ကယ်လီဖိုးနီးယားတောမီး အသည်းအသန်ငြှိမ်းသတ်နေရ၊ အဝေးလမ်းပိုင်းအချို့ ပိတ်ထား

ကယ်လီဖိုးနီးယားမီးသတ်သမားတွေဟာ ပြည်နယ်ထဲမှာလောင်ကျွမ်းနေတဲ့ ဒယ်လ်တာတောမီးတွေကို အသည်းအသန်ငြှိမ်းသတ်နေရဆဲဖြစ်ပါတယ်။ တောမီးကြောင့် အမေရိကန်နိုင်ငံရဲ့ လူသုံးအများဆုံး ပြည်နယ်ချင်းဆက် အဝေးပြေးလမ်းမကြီးတွေထဲကတခုဖြစ်ပြီး မက္ကဆီကိုကနေ ကနေဒါအထိ ဆက်ထားတဲ့ I-5 အဝေးပြေးလမ်းမကြီးရဲ့ တစိတ်တပိုင်းကို ပိတ်ထားရပါတယ်။ ရက်ဒင်းမြို့နားမှာ လောင်နေတဲ့ ဒီတောမီးဟာ သစ်တောဧက ၂၄,၀၀၀ ကျော်ကို လောင်ကျွမ်းခဲ့ပြီးဖြစ်ပါတယ်။ ဒီတောမီးဟာ ဗုဒ္ဓဟူးနေ့မွန်းလွဲပိုင်းမှာ စလောင်ခဲ့တာဖြစ်ပြီး ချက်ချင်းဆိုသလို အဝေးပြေးလမ်းမကြီးကို ဖုံးသွားခဲ့ပါတယ်။ ဒါ့ကြောင့် အဝေးပြေးလမ်းမကြီးပေါ်မှာ ပိတ်မိနေတဲ့ ၁၈ ဘီးကားကြီးတချို့ မီးလွတ်ရာ ပြန်မလှည့်နိုင်တော့ဘဲ မီးလောင်ခဲ့တယ်လို့ ဖောက်စ်သတင်းမှာဖော်ပြပါတယ်။ တောမီးကြောင့် အော်ရီဂွန်ပြည်နယ်နဲ့ စပ်လျက်နေရာကနေစပြီး အဝေးပြေးလမ်းမကြီးရဲ့အကွာအဝေး ၄၅ မိုင်အထိ ရဲက လမ်းပိတ်ထားလို့ ထရပ်ကားတွေ ခရီးမဆက်နိုင်ဖြစ်နေပါတယ်။ တချို့ကားတွေကတော့ မိုင် ၁၄၀ အထိသွားပြီး ရှောင်ကွင်းမောင်းသွားတယ်လို့ ဖောက်စ်သတင်းက ဆိုပါတယ်။ အမေရိကန်သစ်တောဌာနနဲ့ ကယ်လီဖိုးနီးယား မီးသတ်တပ်ဖွဲ့ဟာ တပ်ဖွဲ့ဝင် ၁,၂၀၀ နဲ့ တောမီးကို ဆက်လက်ငြိှမ်းသတ်နေဆဲဖြစ်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up