Home
အထွေထွေ
လူထုလက်စားချေခြင်းရဲ့ သင်္ကေတမုန့် (သုတကဖေး)
DVB
·
September 7, 2018
လူထုလက်စားချေမုန့်ဆိုတာ တကယ်ရှိသလား..တဲ့။ ရှိတာပေါ့။ လူဆိုတာ အထက်အရာရှိပဲဖြစ်ဖြစ်၊ အုပ်ချုပ်သူ မင်းကိုပဲဖြစ်ဖြစ် အဆုံးစွန်ဆုံး မိဘကို သားသမီးက မကျေနပ်တာပဲဖြစ်ဖြစ် ရှိတတ်ကြတာ ဓမ္မတာပဲ။ အဲဒီလို မကျေနပ်တဲ့အခါ အမူအရာနဲ့ဖြစ်စေ၊ စကားအရဖြစ်စေ၊ ကိုယ်ထိလက်ရောက် တုံ့ပြန်တာပဲဖြစ်စေ ပြုလုပ်တတ်ကြပါတယ်။ သူ့ရင်ထဲက ဆန္ဒတွေ၊ ခံစားရတာတွေကို တနည်းနည်းနဲ့ ဖော်ပြတတ်ကြတယ်။ ဒီလိုနဲ့ မကျေနပ်မှုကို ဖော်ပြရာက ဝေါဟာရအသစ်တွေ ပေါ်လာတာကိုလည်း တွေ့ရတယ်။ ဘွိုင်းကောက် (Boy Cott) ဆိုတဲ့ ဝေါဟာရဆိုပါစို့။ မူလအစကတော့ အခွန်ငွေကောက်သူတဦးရဲ့ ကိုယ်ပိုင်အမည် (Proper Noun)။ မစ္စတာဘွိုင်းကောက်ပေါ့။ ၁၈၈၀ လောက်က ကက်ပတိန်ဘွိုင်းကောက်ဟာ မြေခွန်ကို ၁၀ ရာခိုင်နှုန်း ဆောင်နေရာကနေ ၂၅ ရာခိုင်နှုန်းထိ တိုးကောက်လိုက်တယ်။ သီးနှံအထွက် ကျဆင်းရတဲ့အထဲ အခွန်တိုးကောက်တာကို မကျေနပ်ကြဘူး။ အဲဒီလို မကျေနပ်တာကို ဆန့်ကျင်ကြတာ။ ကြာလာတော့ နေရာအနှံ့ ဘွိုင်းကောက်နာမည်နဲ့ ဆန့်ကျင်တဲ့စာတွေ ကပ်ကြ၊ သူ့ပုံတွေချိတ်ပြီ်း ဆန့်ကျင်ကြတယ်။ အဲဒါကို New-York Tribune သတင်းထောက် ဂျိမ်းစ် ရက်ဒ်ပတ်သ် (James Redpath) က ဒီလိုဆန့်ကျင်တာကို “ဘွိုင်းကောက်လုပ်တယ်” လို့ ရေးရာကစပြီး မကျေနပ်တဲ့ အဓိပ္ပာယ်အဖြစ် သက်ရောက်သွားခဲ့တော့တာပါပဲ။ ဒါဟာ လူထုမကျေနပ်ရာက ဖြစ်ပေါ်လာတဲ့ ဝေါဟာရအကြောင်းပါ။ မြန်မာမှာတော့ အစပြုခဲ့တာက ဆန္ဒပြတာ၊ သပိတ်မှောက်တဲ့ ဝေါဟာရ အသုံးမပြုမီကတော့ “ဇဒိုက်ကြီး” ဆိုပြီး အင်္ဂလိပ် Strike ကို အသံဖလှယ်ပြီး အသုံးပြုခဲ့တာ။ နောက် ၁၉၂၀ တက္ကသိုလ်ကျောင်းသားသပိတ်မှာတော့ "ဘွိုင်းကောက်” လို့ အော်ပြီး