အာရှအားကစားပြိုင်ပွဲ ကျင်းပပြီးစီး၊ တရုတ်က ရွှေတံဆိပ် ၁၃၂ ခုဖြင့် ထိပ်ဆုံးမှရပ်တည် (ရုပ်သံ)

အင်ဒိုနီးရှားနိုင်ငံ မြို့တော် ဂျကာတာရှိ ဂလော်ရာဘုကာနို အားကစားကွင်းမှာ စက်တင်ဘာ ၂ ရက်နေ့က ၁၈ ကြိမ်မြောက် အာရှအားကစားပြိုင်ပွဲ ပိတ်ပွဲအခမ်းအနားကို အောင်မြင်စွာ ကျင်းပခဲ့ပါတယ်။ အခမ်းအနားမှာ အာရှအိုလံပစ်ကောင်စီ ဥက္ကဋ္ဌက ဒီအာရှအားကစားပြိုင်ပွဲကို သမိုင်းဝင် အောင်မြင်မှုအဖြစ် ဂုဏ်ပြုပြောကြားခဲ့ပါတယ်။ အဲဒီ ပိတ်ပွဲအခမ်းအနားမှာ ကိုရီးယားနှစ်နိုင်ငံ ပေါင်းစည်းအားကစားအသင်းဟာလည်း အလံတခုတည်းအောက်မှာ အတူချီတက်ခဲ့ပါတယ်။ ဒီနောက် အာရှအားကစားပြိုင်ပွဲ အထိမ်းအမှတ်ကျိုင်းကို နောင် ၄ နှစ်အကြာမှာ အာရှအားကစားပြိုင်ပွဲ လက်ခံကျင်းပမယ့် တရုတ်နိုင်ငံကို လွှဲပြောင်းပေးခဲ့ပါတယ်။ အခုကျင်းပခဲ့တဲ့ ၁၈ ကြိမ်မြောက် အာရှအားကစားပြိုင်ပွဲမှာ နိုင်ငံပေါင်း ၄၅ နိုင်ငံက အားကစားသမား ၁၁,၀၀၀ ပါဝင်ယှဉ်ပြိုင်ခဲ့ပါတယ်။ နိုင်ငံအလိုက် ဆုတံဆိပ်ရရှိမှုမှာတော့ တရုတ်နိုင်ငံက ရွှေတံဆိပ် ၁၃၂ ခုနဲ့ ထိပ်ဆုံးမှာ ရပ်တည်နိုင်ခဲ့ပါတယ်။ အဲဒီနောက် ဂျပန်နိုင်ငံက ရွှေတံဆိပ် ၇၅ ခုနဲ့ ဒုတိယ၊ တောင်ကိုရီးယားက ရွှေတံဆိပ် ၄၉ ခုနဲ့ တတိယ၊ အိမ်ရှင် အင်ဒိုနီးရှားကတော့ ရွှေတံဆိပ် ၃၁ ခုနဲ့ စတုတ္ထနေရာ ရခဲ့တယ်လို့ ရိုက်တာသတင်းအရ သိရပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up