Home
မြန်မာသတင်း
၂၄ နှစ်မြောက် ၈၈၈၈ အမှတ်တရစကားများ
DVB
·
August 8, 2012
ဦးမင်းကိုနိုင် “၈ လေးလုံး ငွေရတုအကြို ၂၄နှစ်ကို ကျနော်တို့ ဖြတ်သန်းခဲ့တာ၊ လွန်ခဲ့တဲ့ ၂၄ နှစ်ကို ပြန်ကြည့်ရင် ပေါက်ကွဲသံတွေနဲ့ တက်ခေါက်သံတွေနဲ့ ဒို့အရေးသံတွေနဲ့ ပဲ့တင်ထပ်ခဲ့တာ။ ဒီကနေ့တော့ ပြန်လည်သင့်မြတ်ရေးဆိုတဲ့ တေးကို ကျနော်တို့ ကြိုးညှိနေကြပြီ။ ဒါပေမယ့် တောထဲ၊ တောင်ထဲမှာတော့ ယမ်းငွေ့တွေ ဝေနေတုန်းပါ။ [caption id="attachment_28933" align="alignleft" width="233" caption="ဦးမင်းကိုနိုင်"][/caption] လွန်ခဲ့တဲ့ ၂၄ နှစ်တုန်းက လမ်းတွေပေါ်မှာ နံပါတ်တုတ်တွေ၊ သေနတ်ပြောင်းတွေနဲ့ ကျနော်တို့ ချိန်ရွယ်ခံခဲ့ရတယ်။ ဒါပေမယ့် အခုတော့ ကင်မရာမီးတဖျတ်ဖျတ်နဲ့ ဓာတ်ပုံရိုက်တဲ့ မှန်ဘီလူးတွေနဲ့ ချိန်ရွယ်ခံနေရတယ်။ တဖက်ကို ကြည့်လိုက်ပြန်တော့ စက်ချုပ်အလုပ်သမလေးတွေဖြစ်တဲ့ ကျနော်တို့ နှမငယ်လေးတွေရဲ့ ခေါင်းထက်မှာ ဆင်းရဲမွဲတေမှုနဲ့ ပညာမဲ့ခြင်းဆိုတဲ့ လက်နက်နဲ့ချိန်ရွယ်ခံနေရတယ်။ သူတို့ထမင်းချိုင့်လေးတွေ ကြည့်လိုက်ရင် ဘဲဥတလုံးတောင် မပြည့်တာကို တွေ့ရမယ်။ ဘဲဥတခြမ်းတည်းနဲ့ အသက်ဆက်နေရတဲ့ သူတို့အာဟာရအတွက် ကျနော်တို့ အားလုံး ကြိုးပမ်းဆောင်ရွက်ခဲ့မှုတွေဟာ ဘယ်လောက်အရာထင်သလဲဆိုတာ ကြည့်လိုက်ကြရအောင်။ လွှတ်တော်ထဲကို ကြည့်လိုက်တော့ အရင်တုန်းကတော့ တပါတီလွှတ်တော်၊ အခုတော့ ပါတီစုံလွှတ်တော်။ ဒါပေမယ့် ဒီလွှတ်တော်ထဲကိုကြည့်လိုက်တော့ စစ်ယူနီဖောင်းတွေက ကျကျနန ၀င်ထိုင်နေတာကို မလိမ်တမ်းမညာတမ်း ၀န်ခံကြရမယ်။ နိုင်ငံတော်သမ္မတကတော့ အားလုံးပါဝင်နိုင်တဲ့ နိုင်ငံရေးဖြစ်စဉ်လို့ ကတိပေးပြီးပြီ။ အားလုံးပါဝင်ကြရအောင် နိုင်ငံရေးအကျဉ်းသားအဖြစ် သံတိုင်နောက်မှာကျန်ရစ်ခဲ့တဲ့ ကျနော်တို့ရဲ့ လုပ်ဖော်ကိုင်ဖက်တွေအတွက် ကျနော်တို့ မေးခွန်းထုတ်ပါရစေ။ သူတို့ပါဝင်ခွင့်မရှိတော့ဘူးလား။ လက်နက်ကိုင်အဖွဲ့အစည်းတွေ၊ တောတွင်းအဖွဲ့အစည်းတွေ၊ တခါက တရားမ၀င်အဖွဲ့အစည်းလို့ စွပ်စွဲခံခဲ့ရတဲ့ အဖွဲ့တွေနဲ့ ဆက်ဆံမိလို့၊ ထမင်းတနပ်ပေးမိလို့ အဲဒေသခံ ပြည်သူတွေဟာ အခုထိ အကျဉ်းထောင်ထဲမှာ ရှိပါသေးတယ်။ ခုနက အဖွဲ့အစည်းတွေဟာ တရားဝင်ရုံးခန်းတွေဖွင့်ပြီးတော့ ငြိမ်းချမ်းရေးဆွေးနွေးပွဲရဲ့ အောင်မြင်မှုရလဒ်အဖြစ် ရပ်တည်နေတဲ့ အချိန်မှာ ကျနော်တို့ပြည်သူတွေ၊ အဲဒီအဖွဲ့အစည်းတွေနဲ့ ပတ်သက်မိတဲ့ ပြည်သူတွေ နိုင်ငံရေးအကျဉ်းသားအဖြစ် မကျန်ရှိသင့်တော့ပါဘူး။ ကျနော်တို့ ဒေါင်းအလံတွေဟာ လွန်ခဲ့တဲ့ ၂၄ နှစ်တုန်းက မိုးရေထဲမှာ ထူလွှင့်ပြီးတော့ လမ်းတွေပေါ်မှာ ပြေးခဲ့လွှားခဲ့ကြတယ်။ မိုးရေထဲမှာ ကျနော်တို့ဒေါင်းအလံတွေ မြောင်းထဲပြုတ်ကျလို့ လိုက်ကောက်ခဲ့ရတယ်။ အခုတော့ ကျနော်တို့ ဒေါင်းအလံတွေ ခန်းမကျယ်ထဲမှာ၊ ခန်းလုံးပြည့်ကော်ဇောခင်းထားတဲ့ နံရံတွေမှာ ခန့်ခန့်ညားညား ထူလွှင့်ခွင့်ရပါပြီ။ ဒီပြောင်းလဲမှု အင်မတန်ကြီးကျယ်ပါတယ်။ သမိုင်းသစ်တခုပါ။ ဒါကိုရေးခဲ့တာ ဘယ်သူတွေပါလိမ့်လို့ မမေးပါနဲ့။ ပြည်သူတွေကိုယ်တိုင်ပါ။ ပြည်သူတွေကိုယ်တိုင်သာလျှင် သမိုင်းရဲ့ အပြောင်းအလဲကို ဖန်တီးနိုင်ပါတယ်။ အဲဒီအပြောင်းအလဲကြီးကသာလျှင် အဖွဲ့အစည်းတွေ၊ ခေါင်းဆောင်တွေ မွေးထုတ်ပေးခဲ့တာ ဖြစ်ပါတယ်။ ဒါကြောင့် ဒီပြောင်းလဲမှုကြီးမှာ ငါတို့ကိုယ်တိုင် ပါဝင်ခဲ့တယ်ဆိုတာကို ကျနော်တို့ ပြည်သူတွေ ပြန်ပြီးတော့ သတိရစေချင်တယ်။ နောက်ထပ်ရော ဘာလုပ်နိုင်ဦးမလဲဆိုတာကို ပြည်သူတွေ အတွေးထဲမှာ ထားရှိစေချင်ပါတယ်။” [caption id="attachment_28934" align="alignleft" width="234" caption="ဦးကိုကိုကြီး"][/caption] ဦးကိုကိုကြီး “ရှစ်လေးလုံးအရေးတော်ပုံကြီးဆိုတာ သိပ်ခမ်းနားလွန်းအားကြီးတယ်။ ကျနော်တို့ လူပုဂ္ဂိုလ်တွေရဲ့ အခန်းကဏ္ဍထက်ကို အရေးတော်ပုံကြီးတခုလုံးရဲ့ အခန်းကဏ္ဍက