Home
မြန်မာသတင်း
ပြင်ဦးလွင်၊ ဇီးပင်ကြီးအထက်တန်းကျောင်း မျက်နှာကျက်ပြိုကျ၊ ၁၆ ဦး ဒဏ်ရာရ
နော်နိုရင်း
·
September 7, 2018
မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်မြို့နယ် ဇီးပင်ကြီးကျေးရွာ အထက်တန်းကျောင်းမှာ ဒီကနေ့မနက်က စာသင်ခန်းအမိုး မျက်နှာကျက် ပြိုကျမှုကြောင့် စာသင်နေတဲ့ ဆရာမတဦးနဲ့ ကလေး ၁၅ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ရွာခံ ဦးအောင်ဖြိုးက ပြောပါတယ်။ ဒီနေ့မနက် ၉ နာရီကျော် ကလေးတွေ စာစသင်ယူနေချိန်မှာ အခင်းဖြစ်ပွားခဲ့ပြီး ကျောင်းရဲ့ အဋ္ဌမတန်း ဘီ တန်းမှာ မျက်နှာဂျက် ပြိုကျခဲ့တာ ဖြစ်ပါတယ်။ ဆရာမက လက်ကျိုးသွားတာကလွဲရင် ကျန်တဲ့ကလေးတွေ ဒဏ်ရာမပြင်းထန်ဘူးလို့ ဦးအောင်ဖြိုးက ပြောပါတယ်။ “ကလေး ၁၅ ယောက်က ပွန်းပဲ့ဒဏ်ရာလေးတွေပါ။ ချုပ်ရပြုရတဲ့ ကလေးတွေ မရှိပါဘူး။ ဆရာမက လက်ကျိုးတယ်လို့တော့ ကြားတယ်။ ကျန်တဲ့ကလေးတွေတော့ ဆေးရုံကနေပြီးတော့ ဆေးလေးဘာလေး ထည့်ပြီးတော့ ကိုယ့်အိမ်ကိုယ် ပြန်သွားကြပြီ။” မျက်နှာဂျက်ပြိုကျမှု ဖြစ်ပွားခဲ့တဲ့ အတန်းဆောင်ကို ၃ ရက်ပိတ်ပြီး ပြန်လည်ပြုပြင်သွားမယ်လို့လည်း ဆိုပါတယ်။ အခင်းပွားတဲ့ကျောင်းဟာ လွန်ခဲ့တဲ့ ၆ နှစ်၊ ၇ နှစ်လောက်က အထက်တန်းအဆင့်အဖြစ် သတ်မှတ်လိုက်တဲ့ကျောင်း ဖြစ်တယ်လို့ ပြင်ဦးလွင်မြို့နယ် အန်အယ်လ်ဒီ ဒု-ဥက္ကဋ္ဌ ဦးဝင်းဆွေဦးက ပြောပါတယ်။ “အဲဒီကျောင်းက ရဲဗဟိုလေ့ကျင့်ရေးကျောင်းရယ်၊ ဗဟိုဝန်ထမ်းတက္ကသိုလ်ရယ်၊ ဗဟိုမီးသတ်သင်တန်းကျောင်းရယ်၊ အဲဒီကျောင်းတွေ ရွှေ့လာတဲ့အချိန်မှာ မဖြစ်မနေ ဝန်ထမ်း သားသမီးတွေ အဆင်ပြေအောင်လို့ ဆိုပြီးတော့ အထက်တန်းဆင့် ချမှတ်ပေးခဲ့တဲ့ကျောင်းပေါ့လေ။ ကျောင်းက ကာလအားဖြင့် ခုနှစ်တော့ ကျနော်အတိအကျ မမှတ်မိတော့ဘူး။ ၆ နှစ် ၇ နှစ်လောက်တော့ ရှိမယ်ပေါ့။ အဲတော့ ကာလစည်းကမ်းမပြည့်မီခင်  ဖြစ်သလား၊ သတ်မှတ်ချက် ကျော်လွန်နေပြီလား အဲဒါတော့ ကျနော် အတိအကျ မပြောနိုင်ဘူး။” ဇီးပင်ကြီးကျေးရွာမှာ အထက်တန်းကျောင်းတကျောင်း၊ မူလတန်းကျောင်းတကျောင်းနဲ့ ဘုန်းကြီးစာသင်ကျောင်းတကျောင်း ရှိပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024