DVB Logo
Home
မြန်မာသတင်း
နေပြည်တော်မှာ လယ်သမားများ ဆန္ဒပြခွင့်မရ
DVB
·
August 5, 2012
Donate to DVB

နေပြည်တော် အနီးတ၀ိုက်က လယ်သိမ်းခံရတဲ့ လယ်သမားတွေဟာ ဆန္ဒထုတ်ဖော်ဖို့အတွက် သက်ဆိုင်ရာကို အကြိမ်ကြိမ်စာတင်ခဲ့ပေမယ့် ပယ်ချခံခဲ့ရတယ်လို့ လယ်သမားတွေနဲ့ လယ်သမားအရေး ကူညီ ဆောင်ရွက်သူတွေက ပြောပါတယ်။

လယ်သမားတွေဟာ ပထမဆုံး ပုံစံ ၃ ဖြင့် စုဝေးခွင့်နဲ့ စီတန်းလှည့်လည်ခွင့်ကိုတင်တာ ငြင်းပယ်ခံရတဲ့အတွက် စီတန်းလှည့်လည်ခွင့်ကို ဖြုတ်လိုက်ပြီးတော့ နောက်တခါ စုဝေးခွင့်ကို နေပြည်တော် ဇမ္ဗူသီရိမြို့နယ် ရဲတပ်ဖွဲ့မှူးရုံးကို ထပ်မံ စာတင်ခဲ့ရာမှာ ပယ်ချခံခဲ့ရပါတယ်။

ဒီအတွက် လယ်သမားတွေက အယူခံထပ်ဝင်ပြီး နောက်တကြိမ် စာတင်ခဲ့ပေမယ့် အခုအချိန်အထိ တစုံတရာ အကြောင်း မပြန်ဘူးလို့ ပြောပါတယ်။

ဇမ္ဗူသီရိမြို့နယ်မှာ ဆန္ဒပြဖို့ ကြိုးစားရတာဟာ လယ်သမားတွေရဲ့ အသံကို နိုင်ငံတော်အကြီးအကဲတွေ ကြားသိဖို့ ဖြစ်တယ်လို့ လယ်ဧက ၁၅ ဧကလောက် အသိမ်းခံထားရတဲ့ ကိုကျော်ဆွေလတ်က ပြောပါတယ်။

“အဓမ္မသိမ်းဆည်းခံရထားရတဲ့ လယ်မြေတွေဟာ တကယ့် တကယ်ကျတော့ နိုင်ငံတော်အသုံးချတဲ့ မြေလည်းမဟုတ်ဘူး။ စီမံကိန်းနဲ့လုပ်တာလည်း အနည်းအကျဉ်းပဲရှိတယ်။ အောက်က ကုမ္ပဏီတွေနဲ့ အဖွဲ့အစည်းတို့၊ ပုဂ္ဂလိကအဖွဲ့တို့က လုပ်နေတာ။ ကျနော်တို့က သူတို့နဲ့ညှိနှိုင်းပြောဆိုလည်း သူတို့က အရေးမစိုက်ဘူး။ သူတို့က လူမိုက်တွေနဲ့ လူအင်အားတွေသုံးပြီး လုပ်လာတာတွေလည်းရှိတော့ ကျနော်တို့က ဒါကို သမ္မတကြီး သိစေချင်တယ်။ ဒါကြောင့် ဆန္ဒပြဖို့ တင်ပြတာပါ။ သမ္မတကြီးနဲ့ လွှတ်တော်ထဲကလူတွေ သိစေချင်တာပါ။ အခု အောက်မှာ လုပ်နေတာတွေကို အထက်ကလူတွေက ဘာမှမသိဘူး။ ”

နေပြည်တော်အနီးတ၀ိုက်က  လယ်သိမ်းခံရတဲ့ လယ်သမား ၅၀၀ လောက် ပါဝင်ဆန္ဒပြကြမှာဖြစ်ပြီး ဒီလယ်သမားတွေရဲ့ လယ်မြေဧက ၂၀၀၀ ကျော်လောက် အသိမ်းခံထားရတယ်လို့ ဆိုပါတယ်။

အခုလိုလယ်သမားတွေ ဆန္ဒပြခွင့်မရတာနဲ့ ပတ်သက်ပြီးတော့ အလုပ်သမားနဲ့ လယ်သမားကူညီစောင့်ရှောက်ရေး ကွန်ရက် (အထက်မြန်မာနိုင်ငံ) တာဝန်ခံ ဦးကိုကြီးကတော့ အခုလို ပြောပါတယ်။

“ဒီလို ပယ်ချတာတွေက သူတို့ထုတ်ထားတဲ့ ဥပဒေ သူတို့မလိုက်နာနိုင်ဘူးလို့ ဒီလိုမြင်တယ်။ အမှန်အတိုင်းပြောရရင် ဒေါ်အောင်ဆန်းစုကြည် ပြောသလို ဥပဒေစိုးမိုးမှု အဆင့်မျိုး အာဏာပိုင်တွေက လုပ်မပေးနိုင်သေးဘူးလို့ ပြောချင်တယ်။”

အစိုးရသစ်ပြောင်းလဲပြီးတဲ့နောက် လယ်သမားတွေ အလုပ်သမားတွေဟာ အခွင့်အရေးအတွက် အစိုးရထံမှာ ခွင့်ပြချက်ရယူ ဆန္ဒပြ တောင်းဆိုခဲ့ကြပါတယ်။ တချို့သော ဆန္ဒပြပွဲတွေကို အစိုးရက ခွင့်ပြုခဲ့ပေမယ့် တချို့ဆန္ဒပြပွဲတွေကိုတော့ ခုချိန်ထိ ခွင့်မပြုတာတွေလည်း ရှိနေပါတယ်။

Support DVB
Live
DVB Donate၂၀၂၅ စစ်အာဏာရှင်ရွေးကောက်ပွဲ ရလဒ်များ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013