လွှမ်းမိုးသွားတယ်လို့ ပြောရမှာပေါ့။ “ဒီအရေးတော်ပုံကြီးကို လူပုဂ္ဂိုလ် သို့မဟုတ် အဖွဲ့အစည်းတခုခုကနေ ဦးဆောင်တာမဟုတ်ဘဲ လူတိုင်းလူတိုင်း၊ နိုင်ငံသားတိုင်းက ပါဝင်ဆင်နွှဲတဲ့ အရေးတော်ပုံကြီးလို့ ကျနော်ကတော့ ပြောချင်တယ်။ အဲဒီအရေးတော်ပုံကြီးကနေပြီး ခေါင်းဆောင်တွေ၊ အဖွဲ့အစည်းတွေ ဆိုတာတွေက နောက်ပိုင်းကျမှ ပေါ်လာတာ။ များသောအားဖြစ်ဆိုရင် ကျနော်တို့က ဘယ်သူတွေ၊ ဘယ်အဖွဲ့အစည်းတွေကနေ ဦးဆောင်ပြီးတော့ ဒီတော်လှန်ရေးကြီးတရပ်ကို ဆင်နွှဲတယ်၊ အစရှိသဖြင့်တို့ ဖြစ်တတ်ကြတယ်။ ဒီရှစ်လေးလုံး အရေးတော်ပုံကြီးရဲ့ ထူးခြားတာက လူထုက ဦးဆောင်တာ။ လူထုက ဦးဆောင်တယ်ဆိုတဲ့နေရာမှာ စုဆောင်းလာတဲ့ မကျေနပ်မှုတွေအပေါ် မှားယွင်းတဲ့ အုပ်ချုပ်မှုစနစ်တွေကြောင့်မို့ ဖြစ်လာတဲ့ နိုင်ငံရေး၊ စီးပွားရေး အကျိုးဆက်တွေကို လူထုက မခံမရပ်နိုင်ဖြစ်ပြီးတော့ အုံကြွပေါက်ကွဲလာတာ။ အရေးတော်ပုံကြီးက လူထုရဲ့ အခန်းကဏ္ဍက ဦးဆောင်နေတဲ့ အရေးတော်ပုံကြီးပါ။ ဒီထူးခြားမှုက တခြားနိုင်ငံတကာ ဖြစ်စဉ်တွေထဲမှာလည်း ကျနော်တို့ အရေးတော်ပုံကြီးက ပိုပြီးတော့ ထင်ရှားလိမ့်မယ်လို့ ထင်ပါတယ်။ လူထုက သူ့မကျေနပ်မှုတွေ၊ သူ့ခံယူစားချက်တွေကို သူတို့ နားလည်တဲ့ပုံစံ၊ သူတို့ လုပ်နိုင်တဲ့ ပုံစံနဲ့ ဖော်ထုတ်ပစ်လိုက်တာပါ။ အဲဒါပြီးတော့မှ ဒီလှုပ်ရှားမှုကြီးကို ရှေ့ဆက်ပြီး သယ်ဆောင်သွားဖို့အတွက် အဖွဲ့အစည်းပုံစံတွေ၊ ခေါင်းဆောင်တဲ့ လူပုဂ္ဂိုလ်တွေက ရှစ်လေးလုံးအရေးတော်ပုံကြီး ပြီးသွားမှ နောက်တော့မှ နိုင်ငံရေးပုံစံနဲ့ အဖွဲ့အစည်းပုံစံတွေ ပေါ်လာတယ်လို့ ကျနော် ထင်တယ်။ ဒီလှုပ်ရှားမှုကြီးက ခမ်းနားလွန်းအားကြီးတယ်။ ပါဝင်တဲ့ လူပုဂ္ဂိုလ်တွေ၊ အဖွဲ့အစည်းတွေကလည်း အရမ်းကျယ်ပြန့်လွန်းအားကြီးတယ်။ ဒါကြောင့်မို့လို့လည်း ရှစ်လေးလုံး အရေးတော်ပုံကြီးနဲ့ ပတ်သက်ပြီး အထိမ်းအမှတ်အခမ်းအနားတွေ လုပ်ကြတော့မယ်ဆိုရင် သက်ဆိုင်ရင် မြို့နယ်တွေအလိုက်၊ ပြည်ပရောက်နေတဲ့သူတွေကလည်း ပြည်ပအလိုက် ကိုယ်ရောက်နေတဲ့နေရာတွေမှာ အထိမ်းအမှတ်အခမ်းအနားတွေ ကျင်းပနေကြတယ်ဆိုတာ ဒီအရေးတော်ပုံကြီးရဲ့ ကြီးကျယ်ခမ်းနားမှုကို ဖော်ပြတယ်လို့ ကျနော်မြင်တယ်။ နောက်ဆုံး လွှတ်တော်လို၊ နိုင်ငံတော်သမ္မတကြီး ဦးဆောင်တဲ့ အစိုးရအဖွဲ့လို့ နောက်တခါ ပြည်ပရင်းနှီးမြှုပ်နှံမှုတွေ ၀င်လာဖို့ ဆွေးနွေးနေကြတဲ့အချိန်တွေ အစရှိသဖြင့် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး အပြောင်းအလဲတွေ ဖြစ်လာတာတွေက ရှစ်လေးလုံးအရေးတော်ပုံကြီးကနေ စတင်ခဲ့တဲ့ အရေးတော်ပုံကြီးရဲ့ အကျိုးဆက်တွေလို့ ပြောလို့ရပါတယ်။ “ရှစ်လေးလုံး မစခင်တုန်းကတော့ ကျနော်တို့ ရန်ကုန်တက္ကသိုလ်ကျောင်းဝင်းအတွင်း၊ စက်မှုတက္ကသိုလ်တို့ အစရှိသဖြင့် ကျောင်းတွင်းလှုပ်ရှားမှုတွေ အဲဒီမှာ ကျောင်းသားတွေက နီးစပ်ရာနီးစပ်ရာတွေ စုဖွဲ့ကြတယ်။ ကျောင်းသားသမဂ္ဂတွေ အစုအဖွဲတွေ ပေါ်လာတာပေါ့။ ပြောရရင် ကျောင်းသားလှုပ်ရှားမှု၊ ကျောင်းသားအဖွဲ့အစည်းတွေက ရှစ်လေးလုံး မတိုင်ခင်ကတည်းက စပြီး ဖွဲ့စည်းနေကြပြီ။ ရှစ်လေးလုံးပြီးတော့မှ နိုင်ငံရေး ပုံစံတွေ ပီပြင်လာတာကို ကျနော် ဆိုလိုတာပါ။ “ရှစ်လေးလုံး လှုပ်ရှားမှုကြီးဟာ ကျနော်တို့ သင်ခန်းစာယူတတ်မယ်ဆိုရင် ယူစရာတွေ အများကြီးပဲ။ တကယ်တော့ နိုင်ငံဦးဆောင်တဲ့သူတွေက အမြော်အမြင်ရှိရှိနဲ့ တိုင်းပြည်ရဲ့ဖြစ်နေတဲ့ တကယ့်ပကတိအခြေအနေတွေကို သူတို့ကသာ ကြိုတင်တွက်ဆနိုင်မယ်၊ လေ့လာသိရှိနိုင်မယ်ဆိုရင် ဒီလိုမျိုး ထိခိုက်နာကျင်မှုတွေ၊ မများဘဲနဲ့ နိုင်ငံကို တည်တည်ငြိမ်ငြိမ်နဲ့ သိမ်သိမ်မွေ့မွေ့နဲ့ ပြုပြင်ပြောင်းလဲနိုင်မယ့် အခွင့်အလမ်းတွေ ရှိပါလျက်နဲ့ ကျန်တဲ့အဖွဲ့အစည်းတွေ ဖွဲ့စည်းခွင့် အားလုံးပိတ်ပင်လိုက်တယ်၊ အာဏာသိမ်းတဲ့အချိန်ကစပြီးတော့ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီသည် တခုတည်းသော