DVB Logo
Home
မြန်မာသတင်း
ရခိုင်ပြည်နယ် ကျောက်တော်တ၀ိုက်မှာ တင်းမာမှုများ ဆက်ရှိနေ
DVB
·
August 6, 2012
Donate to DVB

ရခိုင်ပြည်နယ် ကျောက်တော်မြို့နဲ့ အနီးတ၀ိုက်မှာ အခုရက်ပိုင်းအတွင်း တင်းမာမှုတွေ ဆက်ရှိနေပြီး ဒီနေ့မနက်မှာပဲ ရခိုင်လူမျိုးတဦးပိုင်တဲ့ ဆန်စက်တလုံးကို မီးရှို့ခံလိုက်ရတယ်လို့ သိရပါတယ်။

ကျောက်တော်မြို့နဲ့ မိုင်ဝက်လောက်ပဲဝေးတဲ့ တောင်ပေါက်ရွာမှာ ရခိုင်လူမျိုးပိုင် ဆန်စက်တလုံး ဒီနေ့ မနက်ပိုင်း ၄ နာရီလောက်မှာ မီးလောင်ပြာကျသွားတယ်လို့ သိရပါတယ်။

အဲဒီရွာမှာ ဘင်္ဂါလီလူမျိုးတွေက အများစုဖြစ်ပြီး ရခိုင်လူဦးရေက အနည်းစုလို့ သိရပါတယ်။

ရခိုင်တိုင်းရင်းသားများတိုးတက်ရေးပါတီ ကျောက်တော်မြို့နယ် ဥက္ကဋ္ဌ ဦးမောင်မောင်က အခြေအနေကို အခုလို ပြောပါတယ်။

“ဆန်စက်တလုံး။ စပါး တင်း ၂၀၀၀ လောက်၊ ဆန်အိတ် ၁၀၀ ကျော်နဲ့ ဆန်စက်ထဲမှာ ရှိတဲ့ ပစ္စည်း အကုန်လုံးကို မီးရှို့ဖျက်ဆီးသွားတယ်။ ကျပ်သိန်း ၃၀၀ ဖိုးလောက် ပျက်စီးဆုံးရှုံးသွားပါတယ်။”

ဒီမီးလောင်မှုသတင်းကြောင့် ကျောက်တော်မြို့ခံတွေကြားမှာ စိုးရိမ်တာတွေ ဖြစ်နေပြီ်း ကျောင်းတွေလည်း နေ့တ၀က်နဲ့ပဲ ပြန်လွှတ်လိုက်ကြတယ်လို့ စစ်တွေကနေ ကျောက်တော်မြို့ကို ရောက်နေတဲ့ ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီက အတွင်းရေးမှူး ဦးခိုင်ပြည်စိုးက ပြောပြပါတယ်။

“ရပ်ကွက်တွေထဲမှာတော့ ငြိမ်သက်တိတ်ဆိတ်နေတယ်။ ကျောင်းတွေလည်း အကုန်လုံး ပြန်ပိတ်လိုက်တယ်။ နေ့ခင်း ၁၂ နာရီလောက်မှာ ဈေးရောင်းတဲ့သူ မရှိတော့ဘူး။ ဆိုက္ကားသမားတွေ၊ ကားသမားတွေလည်း မထွက်ကြတော့ဘူး။ လူအသွားအလာ တော်တော်နည်းနေတယ်။ တစုံတရာ ဖြစ်လို့ရှိရင် ကလေးတွေကို လုံခြုံရေး မပေးနိုင်တဲ့အတွက် အစောကြီးကတည်းက ကျောင်းကလွှတ်လိုက်တာ။ မြို့နဲ့ အနီးအနားမှာ တော်တော်ကြီးတဲ့ ရွာကြီး ၂ ရွာရှိတယ်။ အဲဒီရွာ ၂ ရွာက တခုခု လုပ်လို့ရှိရင် ကျောက်တော်မြို့မှာ ရှိတဲ့ လူအင်အားနဲ့ ဘယ်လိုမှ ခုခံကာကွယ်လို့ မရဘူး။ ဒါပေမယ့် ပြည်သူတွေကလည်း ခံရတာများတော့ နည်းနည်း စိုးရိမ်ပူပန်တာလည်း ရှိနိုင်တယ်လေ။ ”

