Home
မြန်မာသတင်း
ကမ္ဘာကျော်ဂုတ်ထိပ်တံတားနှင့်အပြိုင် အမြင့်ဆုံးဖြစ်လာမည့် တံတားသစ် တည်ဆောက်မည်
နေဖြိုးဝင်း
·
September 5, 2018
ကမ္ဘာကျော်ဂုတ်ထိပ်တံတားနဲ့အပြိုင် မြန်မာမှာ အမြင့်ဆုံးဖြစ်လာမယ့် ချဉ်းကပ်တံတားသစ်တစင်း တည်ဆောက်သွားမယ်လို့ ဆောက်လုပ်ရေး ဒုဝန်ကြီးက ပြောပါတယ်။ ချဉ်းကပ်တံတားသစ်ဆောက်မယ့် နေရာဟာ ကမ္ဘာကျော်ဂုတ်ထိပ်တံတားကြီးကနေ ၆၉၆ မီတာ ကွာဝေးတယ်လို့ ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးကျော်လင်းက ဆိုပါတယ်။ ဒါအပြင် နောင်ချိုမြို့ရှောင်လမ်း လည်း ဖောက်လုပ်သွားမယ်လို့ ဆိုပါတယ်။ ရှမ်းပြည်နယ် (မြောက်ပိုင်း) မဲဆန္ဒနယ်က ဦးစိုင်းအုန်းကျော်မေးမြန်းတဲ့ ကျောက်မဲခရိုင်အတွင်းရှိ နောင်ချိုမြို့ ရှောင်လမ်းစီမံကိန်း သို့မဟုတ် ဂုတ်တွင်းတံတားသစ် ချဉ်းကပ်လမ်း စီမံကိန်းနဲ့ပတ်သက်ပြီး သိရှိလိုကြောင်း မေးခွန်းကို အခုလို ပြန်လည်ဖြေဆိုတာဖြစ်ပါတယ်။ "တံတားပြီးတဲ့အချိန်မှာ ကမ္ဘာကျော်ဂုတ်ထိပ်တံတားကိုလည်း ယှဉ်တွဲပြီး မြင်တွေ့ရမှာဖြစ်တဲ့အတွက် ကမ္ဘာလှည့်ခရီးသွားတွေကိုလည်း ဆွဲဆောင်နိုင်မယ့် စီမံကိန်းတဖြစ်ပါတယ်။ တံတားတည်ဆောက်မယ့် ပုံစံကလည်း မြန်မာနိုင်ငံမှာ တကြိမ်မှ မဆောက်ဘူးသေးတဲ့ Balance Cantilever Method ကို Cable Stayed နဲ့ ပေါင်းစပ် တည်ဆောက်မှာဖြစ်ပါတယ်။ တံတားတိုင်ရဲ့အမြင့်က ပျှမ်းမျှ ၆၀၀ ပေခန့်မြင့်မှာဖြစ်တဲ့အတွက် မြန်မာနိုင်ငံမှာ အမြင့်ဆုံးတံတားဖြစ်လာမှာ ဖြစ်ပါတယ်" လို့ ဦးကျော်လင်းက ပြောပါတယ်။ ဒီင်္တံတားစီမံကိန်းနဲ့ မြို့ရှောင်လမ်းကို အစိုးရရန်ပုံငွေနဲ့ ဆောက်လုပ်မှာမဟုတ်ဘဲ BOT စနစ်နဲ့ ဆောင်ရွက်သွားမှာဖြစ်ပြီး ၀န်ကြီးဌာနအနေနဲ့လည်း စီမံကိန်းကို အမြန်ဆုံးဆောင်ရွက်သွားလိုတယ်လို့ ဆိုပါတယ်။ "အခုဆောင်ရွက်မယ့် လမ်းနဲ့ တံတားစီမံကိန်းကို နိုင်ငံပိုင်ရန်ပုံငွေနဲ့ ဆောင်ရွက်မှာမဟုတ်ဘဲ Oriental High way Co.,Ltd ပိုင် ငွေကြေးနဲ့ စိုက်ထုတ်ဆောင်ရွက်သွားမှာဖြစ်ပြီး ခန့်မှန်းခြေ ကျပ် ၄၀ ဘီလီယံနဲ့ အမေရိကန် ဒေါ်လာ ၁၂၀ ဒသမ ၇၇ သန်း ကုန်ကျမှာဖြစ်ပါတယ်" လို့ ဒုတိယ၀န်ကြီးက ပြောပါတယ်။ နောင်ချိုမြို့ရှောင်လမ်းနဲ့ ဂုတ်တွင်းတံတားသစ် စီမံကိန်းဧရိယာအတွင်းပါသွားတဲ့ တောင်သူ ၂၈၃ ဦးရဲ့ စိုက်ပျိုး မြေ ၄၆၃ ဒသမ ၃၈ အတွက် ၂၀၁၇-၁၈ ဘဏ္ဍာနှစ် ပြည်ထောင်စုငွေလုံးငွေရင်းကနေ ၆ ဒသမ ၁၇၃ ဘီလီယံ ရရှိခဲ့ပြီး လျော်ကြေးပေးတာတွေ ပြုလုပ်နေတယ်လို့ ဆိုပါတယ်။ ဒီလိုလျော်ကြေးပေးတာမှာ တောင်သူ ၂၂၁ ဦးက သဘောတူလို့ မြေ ၃၄၄ ဒသမ ၂ ဧကအနက် တောင်သူ ၂၁၄ ဦးရဲ့ မြေ ၃၃၃ ဒသမ ၈၁ ဧကအတွက် ၄ ဒသမ ၄၁၇ ဘီလီယံ လျော်ပြီးပေမယ့် သဘောတူလက်မခံတဲ့ တောင်သူ ၆၂ ဦးရဲ့ မြေ ၁၁၉ ဒသမ ၁၈ ဧကအတွက်ကိုလည်း လျော်ကြေးပေးချေနိုင်ဖို့ ဒေသခံလွှတ်တော်ကိုယ်စားလှယ်တွေက ညှိနှိုင်းဆောင်ရွက်ပေးဖို့ ဒုတိယ၀န်ကြီးက တင်ပြခဲ့ပါတယ်။ သဘောတူလက်မခံတဲ့ တောင်သူတွေ လျော်ကြေးလက်ခံရင် စီမံကိန်းကို ချက်ချင်းစတင်နိုင်မှာဖြစ်ပြီး စတင်ချိန်ကနေ ၃ နှစ်ခွဲအတွင်း ပြီးစီးအောင် ဆောင်ရွက်သွားမယ်လို့ ဆိုပါတယ်။ လျော်ကြေးညှိနှိုင်းမရပါက ၁၈၉၄ မြေသိမ်းအက်ဥပဒေနဲ့အညီ ဆောင်ရွက်ခွင့်ပြုဖို့ကိုလည်း ရှမ်းပြည်နယ်အစိုးရအဖွဲ့က ပြည်ထောင်စုအစိုး ရအဖွဲ့ကို တင်ပြထားတယ်လို့ ပြောပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024