ဦးဆောင်ပါတီဖြစ်သည်ဆိုတာကို ဖွဲ့စည်းပုံအခြေခံဥပဒေမှာပါ သူက တရားဝင်ဖြစ်အောင် ပြဋ္ဌာန်းလိုက်ပြီးတော့ ကျန်တဲ့ နိုင်ငံသားတွေနဲ့ ပြည်သူလူထုက ပူးပေါင်းပါဝင်နိုင်တဲ့ လွတ်လပ်တဲ့အဖွဲ့အစည်းတွေ အားလုံးကို ဖျက်သိမ်းပစ်လိုက်တယ်။ ပြီးတော့ အာဏာရပါတီက သူကပဲ တရားဝင်လုပ်ခွင့်ရှိတယ်။ ကျန်တဲ့ဟာတွေက တရားဝင်အဖွဲ့အစည်းအဖြစ် ပါဝင်ခွင့်မရှိဘူးဆိုပြီး ကန့်သတ်လိုက်တော့ လူထုရဲ့ အခန်းကဏ္ဍက လုံးဝ ပျောက်သွားတယ်။ အဲဒီအခြေအနေကနေပြီး ရှစ်လေးလုံး အရေးတော်ပုံကြီး ပေါ်တဲ့အခါကျတော့ တချိန်လုံး ချုပ်ထားတဲ့၊ ပိတ်ဆို့ထားတဲ့ဟာတွေ အားလုံးဟာ ပေါက်ထွက်သွားတယ်။ ဒါဟာ အင်မတန် သင်ခန်းစာယူဖို့ကောင်းတယ်။ “နောင် ကျနော်တို့နိုင်ငံကို တည်တည်ငြိမ်ငြိမ်နဲ့ ဖွံ့ဖြိုးတိုးတက်အောင် လုပ်မယ်ဆိုရင် လူထုရဲ့ အခန်းကဏ္ဍကို တမင်တကာ အမြော်အမြင်ရှိရှိ ဖန်တီးပေးရမယ်။ လူထုပါဝင်နိုင်တဲ့ အခန်းကဏ္ဍကျယ်လေ လူထုနဲ့ အစိုးရနဲ့၊ လူထုနဲ့ ဌာနဆိုင်ရာအဖွဲ့အစည်းတွေနဲ့ ကြားထဲမှာ ဆက်ဆံမှုများလေလေ၊ ပူးပေါင်းပါဝင်မှု များလေလေ နိုင်ငံက သိမ်သိမ်မွေ့မွေ့ တည်တည်ငြိမ်ငြိမ်နဲ့ ပြုပြင်ပြောင်းလဲမှု လုပ်နိုင်မယ်လို့ ကျနော်မျှော်လင့်ပါတယ်။” [caption id="attachment_28939" align="alignleft" width="235" caption="ဦးဌေးကြွယ်"][/caption] ဦးဌေးကြွယ် “ရှစ်လေးလုံးကာလမှာ ကျနော်တို့ ပြည်သူတွေအားလုံးရဲ့ တောင်းဆိုမှု အသံနဲ့ တပါတီစနစ်ဖျက်သိမ်းရေး၊ ဒီမိုကရေစီရရှိရေး တို့အရေးဆိုတဲ့ အသံနဲ့ လူသတ်ဝါဒအလိုမရှိတာနဲ့ အာဏာရှင်စနစ်အလိုမရှိတာနဲ့ ပြည်သူတွေရင်ထဲမှာ တူတူပါပဲ။ အဲထဲက စစ်တပ်အာဏာသိမ်းမှုဖြစ်တာ။ပါတီစုံဒီမိုကရေစီစနစ်နဲ့ ဈေးကွက်စီးပွားရေးစနစ်သွားမယ်ဆိုပြီး ကတိတွေပေးခဲ့တယ်။ အဲ့နောက်ပိုင်း အခု နှစ်ပေါင်း ၂၀ ကျော်ကြာတဲ့အချိန်မှ ရွေးကောက်ပွဲဆိုတာ ဖြစ်လာတယ်။ ပြည်သူကို ကိုယ်စားပြုရတဲ့ တာဝန်ခံရတဲ့ လွှတ်တော်ဆိုတာ ပေါ်လာတယ်။ အခြေအနေတွေကတော့ ကျနော်တို့နိုင်ငံဟာ အဘက်ဘက်ကနေ သူများနိုင်ငံတွေထက် အများကြီး နောက်ကျနေပြီ။ စီးပွားရေး၊ လူမှုရေး၊ ကျန်းမာရေး၊ နို်င်ငံရေး ဘက်ပေါင်းစုံပေါ့။ လူနေမှုအဆင့်အတန်းကအစပေါ့။ ကျနော်တို့ အများကြီး ကုန်းရုန်းကြိုးစားမှ ဒေသတွင်းနိုင်ငံတွေကို မီနိုင်မယ်၊ ကြိုးစားကြရမယ်။ “၁၉၈၈ ခုနှစ် အရေးတော်ပုံကာလမှာ ပြည်သူတွေဟာ ဘယ်စိတ်ဓာတ်နဲ့ အမှန်တရားအတွက်ဆို ဘယ်လောက်ပေးဆပ်ရ ပေးဆပ်ရ ပေးဆပ်မယ့်ဆိုတဲ့ စိတ်ဓာတ်နဲ့ ဖိနှိပ်မှုကိုလက်မခံဘူး။ ဘယ်လောက်ပေးဆပ်ရ ပေးဆပ်ရ ပေးဆပ်မယ်ဆိုတဲ့ ခိုင်ကြည်တဲ့ စိတ်ဓာတ်မျိုးနဲ့ အမှန်တရားကို မြတ်နိုးတဲ့ စိတ်ဓာတ်တွေ၊ လွတ်လပ်မှုနဲ့ ဒီမိုကရေစီကို မြတ်နိုးတဲ့စိတ်ဓာတ်တွေ၊ အခုအချိန်ထိ နိုင်ငံမှာ ၈၈ ကနေစပြီးတော့ အခုအချိန်ထိ ခိုင်ခိုင်မြဲမြဲအမြစ်တွယ်ပြီလို့ ယုံကြည်လို့ရပါတယ်။ “အခု နိုင်ငံရေးအခြေအနေကနေပြီးတော့ ဟိုတချိန်က နိုင်ငံရေးအခြေအနေလိုမျိုး ဖမ်းတာဆီးတာ ထောင်ထဲမှာ နိုင်ငံရေးအကျဥ်းသားပေါင်းများစွာထည့်ထားတာ။ အခုတော့ ပြောင်းလဲမှုလမ်းစကိုမြင်နေရပြီ။ ဘယ်လောက်ပြောင်းလဲမလဲ၊ ဘယ်လောက် အရှိန်အဟုန်မြန်မြန်နဲ့ ပြောင်းလဲနိုင်မလဲ။ တိုင်းပြည်ဟာ ဘက်ပေါင်းစုံကနေ နောက်ကျနေတဲ့အတွက် အချိန်အများကြီးယူလို့ ဖြစ်မှာမဟုတ်ဘူး။ ကျနော်တို့ နိုင်ငံသားတွေ ညီညွတ်ကြပါ။ နိုင်ငံသားတွေဆိုရာမှာ ယနေ့ တပ်မတော်ခေါင်းဆောင်တွေ၊ အစိုးရအဖွဲ့ခေါင်းဆောင်တွေ၊ ပြည်သူတရပ်လုံး၊ အတိုက်အခံပါတီတွေအကုန်လုံး၊ တိုင်းရင်းသားအင်အားစုတွေအားလုံး ညီညွတ်စွာနဲ့ တိုင်းပြည်ရဲ့အနာဂတ်ကို ချမှတ်ပြီး အားလုံးအတူတူ ပူးပေါင်းလုပ်ဆောင်ဖို့လိုအပ်နေပါပြီ။ ဒါဟာ ကျနော်တို့ ရှစ်လေးလုံးက ပေးတဲ့ သင်ခန်းစာ။ တပါတီအာဏာရှင်စနစ်နဲ့ စစ်အာဏာရှင်စနစ်မှာ လူထောင်ပေါင်းများစွာ၊ မြန်မာနိုင်ငံသားတွေရဲ့အသက်တွေရင်းနှီးပြီးတော့ အပြောင်းအလဲကို ရယူခဲ့တာပါ။ ကျနော်တို့ ဆက်ပြီးသွားပါမယ်။” [caption id="attachment_28936" align="alignleft" width="233" caption="ဦးဂျင်မီ"][/caption] ဦးဂျင်မီ “၈၈ ဒီမိုကရေစီ အရေးတော်ပုံဟာ သမိုင်းတကွေ့ချိုးသွားတယ်။ သမိုင်းတကွေ့ချိုးဖို့အတွက် တွန်းအားပေးခဲ့တဲ့ လူငယ်တွေရဲ့ တက်ကြွ လှုပ်ရှားမှုဟာ တကယ်တော့ အင်မတန်အရေးပါ ပါတယ်။ “ဆိုလိုချင်တဲ့ သဘောက ဘယ်လှုပ်ရှားမှု မဆို၊ ဘယ်အပြောင်းအလဲ မဆို၊ အခြေခံ ပြည်သူတွေ မပါဝင်ဘဲ မရဘူး။ အဲ့တော့ အခြေခံပြည်သူတွေ ကြားထဲမှာကိုက ရှစ်လေးလုံး ဒီမိုကရေစီအရေးတော်ပုံစိတ်ဓာတ်ကို အခိုင်အမာ စိုက်ထူရလိမ့်မယ်။ ဒီမိုကရေစီ ခိုင်မာချင်ရင် ရှစ်လေးလုံး ဒီမိုကရေစီအရေးတော်ပုံ စိတ်ဓာတ်ကို ခိုင်မာအောင် လုပ်ရမယ်။ ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းဆိုတဲ့ ရည်ရွယ်ချက်က တကယ်တော့ ရှစ်လေးလုံး ဒီမိုကရေစီအရေးတော်ပုံရဲ့ စိတ်ဓာတ်ပဲ။ အခုခေတ်အခေါ်အရ ဒီမိုကရေစီမဏ္ဍိုင်ပဲ ခေါ်ခေါ်ပေါ့ ကျနော်တို့ကတော့ ရှင်းလင်းပြောရရင် ပြည်သူတွေကြားထဲမှာ ဒီမိုကရေစီစိတ်ဓာတ်၊ ရှစ်လေးလုံးစိတ်ဓာတ်ကို စိုက်ထူဖို့ ကြိုးစားနေတယ်။ အဲဒါဟာ ကောင်းသောစိတ်ဓာတ်တခုပဲ။” “နောက်တခုက ဘာလဲဆိုတော့ ပြည်သူလူထုဟာ အပြောင်းအလဲကို လိုချင်တယ်ဆိုရင် သူတို့ရဲ့ အယူအဆတွေ အကုန်လုံး ပြောင်းလဲပစ်တယ်။ ဥပမာ တပါတီအာဏာရှင်စနစ်ကို မလိုချင်တော့ဘူးဟေ့ဆိုရင် တပါတီအာဏာရှင်စနစ်အောက်မှာ ခံစားနေရတဲ့ အယူအဆတွေ အကုန်လုံးကို ပြောင်းလဲလိုက်ပြီးမှာ တပါတီအာဏာရှင်စနစ်ကို တော်လှန်လိုက်တာပါ။ ဒီလိုပဲ ဒီမိုကရေစီကို သွားမယ်ဆိုရင် ဒီမိုကရေစီရဲ့ အခြေခံတွေကို တည်ဆောက်ဖို့ ကြိုးစားနေတယ်။ [caption id="attachment_28940" align="alignright" width="232" caption="ဒေါ်မီးမီး"][/caption] “ဒီအပြောင်းအလဲကို