ကျောက်တော်ကားဂိတ်အနီးမှာ စစ်သားအင်အား ၁၀ ယောက်လောက် လုံခြုံရေး ချထားပေမယ့် ကျန်တဲ့ နေရာတွေမှာတော့ လုံခြုံရေးတွေ မတွေ့ရဘူးလို့ ကျောက်တော်ရောက်နေတဲ့ ဦးခိုင်ပြည်စိုးက ပြောပါတယ်။

ပြီးခဲ့တဲ့ ၀ါဆိုလပြည့်နေ့ကလည်း ကျောက်တော်မြို့က ရွှေပြည်သစ် ကားဂိတ်ကို ဘင်္ဂါလီတွေက အုပ်စုလိုက် ဖျက်ဆီးတာတွေ လုပ်ခဲ့သလို နှစ်ဖက် တင်းမာနေကြတယ်လို့ ပြောဆိုချက်တွေ ထွက်ပေါ်နေပြီး သီးခြား အတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။

ဒီရက်ပိုင်းအတွင်း ရခိုင်ပြည်နယ်က အခြေအနေတွေကို လေ့လာရေး သွားရောက်ခဲ့တဲ့ ကုလသမဂ္ဂ လူ့အခွင့်အရေးစုံစမ်းရေးမှူးမစ္စတာ ကင်တာနားက လူ့အခွင့်အရေး ချိုးဖောက်မှု သတင်းတွေကြောင့် စိုးရိမ်တဲ့အကြောင်းနဲ့ လွတ်လပ်တဲ့ စုံစမ်းမှုတွေ လိုအပ်တဲ့ အကြောင်းပြောခဲ့ပါတယ်။

ရခိုင်တိုင်းရင်းသားများတိုးတက်ရေးပါတီက အတွင်းရေးမှူး ဦးခိုင်ပြည်စိုး ကတော့ လွတ်လပ်တဲ့ စုံစမ်းမှုလို့ ဆိုတဲ့ ကင်တားနားကိုယ်တိုင်က ပြီးခဲ့တဲ့ ခရီးစဉ်မှာ မျှတဲ့ စုံစမ်းမှုတွေ မလုပ်ခဲ့ဘူးလို့ အခုလို ဝေဖန်ပါတယ်။

“ကင်တာနားကိုယ်တိုင်ကလည်း လွတ်လပ်တဲ့ လေ့လာစုံစမ်းမှု လုပ်ရမယ်ဆိုရင် ကျနော်တို့ ရခိုင်မှာ တိုင်းရင်းသားတွေ အများကြီးရှိတယ်။ နိုင်ငံတော်အစိုးရလည်း လူထုကို သွားချင်တဲ့နေရာသွားမေးမြန်းပါလို့ လုပ်ပေးထားတာတောင်မှ ကျန်တဲ့ တိုင်းရင်းသားတွေနဲ့ မတွေဘဲနဲ့ ဘင်္ဂါလီတွေနဲ့ပဲ တွေ့သွားတယ်ဆိုတော့ ဒီလွတ်လပ်မှုက ဘယ်လွတ်လပ်မှုကို ဆိုလိုတာလဲ။ ကျနော်တို့က မေးခွန်းထုတ်စရာ ဖြစ်နေတာပေါ့။”

ပြည်ပကနေ ခိုးဝင်လာတဲ့ နိုင်ငံမဲ့ ရိုဟင်ဂျာအုပ်စုဟာ မြန်မာတိုင်းရင်းသားထဲမှာ မပါဝင်တဲ့အတွက် သူတို့ကို ကုလသမဂ္ဂ ဒုက္ခသည်ကယ်ဆယ်ရေး အစီအစဉ်နဲ့ တတိယနိုင်ငံကို ပို့သင့်တယ်လို့ မြန်မာသမ္မတက တရားဝင် ပြောဆိုထားပါတယ်။

Support DVB
Live
DVB Donate၂၀၂၅ စစ်အာဏာရှင်ရွေးကောက်ပွဲ ရလဒ်များ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013