Home
သုံးသပျခကျြ
နိုင်ငံပြုပြင်ပြောင်းလဲရေးနှင့် မူဝါဒရေးရာစဉ်းစားစရာများ (၅)
DVB
·
August 8, 2012
မြန်မာနိုင်ငံဟာ EITI (Extractive Industries Transparency Initiatives) ရဲ့ အဖွဲ့ဝင်နိုင်ငံအဖြစ် ပါဝင်ဖို့ စဉ်းစားနေပြီး မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်ဥက္ကဋ္ဌလည်းဖြစ် စက်မှုဝန်ကြီးလည်းဖြစ်တဲ့ ဦးစိုးသိန်းရဲ့ ဖိတ်ကြားချက်အရ EITI ရဲ့ ဒါရိုက်တာ Jonas Moberg ဟာ မြန်မာနိုင်ငံကို ဇူလိုင် ၁၆ နဲ့ ၁၇ ရက်တွေမှာ လာရောက်ခဲ့ပြီး အဖွဲ့ရဲ့အကြောင်းကို အစိုးရခေါင်းဆောင်ပိုင်းရော ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ပါ တွေ့ဆုံ ရှင်းလင်းပြောဆိုခဲ့ပါတယ်။ EITI ဟာ ဘယ်လိုအဖွဲ့မျိုးလဲ၊ ဘာကြောင့် မြန်မာနိုင်ငံဟာ EITI အဖွဲ့ဝင်နိုင်ငံဖြစ်ဖို့ ခြေလှမ်းပြင်ဆင်နေတာလဲ၊ EITI အဖွဲ့ဝင်ဖြစ်လာရင်ရော ဘယ်လိုပြောင်းအလဲတွေ ရှိလာနိုင်ပြီး ရရှိလာနိုင်တဲ့ အကျိုးကျေးဇူးတွေက ဘာတွေဖြစ်မလဲ။ ဒါတွေကို သိရှိနိုင်ဖို့ EITI အဖွဲ့ကြီး ဖွဲ့စည်းဖြစ်ပေါ်လာပုံ နောက်ခံအကျဉ်းကို လေ့လာကြည့်မိပါတယ်။ တကယ်တော့ EITI အဖွဲ့ကြီးပေါ်ပေါက်လာတာဟာ ဆယ်စုနှစ်တခုသာ ရှိပါသေးတယ်။ တိတိကျကျပြောရရင် ၂၀၀၂ ခုနှစ် စက်တင်ဘာလ၊ တောင်အာဖရိကနိုင်ငံ ဂျိုဟန်နက်စဘတ်မြို့မှာ ကျင်းပတဲ့ “ရေရှည်တည်တံ့တဲ့ ဖွံ့ဖြိုးမှုဆိုင်ရာ ကမ္ဘာ့ထိပ်သီးညီလာခံကြီး (World Summit on Sustainable Development) အတွင်း ထိုအချိန်က ဗြိတိသျှဝန်ကြီးချုပ် တိုနီဘလဲ (Tony Blair) ရဲ့ဦးဆောင်မှုနဲ့ EITI အဖွဲ့ကို စတင်ဖွဲ့စည်းခဲ့ပါတယ်။ အဲ့ဒီနောက်ပိုင်း ၂၀၀၃ ခုနှစ်မှာ ဗြိတိသျှအစိုးရကပဲ လန်ဒန်မြို့မှာ Lancaster House Conference ကို ကျင်းပခဲ့ပြီး EITI အဖွဲ့ကြီးရဲ့ အဓိကကျောရိုးဖြစ်လာမယ့် အခြေခံစည်းမျဉ်း ၁၂ ချက်ကို ချမှတ်နိုင်ခဲ့ပါတယ်။ ထိုနှစ်မှာပဲ ပြင်သစ်နိုင်ငံ Evian မှာ ကျင်းပတဲ့ ကမ္ဘာ့စီးပွားရေးထိပ်သီး ၈ နိုင်ငံအစည်းအဝေးက ရေရှည်တည်တံ့ခိုင်မာတဲ့ လူမှုစီးပွားဖွံ့ဖြိုးမှုအတွက် အဓိကအတားအဆီးဖြစ်နေတဲ့ အကျင့်ပျက်ခြစားမှုနဲ့ ပြည်သူ့ဘဏ္ဍာငွေတွေကို တလွဲစီမံခန့်ခွဲမှုတွေကို တိုက်ဖျက်ဖို့အတွက် ဆုံးဖြတ်ချက်ချမှတ်ခဲ့ကြပါတယ်။ ဒီလိုအကျင့်ပျက်လာဘ်စားမှုတွေကို တိုက်ဖျက်နိုင်ဖို့အတွက် နိုင်ငံအစိုးရတွေအနေနဲ့ ပွင့်လင်းမြင်သာတဲ့ အုပ်ချုပ်ရေးစနစ် ကျင့်သုံးဖို့ လိုအပ်ပါတယ်။ နောက်ပြီး ပြည်သူ့ဘဏ္ဍာငွေတွေကို တလွဲစီမံခန့်ခွဲတာနဲ့ အကျင့်ပျက်လာဘ်စားမှုတွေ အများဆုံး ဖြစ်ပွားလေ့ရှိတဲ့ နိုင်ငံတွေဟာ သဘာဝအရင်းအမြစ်တွေ (အဓိကအားဖြင့် ရေနံ၊ သဘာဝဓာတ်ငွေနဲ့ သတ္တုတူးဖော်ရေး လုပ်ငန်းတွေ) ထုတ်ယူသုံးစွဲတဲ့ စီးပွားရေးအပေါ် အဓိကမှီခိုနေရတဲ့ နိုင်ငံတွေ ဖြစ်နေတတ်ပါတယ်။ ဒါကြောင့် EITI အဖွဲ့ကြီးရဲ့ အဓိကရည်ရွယ်ချက်က အဆိုပါအရင်းအမြစ်တွေအပေါ် အဓိကမှီခိုနေတဲ့ အစိုးရတွေအနေနဲ့ အဲ့ဒီအရင်းအမြစ်တွေ ထုတ်ယူမှုကနေ တိုင်းပြည်ဘဏ္ဍာငွေ ဘယ်လောက်ရရှိပြီး ဘယ်လိုသုံးစွဲသလဲဆိုတဲ့ ပွင့်လင်းမြင်သာမှုရှိဖို့နဲ့ အဲ့ဒီနိုင်ငံတွေက အရင်းအမြစ်တွေကို ထုတ်ယူစီးပွားရှာနေကြတဲ့ နိုင်ငံတကာ ကုမ္ပဏီတွေဘက်ကလည်း အစိုးရတွေကို ငွေပေးချေရာမှာ ပွင့်လင်းမြင်သာမှုရှိစေဖို့ ဖြစ်ပါတယ်။ EITI အဖွဲ့ကြီးကို ထူထောင်တာဟာ သဘာဝအရင်းအမြစ်တွေ ပေါ်ကြွယ်ဝပေမယ့် ဆင်းရဲမွဲတေမှုနှုန်း မြင့်မားကြတဲ့ ဖွံ့ဖြိုးဆဲ နိုင်ငံတွေရဲ့ စီးပွားရေးဖွံ့ဖြိုးမှုအတွက် သဘာဝအရင်းအမြစ်တွေဟာ အရေးပါတဲ့ အခန်းကဏ္ဍက ရှိနေတယ်လို့ ယုံကြည်လက်ခံထားတဲ့အတွက် ဖြစ်ပါတယ်။ အဲ့ဒီနိုင်ငံတွေဟာ ကြွယ်ဝတဲ့ သဘာဝရင်းမြစ်တွေကြောင့် ရေရည်တည်တံ့ခိုင်မြဲတဲ့ ဖွံ့ဖြိုးရေးနဲ့ ဆင်းရဲမွဲတေမှု လျှော့ချရေးကို အထောက်အကူပြုနိုင်မှာဖြစ်ပေမယ့် အစိုးရတွေက အကန့်အသတ်ရှိနေတဲ့ ထိုအရင်းအမြစ်တွေကို ကောင်းမွန်စွာ စီမံခန့်ခွဲမှု မလုပ်နိုင်ဘူးဆိုရင် လူမှုရေးနဲ့ စီးပွားရေးဆိုးကျိုးတွေ ခံစားရလိမ့်မယ်ဆိုတဲ့ အချက်ကိုလည်း