Live
Home
မြန်မာသတင်း
ဘွက်ကြီးရေလှောင်တမံ နိမ့်ကျပြီး ကလိုင်ပေါက်များဖြစ်နေဟု လွှတ်တော်ကိုယ်စားလှယ်ပြော
ပိုင်စိုး
·
September 5, 2018
မကွေးတိုင်း၊ အောင်လံမြို့နယ်၊ ဘွက်ကြီးရေလှောင်တမံမှာ တမံသားနိမ့်ကျတာနဲ့ ကလိုင်ပေါက်တွေ ဖြစ်နေတယ်လို့ တိုင်းလွှတ်တော်ကိုယ်စားလှယ်က ပြောပါတယ်။ မိုးဆက်တိုက်ရွာသွန်းခဲ့ပြီးနောက် အခုလို ဖြစ်ခဲ့ပြီး နေပြည်တော်က တာဝန်ရှိသူတွေပါ မနေ့က လာရောက်ကြည့်ရှုခဲ့တယ်လို့ အောင်လံမြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဦးအေးကျော်က ပြောပါတယ်။ “တိုင်းက လယ်ဆည်ဝန်ကြီးရယ်၊ နေပြည်တော်က ဒုချုပ်ရယ် သွားကြည့်ကြပါတယ်။ တာဘောင်ရဲ့ အလယ်လောက်မှာ အလျားက ပေ ၁၅၀ လောက်၊ အနံက ပေ ၃၀ လောက်က အနက် ၃ ပေလောက် နိမ့်ကျသွားပါတယ်။ အဲနားမှာပဲ ထူးပေါက်လို့ ခေါ်တဲ့ ကလိုင်ပေါက်တွေ ၃၊ ၄ ပေါက်တွေ့ပါတယ်။ အဲဒီနေရာတွေက ရေစိမ့်ထွက်တာတော့ မတွေ့ပါဘူး” လို့ ပြောပါတယ်။ မိုးက လက်ရှိအချိန်ထိ ဆက်တိုက်ရွာနေတာကြောင့် ကျွံကျမှာစိုးလို့ အကာအရံတွေ လုပ်ထားတယ်လို့လည်း သူက ဆက်ပြောပါတယ်။ “အဲဒီနိမ့်သွားတဲ့ နေရာကို ရေမဝင်အောင်၊ ရေအိုင်မဖြစ်အောင် ဝါးနဲ့ ငြမ်းဆင်ပြီး ထရံလိပ်ပေါ်က မိုးကာတွေ တင်ထားပါတယ်။ သဲအိတ်တွေလည်း ကာထားပါတယ်။ ဘာတွေ လုပ်ရမယ်ဆိုတာကို နေပြည်တော်က အင်ဂျင်နီယာ ဒုချုပ်က သူ့လူတွေကို ညွှန်ကြားထားပါတယ်” လို့ ဆိုပါတယ်။ အင်ဂျင်နီယာနဲ့ ပညာရှင်တွေကတော့ စိုးရိမ်ရာမရှိဘူးပြောထားပြီး သူ့ရဲ့ အရပ်သား အမြင်အရတော့ သတိထားရမယ့် အခြေအနေဖြစ်တာကြောင့် အနားရွာက လူတွေကို သတိပေးထားတယ်လို့လည်း ဆက်ပြောပါတယ်။ ဆည်နဲ့အနီးဆုံးမှာ ရွာ ၂ ရွာရှိပြီး တာဘောင်နိမ့်ကျတဲ့ အောက်ဘက်မှာ ရွာ ၁၀ ရွာလောက် ရှိတယ်လို့လည်း ဦးအေးကျော်က ပြောပါတယ်။ ဘွက်ကြီးဆည်ဟာ ဒီနေ့မနက်မှာ ရေပိုလွှဲက ရေ ၁ ဒသမ ၆ ပေကျော်နေတယ်လို့ ဆည်မြောင်းဌာနက ထုတ်ပြန်ထားပါတယ်။ ဓာတ်ပုံ - ချစ်ဖြိုးကို

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024