ဆန့်ကျင်ခဲ့ကြတာ။ “သပိတ်မှောက်ဆိုတဲ့ ဝေါဟာရကတော့ ၁၉၂၂ ခုနှစ် သရက်မှာကျင်းပတဲ့ ဂျီစီဘီအေ ဂျင်နရယ်ကောင်စီ စည်းဝေးပွဲမှာ ဒိုင်အာခီကို လက်မခံသူတွေက “သပိတ်မှောက်တယ်” လို့ အသုံးပြုရာက ပေါ်ထွက်လာခဲ့တယ်လို့ ဆိုစကားရှိတယ်။ အဲဒီလိုပဲ လူထုဟာ သူတို့မကျေနပ်ချက်ကို နည်းမျိုးစုံနဲ့ တုံ့ပြန်ကြရာက အုပ်ချုပ်သူအပေါ် ဆန့်ကျင်တဲ့ ဝေါဟာရတွေလည်း ပေါ်ထွက်လာခဲ့သလို အခြားနည်းနဲ့ လက်စားချေ တုံ့ပြန်မှုတွေလည်း ပေါ်ထွက်လာတတ်တာပါပဲ။ မြန်မာရာဇဝင်မှာလည်း ပန်းပဲမောင်တင့်တယ်ကို နန်းလုမယ်အထင်နဲ့ ဘုရင်လုပ်သူက ဖိုထိုးသတ်တော့ ညီမဖြစ်သူကပါ မီးထဲခုန်ဆင်း အသေခံသွားရရှာတယ်။ ဒါနဲ့ပတ်သက်ပြီး ဘုရင်ကို မကျေနပ်တဲ့သူတွေက လူထုနည်းနဲ့ ဆန့်ကျင်တဲ့အနေနဲ့ အိမ်ထဲမှာ နတ်အဖြစ် တည်ထားကိုးကွယ်ရာက အိမ်တွင်း မင်းမဟာဂီရိနတ်ဆိုတာ ဖြစ်လာခဲ့တာပဲ။ ဒါ လူထုမကျေနပ်မှုကို သူ့အတိုင်းအတာနဲ့သူ ဖော်ထုတ်ခဲ့ကြတာ။ ဟိုတုန်းကဆို ဗိုလ်နေဝင်းကို မကျေနပ်တဲ့ ကျောင်းသားတွေက ဗိုလ်နေဝင်းအရုပ်လုပ်ပြီး မီးရှို့ဆန္ဒပြတာတွေ ရှိခဲ့ဖူးတယ်။ အခုခေတ်ကို ကြည့်ပြန်တော့လည်း အဓမ္မ မြေသိမ်းခံ လယ်သမားတွေက မြေသိမ်းစစ်တပ်ကို မကျေနပ်တော့ သူတို့တတ်နိုင်တဲ့နည်းနဲ့ “ကြိမ်စာတိုက်” တယ်ဆိုပြီး ဆန့်ကျင်ပြကြတယ်။ မကျေနပ်ချက်ကို ဒီနည်းနဲ့ ဖော်ထုတ်ကြတာ။ တဆက်တည်း တရုတ်ပြည် စုန့်မင်းဆက်ကာလက အဖြစ်အပျက်လေးတခု ပြောချင်သေးတယ်။ ကျန်စစ်သားတို့နဲ့ ခေတ်ပြိုင်ဆိုတော့ လွန်ခဲ့တဲ့ နှစ်ပေါင်း ၁၀၀၀ ခန့်ကလို့ ဆိုကြပါစို့။ တရုတ်ပြည်တောင်ပိုင်းဆိုတော့ ဖုကျန့်နဲ့ ကောင်းတုံ တခုခုပဲဖြစ်မှာပါ။ စုန့်မင်းလက်ထက်မှာ တရုတ်စစ်သူကြီး သူရဲကောင်း ယွဲ့ဖေးဆိုတာ ရှိတယ်။ အဲဒီခေတ်က  သူရဲကောင်းကိုးကွယ်တဲ့ ကာလဆိုတော့ စစ်သူကြီးယွဲ့ဖေးကို ပြည်သူလူထုက