ယုံကြည်တဲ့အတွက်ဖြစ်ပါတယ်။ လေ့လာသုတေသနပြုချက်တွေအရ ရေနံ၊ သဘာဝဓာတ်ငွေနဲ့ သတ္တုအမျိုးမျိုး စတဲ့ သဘာဝရင်းမြစ်ကြွယ်ဝတဲ့ တတိယ ကမ္ဘာ့နိုင်ငံတွေက အုပ်ချုပ်သူ လူတန်းစားတွေသာ ထိုအရင်းအမြစ်တွေကြောင့် အလွန်အမင်းချမ်း သာကြွယ်ဝသွားကြပြီး အုပ်ချုပ်ခံ ပြည်သူတွေကတော့ ဆင်းရဲမွဲတေလျက် ရှိနေတာကို တွေ့ကြရပါတယ်။ ဒီလို မညီမျှတဲ့ကြွယ်ဝချမ်းသာမှုကို အားပေးတဲ့ အဓိကအချက်က အဲ့ဒီနိုင်ငံတွေရဲ့ အစိုးရတွေဟာ ပွင့်လင်းမြင်သာမှုမရှိတဲ့ အာဏာပိုင်အစိုးရတွေ ဖြစ်နေတတ်ပြီး ၎င်းတို့နဲ့ပေါင်းဖက်ပြီး သဘာဝရင်းမြစ်တွေ ထုတ်ယူစီးပွားဖြစ်နေသူတွေထဲမှာ ဖွံ့ဖြိုးပြီး နိုင်ငံတွေက ကမ္ဘာကျော်ကုမ္ပဏီ ကြီးတွေ ပါဝင်နေတာကိုလည်း တွေ့ရပြန်ပါတယ်။ ဒီတော့ သဘာဝအရင်းအမြစ်များ ထုတ်ယူစီးပွားရှာတဲ့ လုပ်ငန်းတွေမှာ ပွင့်လင်းမြင်သာမှုရှိဖို့ ဦးဆောင်ဦးရွက်ပြုလာတဲ့ EITI အဖွဲ့ကြီးရဲ့ ရည်မှန်းချက်တွေ အောင်မြင်ဖို့ဆိုရင် နိုင်ငံအစိုးရတွေတင်မကဘဲ ပုဂ္ဂလိကစီးပွားရေးလုပ်ငန်းတွေက ပူးပေါင်းပါဝင်မှဖြစ်မှာပါ။ အဲ့ဒါအပြင် နိုင်ငံတွေမှာ ပြည်သူ့ကိုယ်စား ပြည်သူတွေရဲ့ အကျိုးစီးပွားအတွက် အမြဲတမ်းစောင့်ကြည့် လေ့လာဖော်ထုတ်ပေးလေ့ရှိတဲ့ လူထုအခြေပြု လူမှုအဖွဲ့အစည်းတွေကိုလည်း EITI အဖွဲ့ကြီးက ၎င်းရဲ့ ရည်မှန်းချက်တွေ အောင်မြင်ဖို့အတွက် အဓိကသက်ဆိုင်သူ (stakeholder) အဖြစ် ထည့်သွင်းထားပါတယ်။ ဒီလိုအခြေအနေမျိုးကို ကမ္ဘာ့ဖွံ့ဖြိုးမှုအနိမ့်ဆုံး နိုင်ငံများစာရင်းဝင် မြန်မာနိုင်ငံမှာ တွေ့နေရပါတယ်။ မြန်မာနိုင်ငံဟာ ရေနံ၊ သဘာဝဓာတ်ငွေနဲ့ ဓာတ်သတ္တုအမျိုးမျိုး ကြွယ်ဝတဲ့နိုင်ငံ ဖြစ်ပေမယ့် လွန်ခဲ့တဲ့ ဆယ်စုနှစ်အတွင်း ပြည်သူတွေရဲ့ လူမှုဘ၀ဟာ တနှစ်ထက်တနှစ် တိုးတက်မလားပဲ ပိုလို့ဆင်းရဲလာနေပြီး အာဏာရှိသူတွေနဲ့ ၎င်းတို့နဲ့နီးစပ်တဲ့ စီးပွားရေးသမား လက်တဆုပ်စာ လူတန်းစားသာ မျက်စိရှေ့မှာ အလွန်အမင်း ကြွယ်ဝချမ်းသာလာကြပါတယ်။ ၁၉၉၀ ပြည်နှစ်များအတွင်း