Home
မြန်မာသတင်း
စက်ယန္တရားကြီးများဖြင့် တရားမဝင် ကျောက်စိမ်းတူးသူများကို ဖမ်းဆီး
DVB
·
September 6, 2018
ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ် မမုံကျေးရွာနဲ့ မက်လင်ချောင်ကျေးရွာအနီးက သက်တမ်းကုန်တဲ့ ကျောက်စိမ်းလုပ်ကွက်ထဲမှာ စက်ယန္တရားတွေနဲ့ တရားမဝင် ကျောက်စိမ်းတူးသူတွေကို တပ်မ ၃၃ နဲ့ လုပ်ကွက်လုံခြုံရေး ရဲတပ်ရင်းတို့က စက်တင်ဘာ ၅ ရက် ညနေ ၄ နာရီလောက်က ဖမ်းဆီးလိုက်တယ်လို့ သိပါတယ်။ တရားမဝင် ကျောက်စိမ်းတူးဖော်နေတဲ့ ဘက်ဟိုး ၈ စီးနဲ့ စက်ပျက်နေတဲ့ မြေသယ်ကား ၁ စီးတို့ကို တပ်မတော်အင်အား နှစ်ဆယ်လောက်နဲ့ လုံခြုံရေး ရဲတပ်ဖွဲ့အင်အား ၁၅ ဦးလောက်က ပူးပေါင်းဖမ်းဆီးခဲ့တာလို့ မျက်မြင်တွေ့ရှိသူတဦးက ဒီဗွီဘီကို ပြောပါတယ်။ လူဘယ်နှယောက် ပါသွားတယ် ဆိုတာကိုတော့ အတိအကျ မသိရဘူးလို့လည်း ဆိုပါတယ်။ တရားမဝင် ကျောက်စိမ်းတူးဖော်တဲ့ နေရာဟာ ရတနာတောင်တန်းကုမ္ပဏီရဲ့ သက်တမ်းကုန် လုပ်ကွက်ဟောင်းဖြစ်ပြီး အဲဒီလုပ်ကွက်အနီးကပဲ ၂၀၁၆ ခုနှစ် အန်အယ်လ်ဒီ အစိုးရလက်ထက်မှာ တန် ၃၀၀ ကျော်ရှိတဲ့ ကမ္ဘာ့အကြီးဆုံး အရည်အသွေးမြင့် ကျောက်စိမ်းတုံးကြီးကို တူးဖော်ရရှိခဲ့တဲ့ နေရာလို့လည်း ဆိုပါတယ်။ အခုလို ဖမ်းဆီးခဲ့တာနဲ့ ပတ်သက်လို့ ဖားကန့်မြို့အခြေစိုက် တပ်မ ၃၃ နဲ့ ဖားကန့်မြို့မ ရဲစခန်းကို ဒီဗွီဘီက ဆက်သွယ်ခဲ့ပေမယ့် ဆက်သွယ်မရခဲ့ပါဘူး။ ဒီသတင်းနဲ့ပတ်သက်ပြီး ဖားကန့်မြို့နယ်ရဲတပ်ဖွဲ့မှူးကို ဆက်သွယ်မေးမြန်းရာမှာ ဖမ်းဆီးတာ ဟုတ်မှန်ကြောင်း၊ စစ်ဆေးနေဆဲဖြစ်လို့ သတင်းအချက်အလက် အသေးစိတ်ကို ထုတ်ပြန်လို့ မရနိုင်သေးကြောင်း အတည်ပြုပြောပါတယ်။ သတင်း၊ ဓာတ်ပုံ - ဇော်မိုးထက် (ဖားကန့်)
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024