သိပ်ချစ်မြတ်နိုးကြသတဲ့။ သူနဲ့အပြိုင်ဖြစ်ပြီး သူ့ကို မနာလို မုန်းထားသူကလည်း ရှိတာပေါ့။ အဲဒီလူက အမတ်ကြီး ချင်ဟွေးဆိုသူပေါ့။ အချို့မှတ်တမ်းတွေကတော့ အမတ်ချုပ်ကြီးလို့ ဆိုကြတယ်။ အဲဒီအမတ်ချုပ်ကြီး ချင်ဟွေးဟာ ကြုံရင်ကြုံသလို ဘုရင်ကို ကုန်းတိုက်သတဲ့။ ယွဲ့ဖေးဟာ ဘုရင်ကိုပုန်ကန်ဖို့ လူသူလက်နက် စုရုံးနေသယောင်ယောင်ပေါ့။ တိုက်ပါများတော့ ကျောက်ငုတ်တောင် နဲ့လာတယ်ဆိုသလို ဘုရင်က ရန်တိုက်စကားကိုယုံပြီး ယွဲ့ဖေးကို ဖမ်းမိန့်ပေးပြီး သတ်ဖို့ စီရင်ချက်ချလိုက်တော့တယ်။ အဲဒီမှာပဲ ချင်ဟွေးဟာ အကွက်ဆိုက်လာပြီး ယွဲ့ဖေးကို ဖမ်းဆီးပြီး ဖုန်ပိုနန်းဆောင် (Feng Bo Pavillion) ထဲမှာ သတ်ဖို့ အမိန့်ထုတ်ပြန်လိုက်တယ်။ အဲဒီအချိန် ဖုန်ပိုနန်းဆောင်အနီးမှာ စားသောက်ဆိုင်တဆိုင်ရှိတယ်။ သူတို့မြို့မှာတော့ နာမည်ကြီး စားသောက်ဆိုင်ပေါ့။ ဆိုင်ထဲမှာလည်း လူက ပြည့်လျှံနေသတဲ့။ အဲဒီဆိုင်မှာ အကောင်းဆုံး အစားအစာအဖြစ် ထင်ရှားတာက ဂျုံမုန့်လုံးကျော်ပေါ့။ နာမည်ကြီးမယ်ဆိုလည်း ကြီးလောက်တယ်။ မုန့်ဆရာက သူ့စိတ်ကြိုက် ဂျုံသားကောင်းကောင်း ၂၀၀ ဂရမ်ထဲကို မုန့်ဖုတ်ပေါင်ဒါမှုန့် (Baking Powder) ၂ ဇွန်းခွဲ၊ ဆီ ၃ ဇွန်း၊ ရေ ၃ ခွက်၊ ဆား ဇွန်းတခုရဲ့ ၇ ပုံ ၁ ပုံ၊    တဆေးနဲ့ သကြားကတော့ ၁ ဇွန်းသာသာထည့်ပြီး အသားကျအောင်နယ်ပြီး ၃ နာရီကြာအောင် နှပ်ထားတာကိုး။ ဖောက်သည်လာတော့မှ အသင့် အနေတော် လုံးထားတာလေးတွေကို ကြော်ပေးတယ်လို့ ဆိုပါတယ်။ အဲဒီနေ့ကတော့ ယွဲ့ဖေး ကွပ်မျက်မယ်ဆိုတဲ့ သတင်းကြောင့် အခြေအနေ စောင့်ကြည့်တဲ့လူတွေလည်း လာကြသတဲ့။ သူ့စားသောက်ဆိုင်မှာ လူတွေအပြည့်ပေါ့။ အဲဒီလူတွေက ထိုင်သာနေတယ် ဘာမှ မှာမစားကြသေးဘူး။ အားလုံးက ငြိမ်ပြီး စောင့်ကြည့်နေကြသတဲ့။ အဲဒီအချိန်မှာပဲ ယွဲ့ဖေးကို