စတင်တွေ့ရှိခဲ့တဲ့ မြန်မာကမ်းလွန်က အလွန်ကြီးမားတဲ့ သဘာဝဓာတ်ငွေ့သိုက်များကို ထိုစဉ်က စစ်အစိုးရက ၎င်းတို့မှာ နည်းပညာ၊ ကျွမ်းကျင်ပညာရှင်နဲ့ အရင်းနှီးမရှိလို့ နိုင်ငံခြားကုမ္ပဏီကြီးတွေကို ဖိတ်ခေါ်ရင်းနှီးမြှုပ်နှံ လုပ်ကိုင်စေခဲ့ပါတယ်။ အဲ့ဒီအချိန်ကာလကစလို့ နိုင်ငံတကာ ကုမ္ပဏီကြီးတွေဖြစ်ကြတဲ့ TOTAL ၊ UNOCAL ၊ DAEWOO ၊ PETRONAS နဲ့ PTTEP တို့ဟာ  မြန်မာ့ကမ်းလွန်က သဘာဝဓာတ်ငွေ့သိုက်တွေကို လွှမ်းမိုးချုပ်ကိုင် စီးပွားဖြစ်ခဲ့ကြပါတယ်။ ရင်းနှီးမြှုပ်နှံမှုများသလို အမြတ်အစွန်းလည်းများတဲ့အတွက် အခုဆိုရင် ရတနာနဲ့ ရဲတံခွန် သဘာဝဓာတ်ငွေ့မြေမှာ ရင်းနှီးမြှုပ်ထားကြတဲ့ TOTAL၊ PETRONAS နဲ့ PTTEP တို့ဟာ နှစ်အနည်းငယ်အတွင်း အမြတ်အစွန်း ရနေကြပါပြီ။ မြန်မာအစိုးရဘက်ကလည်း ၁ နှစ်ကို ဒေါ်လာ ၂ ဘီလီယံကျော် ၀င်ငွေရရှိနေပါပြီ။ အဲ့ဒီဝင်ငွေတွေကြောင့် ပြည်သူတွေရဲ့ လူမှုဘ၀ ဘယ် လောက်မြင့်မားခဲ့သလဲလို့ ပြန်သုံးသပ်ကြည့်ရင် ကျေးလက်နေ ပြည်သူတွေမပြောနဲ့ ရန်ကုန်မြို့တော်ကြီးနေ ပြည်သူတွေတောင် လျှပ်စစ်မီးမလုံလောက်တဲ့ဘ၀နဲ့ နေထိုင်နေရဆဲဆိုတာ ထင်သာမြင်သာအရှိဆုံး အထောက်အထားတခုပါ။ ဒါဟာ EITI အဖွဲ့ကြီးရဲ့ ယုံကြည်ချက်တခုဖြစ်တဲ့ သဘာဝအရင်းအမြစ်များကရရှိတဲ့ ပြည်သူ့ဘဏ္ဍာအခွန်တွေကို ပွင့်လင်းမြင်သာမှုရှိရှိ စီမံခန့်ခွဲသုံးစွဲနေမှု ရှိ မရှိနဲ့ ဆက်စပ်နေပါတယ်။ အခုတော့ မြန်မာအစိုးရအနေနဲ့ EITI Candidate ဖြစ်ဖို့ ခြေလှမ်းပြင်တာဟာ ကြိုဆိုရမယ့် အချက်ပါ။ မြန်မာနိုင်ငံက EITI Candidate ဖြစ်လာရင် အဖွဲ့ကြီးက ၂၀၀၅ ခုနှစ်မှာ ချမှတ်ခဲ့တဲ့ စံနှုန်း ၅ ချက်ကို လိုက်နာအကောင်အထည်ဖော်ရမှာ ဖြစ်တဲ့အတွက် ပထမဆုံးတွေ့ရှိရမယ့် အပြောင်းအလဲက သဘာဝဓာတ်ငွေ့ စီးပွားရေးကနေ တိုင်းပြည်အတွက် ဘဏ္ဍာခွန် ဘယ်လောက်ရပြီး ဘယ်လိုသုံးစွဲသလဲ (ယင်းအချက်ကို EITI က သက်ဆိုင်ရာနိုင်ငံရဲ့ အချုပ်အခြာအာဏာဘောင်အတွင်းမှာသာရှိကြောင်း