Home
မြန်မာသတင်း
မောင်တောမြို့ လုံခြုံရေးတင်းကျပ်
ရွှေအောင်
·
August 8, 2012
ရခိုင်ပြည်နယ်၊ မောင်တောမြို့မှာ ဒီနေ့ လုံခြုံရေး တင်းတင်းကျပ်ကျပ် ချထားတယ်လို့ မြို့ခံတွေက ပြောပါတယ်။ မနေ့ကပြုလုပ်တဲ့ မြို့လုံခြုံရေးအစည်းအဝေးမှာ ဗုံးဖောက်ခွဲနိုင်တယ်လို့ သတင်းရရှိတာကြောင့် အခုလို လုံခြုံရေးတိုးမြှင့် ချထားလိုက်တာလို့ ကြားသိရပြီး အာဏာပိုင်တွေက ထုတ်ပြန်ကြေညာတာမျိုးတော့ မရှိဘူးလို့ မြို့ခံတဦးက ပြောပါတယ်။ မြို့ခံတဦးက “လူသွားလူလာ ရှိတဲ့နေရာတွေ၊ လမ်းတွေပေါ့ လုံခြုံရေးတွေ၊ စစ်သားတွေ ချထားတယ်။” အပြင်ကလာပြီး ဖောက်ခွဲနိုင်တယ်လို့ သတင်းရတာကြောင့် လုံခြုံရေး တိုးမြှင့်ချထားတာ ဖြစ်တယ်လို့ မောင်တောမြို့ အလိုတော်ပြည့်ကျောင်း ဆရာတော် ဦးမဏိသာရက မိန့်ပါတယ်။ လုံခြုံရေး အထူးချထားတာကြောင့် ဘာမှ ဖြစ်မလာနိုင်တဲ့ အကြောင်းလည်း ဆရာတော်က ခုလိုမိန့်ပါတယ်။ “ဆက်လက်ပြီး အဓိကရုဏ်းတွေ ဖြစ်နေတယ်ဆိုတော့ ဒီဘက်မှာ ရှိတဲ့သူတွေလည်း ပြောရမယ်ဆိုရင် ဂနာမငြိမ်ဘူးပေါ့ဗျာ။ စိုးရိမ်မှုတွေ၊ ပူပန်မှုတွေက ဖြစ်နေရတာပေါ့။ လုံခြုံရေးတွေက တင်းတင်းကျပ်ကျပ် ယူထားတဲ့အတွက် ထပ်တော့ အဖြစ်ခံမယ် မထင်ပါဘူး။ နိုင်ငံတော် အစိုးရကလည်း တကြိမ်ပဲ အဖြစ်ခံမယ်၊ ထပ်ပြီး အဖြစ်ခံမှာ မဟုတ်ပါဘူး။ ဦးဇင်းတို့ကလည်း တက်နိုင်သလောက် ကာကွယ်စောင့်ရှောက်မယ်လို့ မြင်တယ်။ ဒါပေမယ့် မဖြစ်ဘူးလို့ ပြောလို့မရဘူး။ ဖြစ်ဖို့ကတော့ ရာခိုင်နှုန်း နည်းပါတယ်။” မောင်တောမြို့ လမ်းဆုံလမ်းခွနေရာတွေမှာ စစ်တပ်လုံခြုံရေး ပိုချထားတာဖြစ်ပြီး မြို့ထဲမှာ လူသွားလူလာ မရှိဘဲ ခြောက်ကပ်နေသလို ဈေးဆိုင်တွေလည်း ပိတ်ထားတယ်လို့ စုံစမ်းသိရှိရပါတယ်။ ရခိုင်ပြည်နယ်အတွင်း ဇွန်လကတည်းက ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်မှုတွေ အတွင်း လူပေါင်း ၇၇ ဦး သေဆုံးခဲ့တယ်လို့ အစိုးရက တရားဝင် သတင်း ထုတ်ပြန် ထားပါတယ်။

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024