ကွပ်မျက်လိုက်ပြီဆိုတဲ့သတင်း ကြားလိုက်ရတော့ လူတယောက်က “ဟေ့ ချင်ဟွေးတို့လင်မယားကို ဆီထဲထည့်ပြီး ကြော်စားကြမဟေ့” လို့ အော်ဟစ်ရင်း ဂျုံလုံးတခုကို အညီအမျှ နှစ်ခြမ်းခွဲပြီး လူရုပ်နှစ်ရုပ်လုပ်ကာ ပူးကြော်လိုက်သတဲ့။ ကျန်လူတွေကလည်း သူ့လို လိုက်လုပ်ရင်း ကျွတ်ကျွတ်ဝါးစားပြီး လက်စားချေကြသတဲ့။ အေးလေ လူထုဆိုတာ ဒါပဲတတ်နိုင်တာကိုး။ အဲဒီကနေ ချင်ဟွေးတို့ လင်မယားမုန့်အဖြစ် ပေါ်ထွက်လာခဲ့တာပါ။ အမတ်ကြီး ချင်ဟွေးကို လက်စားချေခြင်းမုန့်ပေါ့။ အစကတော့ သူ့နာမည်က ယို့ကြာဟွေး (You Zha Gui) ပေါ့။ နောက် ကာလရွေ့လျောလာတော့ ဟွေးကနေ ကွေးဖြစ်သွားတယ်လို့ ဆိုရိုးရှိပါတယ်။ ကွေးဆိုတာ ဆီကြော်လို့ အဓိပ္ပာယ်ရသတဲ့။ အခုခေတ်မှာတော့ နိုင်ငံအတော်များများမှာ ရှိနေတဲ့ သရေစာမုန့်ပါ။ အချို့နိုင်ငံတွေကတော့ You Ti Ao, Chinese Oil stick, Chinese Doughnut လို့လည်း ခေါ်ကြတယ်။ စင်ကာပူ၊ မလေး၊ အင်ဒိုတို့ကတော့ Char Kway, Cakwe Kuch, Kuay လို့လည်း ခေါ်ကြပါတယ်။ သူ့ဒေသနဲ့သူပေါ့။ ဘယ်လိုပဲဖြစ်ဖြစ် ဒီဖြစ်ရပ်ကိုကြည့်ပြီး လူထုဒဏ်ခတ်တာကို ခံရပြီဆိုရင် သမိုင်းတခုအဖြစ် တင်ကျန်ရစ်ပြီး ဒေသအနှံ့ နာမည်ဆိုးနဲ့ ကျော်ကြားခဲ့ရတာပါပဲ။ လူထုမကျေနပ်ချက်ရဲ့ ဒဏ်ခတ်မှုဟာ ကမ္ဘာတည်သရွေ့ တင်ကျန်ရစ်စမြဲပါ။ အခုဆိုရင် ချင်ဟွေးတို့လင်မယားဟာ နှစ်ပေါင်း ၁၀၀၀ ကြာညောင်းခဲ့ပြီဆိုပေမယ့် သူတို့ကိုယ်စား အီကြာကွေးဆိုတဲ့ သရေစာဟာ လူထုလက်စားချေရာ သင်္ကေတမုန့်အဖြစ် စာဖတ်သူကိုယ်တိုင် သိရှိခံစားနေရပြီ မဟုတ်ပါလား။ နောင်နှစ်ပေါင်း ဘယ်လောက်ကြာကြာ လက်စားချေဒဏ်ခတ်ခြင်း သင်္ကေတအဖြစ် တည်မြဲနေမယ်ဆိုတာ ခန့်မှန်းလို့ မရနိုင်တော့ကြောင်းပါ။ ဆရာဋ္ဌေး
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024