရပါတယ်။ ပါမောက္ခလင်ဒါရဲ့ လေ့လာမှုဟာ Ambrosia ခေါ်တဲ့သွေးနဲ့သက်ဆိုင်တဲ့ လေ့လာမှုရဲ့အစိတ်အပိုင်းတခုဖြစ်ပြီး Ambrosia လေ့လာမှုမှာတော့ လူသားတွေကို အခြေခံပါတယ်။ ဒီလေ့လာမှုမှာ အနည်းဆုံးအသက် ၃၅ နှစ်နဲ့အထက်ရှိတဲ့ လူပုဂ္ဂိုလ်အယောက် ၇၀ ပါဝင်ခဲ့ပါတယ်။ ပါဝင်သူတွေကို အသက် ၁၆ နှစ်နဲ့ ၂၅ အရွယ် စေတနာ့ဝန်ထမ်းတွေဆီက သွေးရဲ့အဓိက ပါဝင်မှုဖြစ်တဲ့ plasma  ထည့်သွင်းခဲ့ပြီး စောင့်ကြည့်လေ့လာခဲ့တာဖြစ်ပါတယ်။ လေ့လာမှုအရ လူငယ်တွေရဲ့ plasma ထည့်သွင်းထားသူတွေဟာ မတူကွဲပြားတဲ့ ရောဂါတွေအတွက် biomarker များ တိုးတက်ကောင်းမွန်လာတာကိုလည်း တွေ့ခဲ့ရပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up