အသိအမှတ်ပြုထားပါတယ်) ဆိုတဲ့ ကာလကြာရှည်စွာ မြန်မာပြည်သူတွေသိချင်နေတဲ့ သတင်းအချက်အလက်တွေကို အစိုးရရော သက်ဆိုင်ရာကုမ္ပဏီတွေကပါ ပုံမှန်ထုတ်ပြန်ပေးရမှာ ဖြစ်ပါတယ်။ အဲ့ဒီအတွက်ကြောင့် မြန်မာ့သဘာဝဓာတ်ငွေ့အရင်းအမြစ်တွေကို ထုတ်ယူစီးပွားရှာနေကြတဲ့ နိုင်ငံတကာကုမ္ပဏီကြီးတွေ ဖြစ်တဲ့ TOTAL ၊ UNOCAL၊ DAEWOO ၊ PETRONAS နဲ့ PTTEP ကုမ္ပဏီကြီးတွေဟာ မြန်မာအစိုးရကို အခွန် ဘယ်လောက်ပေးဆောင်ရတယ် ဆိုတာကို ကိန်းဂဏန်းအတိအကျ နှစ်စဉ်ထုတ်ပြန်ပေးရတော့မှာဖြစ်ပါတယ်။ တကယ်တော့ TOTAL ဟာ EITI အဖွဲ့ကြီးရဲ့ ကုမ္ပဏီများအစုအဖွဲ့မှာ ပါဝင်ပါတယ်။ မြန်မာ့ဒီမိုကရေစီအရေး လှုပ်ရှားသူတွေက မြန်မာ့ကမ်းလွန်သဘာဝ ဓာတ်ငွေ့လုပ်ငန်းနဲ့ ဆိုင်တဲ့ ကုမ္ပဏီရဲ့ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ အချက်အလက်တွေကို မြန်မာပြည်သူတွေ သိရှိလေ့လာနိုင်ဖို့ ထုတ်ပြန်ပေးဖို့ တောင်းဆိုမှုတွေ အကြိမ်ကြိမ်လုပ်ခဲ့ပေမယ့် ကုမ္ပဏီဘက်က ထုတ်ပြန်ပေးခဲ့ခြင်းမရှိတဲ့အတွက် TOTAL ဟာ မြန်မာနိုင်ငံမှာ စီးပွားရေးအကျိုးအမြတ်ကို ရှေ့တန်းတင်တဲ့ ပွင့်လင်းမြင်သာမှုဆိုင်ရာ EITI စံနှုန်းတွေကို မလိုက်နာတဲ့ ကုမ္ပဏီတခုဖြစ်ခဲ့ပါတယ်။ အဲ့ဒီအခြေအနေကို မဝေးတော့တဲ့အနာဂတ်မှာ အဆုံးသတ်ပြီး မြန်မာပြည်သူတွေကြားမှာ ကုမ္ပဏီရဲ့ဂုဏ်သိက္ခာကို ပြန်လည်မြှင့်တင်နိုင်လိမ့်မယ်လို့ မျှော်လင့်ရပါတယ်။ ထိုင်းနိုင်ငံဟာ မြန်မာ့သဘာဝဓာတ်ငွေ့ကို လောလောဆယ် အဓိက၀ယ်ယူနေတဲ့ တခုတည်းသော နိုင်ငံဖြစ်ပါတယ်။ ထိုင်းနိုင်ငံရဲ့ အများပိုင် အဓိက ရေနံနဲ့ သဘာဝဓာတ်ငွေ့ တူးဖော်ထုတ်လုပ်ရေး ကုမ္ပဏီကြီးဖြစ်တဲ့ PTTEP လည်း TOTAL နည်းတူ မြန်မာ့သဘာဝဓာတ်ငွေ့ ၀ယ်ယူရင်းနှီးမြှုပ်နှံမှုတန်ဖိုးကို နှစ်စဉ်ထုတ်ပြန်လေ့မရှိပါ။ ဒါပေမယ့် ထိုင်းအစိုးရ အကောက်ခွန်ဌာနက ကွန်ပျူတာစနစ်နဲ့ထားသိုတဲ့ သွင်းကုန် ပို့ကုန် ကိန်းဂဏန်းတွေကို အများပြည်သူ လေ့လာနိုင်အောင် ပွင့်လင်းမြင်သာမှုရှိရှိ ဌာနရဲ့ အင်တာနက်စာမျက်နှာပေါ်မှာ တင်ပေးထားတဲ့အတွက် မြန်မာနိုင်ငံမှ သဘာဝဓာတ်ငွေ့ ၀ယ်ယူမှုတန်ဖိုး လစဉ်နဲ့ နှစ်စဉ်ကိန်းဂဏန်းတွေကို ဖော်ပြပေးထားလို့ ဒီဆောင်းပါးရဲ့ အပိုင်း (၂) မှာ ဖော်ပြပေးနိုင်ခဲ့ပါတယ်။ မြန်မာအစိုးရဟာ စီးပွားရေးပြုပြင်ပြောင်းလဲမှုတွေကို အဓိကထားဆောင်ရွက်နေတဲ့ အခုလိုအချိန်အခါမှာ ထိရောက်တဲ့ စီးပွားရေးတိုးတက်မှုရဖို့ဆိုရင် တိုင်းပြည်ရဲ့ ရေရှည်အကျိုးစီးပွားကို ဖော်ဆောင်နိုင်မယ့် နှစ်ရှည်ချေးငွေတွေကို နိုင်ငံတကာ ငွေကြေးအဖွဲ့အစည်းတွေက တဆင့် ချေးယူရရှိနိုင်ဖို့ လိုအပ်ပါတယ်။ ဒီလို နှစ်ရှည်ချေးငွေတွေ ရရှိဖို့ဆိုရင် နိုင်ငံတကာ ငွေကြေးရန်ပုံငွေအဖွဲ့ (International Monetary Fund) နဲ့ ကမ္ဘာ့ဘဏ် (World Bank) တို့ရဲ့ထောက်ခံမှုနဲ့ ပံ့ပိုးမှုတွေ လိုအပ်ပါတယ်။ IMF နဲ့ WB တို့ရဲ့ထောက်ခံမှုဟာလည်း အစိုးရရဲ့ ငွေကြေးဆိုင်ရာမူဝါဒတွေ ဘယ်လောက်ပွင့်လင်းမြင်သာမှုရှိသလဲအပေါ်မှာ မူတည်နေပါတယ်။ အဲ့ဒါကြောင့် ဆွစ်ဇာလန်နိုင်ငံ ဂျနီဗာမြို့ နိုင်ငံတကာအလုပ်သမားအဖွဲ့ချုပ်ညီလာခံမှာ ပြောကြားတဲ့ မိန့်ခွန်းမှာ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က မြန်မာအစိုးရအနေနဲ့  IMF’s Code of Good Practices on Fiscal Transparency လို နိုင်ငံတကာက လက်ခံတဲ့စံနှုန်းတွေကို ကျင့်သုံးဖို့ တိုက်တွန်းခဲ့တာ တွေ့ရတယ်။ အခုလည်း အဖွဲ့ကြီးကို အဓိကငွေကြေးပံ့ပိုးကူညီတဲ့ ဖွံ့ဖြိုးပြီးနိုင်ငံတွေက အလှူရှင်အစိုးရတွေရဲ့ ထောက်ခံပံ့ပိုးမှုနဲ့ ၂၀၀၄ ခုနှစ်ကစလို့ EITI အဖွဲ့ရဲ့လုပ်ငန်းစဉ်တွေကို အကောင်အထည်ဖော်တဲ့နေရာမှာ ကမ္ဘာ့ဘဏ်အုပ်စုဟာ EITI အဖွဲ့ဝင် နိုင်ငံတွေအတွက် နည်းပညာနဲ့ ငွေကြေးဆိုင်ရာ အထောက်အပံ့ပေးတဲ့ အဓိကအဖွဲ့အစည်း ဖြစ်လာပါတယ်။ မြန်မာနိုင်ငံကို EITI Candidate အဖြစ် လက်ခံမယ်ဆိုရင် ရေနံ၊ သဘာဝဓာတ်ငွေ့နဲ့ ဓာတ်သတ္တုတူးဖော်ထုတ်လုပ်ရေး ကဏ္ဍတွေမှာ မြန်မာအစိုးရအနေနဲ့ ပွင့်လင်းမြင်သာမှုရှိရှိ ဆောင်ရွက်လာနိုင်အောင် ကမ္ဘာ့ဘဏ်ရဲ့ နည်းပညာပံ့ပိုးကူညီမှုတွေ ရရှိမှာ ဖြစ်ပါတယ်။ လက်ရှိမှာ EITI အဖွဲ့ကြီးရဲ့ အတွင်းရေးမှူးချုပ်ရုံးကို နော်ဝေနိုင်ငံ အော်စလိုမြို့တော်မှာ အခြေစိုက်ပြီး အဖွဲ့ကြီးရဲ့ နိုင်ငံတကာအလှူရှင်များရဲ့ ရန်ပုံငွေ (Multidonar Trust Fund) ကို ကမ္ဘာ့ဘဏ်က စီမံခန့်ခွဲပါတယ်။ EITI အဖွဲ့ကြီးရဲ့ မူဝါဒစည်းမျဉ်းတွေအတိုင်း အကောင်အထည်ဖော်နေတဲ့ ဒါမှမဟုတ် အကောင်အထည်ဖော်ဖို့ ကြိုးစားနေဆဲ နိုင်ငံ ၃၈ နိုင်ငံရှိနေပါပြီ။ အဲ့ဒီနိုင်ငံတွေထဲမှာ အာဖရိကနိုင်ငံတွေက အများစု ဖြစ်ပါတယ်။ အာဆီယံနိုင်ငံတွေထဲက EITI အဖွဲ့ရဲ့ စည်းမျဉ်းတွေကို အကောင်အထည်ဖော်နေဆဲနိုင်ငံ (အပြည့်အ၀ မဟုတ်သေး) တနိုင်ငံပဲ ရှိပါတယ်။ အဲ့ဒါက အင်ဒိုနီးရှား နိုင်ငံ ဖြစ်ပါတယ်။ နောင်မှာ မြန်မာနိုင်ငံဟာ EITI စည်းမျဉ်းတွေကို လိုက်နာအကောင်အထည်ဖော်ဖို့ ကြိုးစားတဲ့ ဒုတိယမြောက် အာဆီယံ နိုင်ငံ ဖြစ်လာပါလိမ့်မယ်။ မြန်မာပြည်သူတရပ်လုံး ရေရှည်ဖွံ့ဖြိုးတိုးတက်မှုရရှိဖို့နဲ့ အနာဂတ်မျိုးဆက်များပါ ခံစားနိုင်မယ့် သဘာဝရင်းမြစ်များကို အမြော်မြင်ရှိရှိ ထုတ်ယူသုံးစွဲပြီး ပွင့်လင်းမြင်သာမှုနဲ့ တာဝန်ခံမှုရှိတဲ့ အစိုးရတရပ် အမြန်ဆုံးပေါ် ပေါက်လာမှာကို ပြည်သူတွေက ၀မ်းသာအားရကြိုဆိုကြမှာပါ။ ဒါပေမယ့် မြန်မာနိုင်ငံမှာ ဘယ်အစိုးရပဲ အုပ်ချုပ်ပါစေ၊ သဘာဝအရင်းအမြစ်တွေ ထုတ်ယူရောင်းချရငွေကို ဖော်ပြပေးရုံ သက်သက်လုပ်ဆောင်ပြပြီး ပွင့်လင်းမြင်သာမှုရှိကြောင်း ဒင်္ဂါးပြားရဲ့ “ခေါင်း” ဘက်ကို ပြသရုံနဲ့ မလုံလောက်ဘဲ ဒီငွေတွေကို တိုင်းပြည်ရဲ့ ဘယ်ကဏ္ဍတွေမှာ အမြော်အမြင်ရှိရှိ ပြန်လည်ရင်းနှီးမြှုပ်နှံတယ်ဆိုတဲ့ အချက်အလက်တွေကိုလည်း ဖော်ပြပါမှ အစိုးရတရပ်ရဲ့ တာဝန်ခံမှုဆိုတဲ့ ဒင်္ဂါးပြားရဲ့ “ပန်း” ဘက်ကိုပါ ပြည်သူတွေ တွေ့မြင်သိရှိဖို့ လိုအပ်တဲ့အကြောင်း တင်ပြလိုက်ပါတယ်။

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024