Home
မြန်မာသတင်း
ဂျပန်နှင့်တောင်ကိုရီးယား နိုင်ငံသားများ ရှိုးမန်းနီးနှင့် လေယာဉ်လက်မှတ် ပြစရာမလိုတော့
ရွှေအောင်
·
September 5, 2018
ဂျပန်နဲ့ တောင်ကိုရီးယားနိုင်ငံသားတွေ မြန်မာပြည်လာလည်ရင် ရှိုးမန်းနီး အမေရိကန်ဒေါ်လာ ၁၀၀၀ ပြရမယ်ဆိုတဲ့အချက်နဲ့ အပြန်ခရီးအတွက် လေယာဉ်လက်မှတ်ပြရမယ်ဆိုတဲ့ အချက် ၂ ချက်ကို ပယ်ဖျက်လိုက်ပါတယ်။ တိုကျိုမြို့ရှိ မြန်မာသံရုံးရဲ့ထုတ်ပြန်ချက်အရ အပြည်ပြည်ဆိုင်ရာ ဝင်/ထွက်ပေါက်များ အဖြစ် သတ်မှတ်ထားတဲ့  ရန်ကုန်၊ မန္တလေး၊ နေပြည်တော် လေဆိပ်တွေ၊ မြန်မာ-ထိုင်း နယ်စပ်ရှိ အပြည်ပြည်ဆိုင်ရာ ကုန်ပိုင်း ဝင်/ထွက်ပေါက်များ ဖြစ်တဲ့ တာချီလိတ်၊ မြဝတီ၊ ကော့သောင်း၊ ထီးခီးတို့ကနေ ၀င်ခွင့်ပြုမယ်။ အလည်အပတ် ဝင်ရောက်ခြင်းအတွက်သာ ခွင့်ပြုမှာဖြစ်ပြီး Tourist Visa တမျိုးတည်း အတွက်သာ ဖြစ်တယ်။ Tourist Visa (အခမဲ့) နဲ့ ဝင်ရောက်လာတဲ့ ဂျပန်နဲ့  တောင်ကိုရီးယားနိုင်ငံသား သာမန် နိုင်ငံကူးလက်မှတ်ကိုင်သူတွေကို ရက် ၃၀ နေထိုင်ခွင့်ပြုမှာဖြစ်ပေမယ့် နေခွင့်သက်တမ်း တိုးမြှင့်ပေးဖို့  လျှောက်ထားခြင်းကို ခွင့်ပြုမှာ မဟုတ်ပါဘူး။ တဦးချင်းနဲ့ အုပ်စုလိုက် လာလည်မယ့်သူတွေကို ဗီဇာ ကင်းလွတ်ခွင့်နဲ့ ဝင်ခွင့်ပြုမှာဖြစ်ပြီး ဘယ်ဌာန၊ အဖွဲ့အစည်း၊ ခရီးသွားကုမ္ပဏီတို့ရဲ့ ထောက်ခံချက် တင်ပြဖို့ မလိုဘဲ အလည် အပတ် ခရီးစဉ်အတွက်သာ ဝင်ရောက်တာ ဖြစ်ကြောင်း ခရီးသည်က  တာဝန်ခံရမယ်။ မြန်မာနိုင်ငံရဲ့  တည်ဆဲ ဥပဒေ၊ လုပ်ထုံးလုပ်နည်းများကို လေးစား လိုက်နာရမှာဖြစ်ပြီး လုံခြုံရေးအရ ကန့်သတ်ထားတဲ့ နယ်မြေမှအပ နိုင်ငံခြားသားတွေ သွားလာခွင့်ရှိတဲ့ နေရာတွေ ကို လွတ်လွတ်လပ်လပ် သွားလာနိုင်ကြမှာ ဖြစ်ပါတယ်။ ပြည်ဝင်ဗီဇာ ကင်းလွတ်ခွင့်နဲ့ ဝင်ရောက်ဖို့  ဆိုက်ရောက်လာသူတွေကို သက်ဆိုင်ရာ လုံခြုံရေးဌာန၊ အဖွဲ့အစည်းနဲ့  လူဝင်မှု ကြီးကြပ်ရေး ဦးစီးဌာနတို့က စိစစ်ပြီး ဝင်ခွင့်မပြုနိုင်သူ ဖြစ်ရင်  ဝင်ရောက်ခွင့်ကို ငြင်းပယ်ခြင်းခံရမှာ ဖြစ်ပါတယ်။ ဂျပန်နဲ့ တောင်ကိုရီးယား ဧည့်သည်တွေအနေနဲ့ ဘယ်အပြည်ပြည်ဆိုင်ရာ ဝင်/ထွက် ပေါက်ကနေမဆို  ပြန်လည်ထွက်ခွာနိုင်ကြမှာလည်း ဖြစ်ပါတယ်။ မကြာသေးခင်က ဟိုတယ်ခရီးဌာနရဲ့ ထုတ်ပြန်ချက်မှာ ဂျပန်နဲ့ တောင်ကိုရီးယား နိုင်ငံသား သာမာန်နိုင်ငံကူးလက်မှတ် ကိုင်ဆောင်သူ ကမ္ဘာလှည့်ခရီးသွားတွေကို  ပြည်ဝင် ဗီဇာ ကင်းလွတ်ခွင့်ပြုလိုက်ပေမယ့် ရှိုးမန်းနီးပြရမယ်၊ အပြန်လေယာဉ်လက်မှတ်ပြရမယ် ဆိုတဲ့ ကန့်သတ်ချက်တွေ ပါဝင်လာလို့ ခရီးသွားလောကမှာ ဝေဖန်သံညံခဲ့ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024