ဘယ်သူက စလုပ်တာလဲ ဆိုတော့ ခုချိန်ကတော့ အုပ်ချုပ်ရေးပိုင် အမြင့်ဆုံး အာဏာရှိတဲ့သူတွေ အစိုးရအဖွဲ့ဝင်ကြားထဲမှာကိုက ဒီမိုကရေစီစိတ်ဓာတ်ကို ပြောင်းလဲလာတာ တိုင်းပြည်အတွက် ကောင်းတဲ့ကိစ္စပါ။ ပြည်သူတွေ ကြားထဲမှာရော နိုင်ငံမှာပါ ဒီမိုကရေစီစိတ်ဓာတ်၊ ရှစ်လေးလုံး ဒီမိုကရေစီအရေးတော်ပုံ စိတ်ဓာတ်ကို အခိုင်အမာ စိုက်ထူခြင်းအားဖြင့် ဒီမိုကရေစီခိုင်မာရေးကို ဆက်ပြီးတည်ဆောက်သွားမယ်လို့ ပြောချင်ပါတယ်။” ဒေါ်မီးမီး “မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီရေစီးကြောင်း စီးဆင်းလာတာ အခုဆိုရင် ၂၄ နှစ် တိုင်ခဲ့ပါပြီ။ အဲဒီအချိန်မှာ အခုလိုမျိုး မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီ အကူးအပြောင်း ကာလမှာ မြန်မာပြည်သူပြည်သားများ အားလုံးအနေနဲ့ အမှန်တရားအတွက် အကြောက်တရားကင်းကင်းနဲ့ အမျိုးသားရေး အသိအမြင် ကြွယ်ဝစွာနဲ့ အတူလက်တွဲပြီး ပူးပေါင်းဆောင်ရွက်ကြပါလို့ တိုက်တွန်းလိုပါတယ်။” ဒေါ်နီလာသိန်း [caption id="attachment_28941" align="alignright" width="233" caption="ဒေါ်နီလာသိန်း"][/caption] “လွန်ခဲ့သော အနှစ် ၂၀ ကျော် ၈ ရက် ၈ လ ၈၈ ခုနှစ်မှာ ကျမတို့လူထုအားလုံးက အမှန်အတရားအတွက်၊ လူထုအတွက် အာဏာရှင်စနစ်ကို တော်လှန်ခဲ့တယ်။လူထုတိုက်ပွဲတခုဟာ ယနေ့ အပြောင်းအလဲကာလတခုကို ဖြစ်ပေါ်လာတာ သမိုင်းမှတ်တိုင်တခုပါပဲ။ အဓိက ပြောချင်တာက လူထုဆန္ဒပါမယ်ဆိုရင် ကျမတို့ရဲ့ လုပ်ဆောင်မှုတွေက အင်အားအများကြီး ရှိတယ်ဆိုတာ ဒါက သာဓကတခုပါပဲ။ ရှစ်လေးလုံး အရေးတော်ပုံမှာ အမြောက်အမြား ပါဝင်ခဲ့တဲ့ အမျိုးသမီး သူရဲကောင်းတွေဟာ ဒီနေ့အချိန်အထိ ဆက်လက်ပြီး လုပ်ဆောင်နေတာ အမျိုးသမီး ခေါင်းဆောင်တွေ ပေါ်ထွန်းလာတာဟာ ဒီ ရှစ်လေးလုံးကနေ စတင်ခဲ့တာပါပဲ။”

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024