Home
မြန်မာသတင်း
မန္တလေးခရိုင် စားသုံးဆီစက်လုပ်ငန်းများ FDA ထောက်ခံချက်ရရှိရန် ထုတ်လုပ်မှုပိုင်း ပြုပြင်
DVB
·
September 5, 2018
မန္တလေးခရိုင်အတွင်းမှာရှိတဲ့ စားသုံးဆီစက်လုပ်ငန်းတွေရဲ့ ၅၀ ရာခိုင်နှုန်းက အစားအသောက်ထုတ်လုပ်ခြင်း ထောက်ခံချက် လက်မှတ်ရရှိဖို့ ပြီးခဲ့တဲ့နှစ် နှစ်ကုန်ပိုင်းက စတင်ပြီး ထုတ်လုပ်မှုပိုင်းဆိုင်ရာများ ပြုပြင်ပြောင်းလဲနေပါတယ်။ မန္တလေးခရိုင် ဆီစက်ပိုင်ရှင်များအသင်း ဥက္ကဋ္ဌ ဦးဆန်းထွန်းလွင်က ''အားလုံးရဲ့ ရည်ရွယ်ချက်ကတော့ ကျန်းမာရေးနဲ့ညီညွတ်တဲ့ဆီကို စားသုံးစေချင်လို့ အဲလမ်းကြောင်းပေါ်ကို ကျနော်တို့တတွေ စပြီး တက်နေတယ်။ စာရင်းဇယားအရ အခုဆိုရင် မန္တလေးမြို့ရဲ့ ၅၀ ရာခိုင်နှုန်းလောက် စက်တွေဟာ ဒီ FDA လမ်းကြောင်းပေါ် လျှောက်နေကြပြီး၊ ရပြီးတဲ့ လူလည်း ရနေပြီ။ အခုရပြီးသား စက်တွေဆိုရင် အဲထဲက သုံးစက်လောက်က HACCP လမ်းကြောင်းကိုပါ ဆက်တက်နေပြီး '' လို့ ဒီဗွီဘီကို ပြောပါတယ်။ မန္တလေးခရိုင်အတွင်းမှာ ဆီစက် ၁၀၀ ဝန်းကျင်ရှိပြီး အစားအသောက်ထုတ်လုပ်ခြင်း ထောက်ခံချက် လက်မှတ်ရရှိဖို့ ဆီစက် ၄၀ ကျော်က ထုတ်လုပ်မှုပိုင်းဆိုင်ရာ ပြုပြင်ပြောင်းလဲမှုတွေ ပြုလုပ်ပြီး ကြိုးစားနေတာဖြစ်ပါတယ်။ လက်ရှိ မန္တလေးတိုင်းဒေသကြီးအတွင်းမှာ အစားအသောက်ထုတ်လုပ်ခြင်း ထောက်ခံချက် ရရှိထားတဲ့ ဆီစက် ၈ စက် ရှိပါတယ်။ FDA ထောက်ခံချက် ရရှိထားသော အာရှသား မြေပဲဆီစက်ပိုင်ရှင် ဦးသန်းလွင်က ''FDA ရလာတဲ့အခါကျတော့ စားသုံးသူတွေက ယုံကြည်မှု ပိုရှိလာပါတယ်၊ ဈေးကွက်မှ နည်းနည်းပိုပြီး ရောင်းအားတက်လာပါတယ်၊ နှိုင်းယှဉ်ပြရရင် ၂၀ ရာခိုင်နှုန်း၊  ၃၀ ရာခိုင်နှုန်းလောက် တက်လာပါတယ်၊ နဂိုရောင်းအားထက် ၂၀ရာခိုင်နှုန်း၊ ၃၀ ရာခိုင်နှုန်းလောက်ထိ တက်ပါတယ်'' လို့ ဒီဗွီဒီကို ပြောပါတယ်။ စားသုံးဆီဈေးကွက်မှာ ပြည်တွင်း ပဲဆီ တစ်ပိဿချိန်ကို ကျပ် ၄၀၀၀ ဝန်းကျင်၊ နိုင်ငံခြားမှ တင်သွင်းလာတဲ့ နေကြာဆီ တစ်ပိဿချိန်လျှင် ကျပ် ၂၆၀၀ ဝန်းကျင် ဈေးရှိပါတယ်။ အစားအသောက်ထုတ်လုပ်ခြင်း ထောက်ခံချက် ရရှိထားတဲ့ ဆီစက်တွေက စားသုံးဆီတွေကို ဈေးနှုန်းမြင့်တက်ခြင်းမရှိဘဲ ပုံမှန်ဈေးနှုန်းအတိုင်း ရောင်းချနေတယ်လို့ သိရပါတယ်။ သတင်း - သော်တာ
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024