Home
မြန်မာသတင်း
မြောက်ပိုင်းမဟာမိတ် ၃ ဖွဲ့နှင့် ငြိမ်းချမ်းရေးကော်မရှင် ပထမဆုံးအကြိမ် တွေ့ဆုံ
နော်နိုရင်း
·
September 5, 2018
မြန်မာ့ငြိမ်းချမ်းရေးဖြစ်စဉ်မှာ ပါဝင်နိုင်ရေး မြောက်ပိုင်းမဟာမိတ် ၃ ဖွဲ့နဲ့ ငြိမ်းချမ်းရေးကော်မရှင်တို့ တရုတ်နိုင်ငံမှာ ပထမဆုံးအကြိမ် တွေ့ဆုံ ဆွေးနွေးခဲ့ကြပါတယ်။ မြောက်ပိုင်းမဟာမိတ် ၃ ဖွဲ့ ဖြစ်တဲ့ ကိုးကန့် (အမ်အန်ဒီအေအေ)၊ တအာင်း (တီအန်အယ်လ်အေ)၊ ရက္ခိုင့်တပ်မတော် (အေအေ) နဲ့ ပြည်ထောင်စုငြိမ်းချမ်းရေးကော်မရှင်တို့ ဒီကနေ့ တရုတ်နိုင်ငံ ကူမင်းမြို့မှာ တွေ့ဆုံဆွေးနွေးခဲ့ကြတာပါ။ ဒီဆွေးနွေးပွဲမှာ လက်ရှိ မြန်မာနိုင်ငံဖော်ဆောင်နေတဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ ပါဝင်နိုင်ရေး တွေ့ဆုံဆွေးနွေးခဲ့ကြတာလို့ တီအန်အယ်လ်အေပြောခွင့်ရသူ ဗိုလ်မှူး မိုင်းအိုက်ကျော်က ပြောပါတယ်။ “ဒီတွေ့ဆုံတဲ့ ကိစ္စကတော့ ဒီငြိမ်းချမ်းရေးဖြစ်စဉ်မှာ  ကျနော်တို့ တခါမှမတွေ့ဖြစ်ဘူး။ အခုမှပဲ ဒီငြိမ်းချမ်းရေးဖြစ်စဉ်မှာ ဘယ်လိုဆောင်ရွက်ကြမလဲ အဲဒါကို တဖက်နဲတဖက် အမြင်ချင်း ဖလှယ်ကြတာပေါ့။ အဲဒါကြောင့်မို့ ဒီနေ့ သဘောတူညီချက်ကတော့  နောက်တကြိမ်၊ နောက်တလ ပြန်ပြီးတွေ့ဆုံမယ်လို့ အဲလိုမျိုး သဘောတူထားပါတယ်။” တရုတ်အစိုးရရဲ့ အာရှရေးရာ အထူးကိုယ်စားလှယ် မစ္စတာ ဆွန်ကော်ရှန်းအကူအညီနဲ့ ပြည်ထောင်စုငြိမ်းချမ်းရေးကော်မရှင်ဒု-ဥက္ကဋ္ဌ ဦးသိန်းဇော်၊ အတွင်းရေးမှူး ဦးခင်ဇော်ဦး အပါဝင် အဖွဲ့ဝင်တွေ တက်ရာက်ဆွေးနွေးခဲ့တာပါ။ လက်ရှိမှာတော့ ရှမ်းပြည်မြောက်ပိုင်းမှာ တအာင်းအမျိုးသားလွတ်မြောက်ရေး တပ်မတော် (တီအန်အယ်လ်အေ) နဲ့ တပ်မတော်အကြား၊  တီအန်အယ်လ်အေ၊ SSPP/SSA ရှမ်းပြည်တိုးတက်ရေးပါတီနဲ့ အန်စီအေ လက်မှတ်ထိုးထားတဲ့ ရှမ်းပြည်တပ်မတော် RCSS/SSA တို့ကြား တိုက်ပွဲတွေဖြစ်ပွားနေပါတယ်။ မြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့ ၇ ခုထဲက တပ်ဖွဲ့တခုဖြစ်တဲ့  ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ ကေအိုင်အိုနဲ့ တပ်မတော်တို့လည်း ပြီးခဲ့တဲ့ သြဂုတ်လဆန်းပိုင်းက တရုတ်နိုင်ငံမှာ တွေ့ဆုံဆွေးနွေးခဲ့ကြပေမယ့် ဆွေးနွေးတာ မအောင်မြင်ခဲ့ပါဘူး။ အခုတခါ အစိုးရငြိမ်းချမ်းရေးကော်မရှင်က မြောက်ပိုင်းတပ်ဖွဲ့ဝင် ၃ ခုနဲ့ သီးခြားစီ တွေ့ဆုံ ဆွေးနွေးလာပြန်တာ ဖြစ်ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024