မြင်းခြံတွင် ကြားဖြတ်ရွေးကောက်ပွဲအတွက် မဲဆွယ်စည်းရုံးရေး စတင်
DVB
·
September 3, 2018
မန္တလေးတိုင်းဒေသကြီး မြင်းခြံမြိုနယ်တွင် ၂၀၁၈ နိုဝင်ဘာ ၃ ရက်နေ့ ကျင်းပပြုလုပ်မယ့် ကြားဖြတ်ရွေးကောက်ပွဲအတွက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က မြင်းခြံမြို့ပေါ်ရပ်ကွက်တွေမှာ မဲဆွယ်စည်းရုံးရေး စတင်ပြုလုပ်နေပါတယ်။
မြင်းခြံမြို့နယ်မှာ လစ်လပ်သွားတဲ့ ပြည်သူ့လွှတ်တော်တနေရာအတွက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီဝင် ဦးစိန်မြင့် ဝင်ရောက်အရွေးချယ်ခံသွားမှာ ဖြစ်ပါတယ်။
၂၀၁၈ နိုဝင်ဘာ ၃ ရက်နေ့မှာ ကျင်းပပြုလုပ်မယ့် ကြားဖြတ်ရွေးကောက်ပွဲမှာ လစ်လပ် ၁၃ နေရာအတွက်၊ နိုင်ငံရေးပါတီ ၂၄ ခုမှ ၆၂ ဦး၊ တသီးပုဂ္ဂလကိုယ်စားလှယ်လောင်း ၇ ဦး စုစုပေါင်း ၆၉ ဦးတို့ ယှဉ်ပြိုင်ကြမှာဖြစ်ပြီး၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် တပါတီတည်းသာ နေရာအပြည့်ယှဉ်ပြိုင်သွားမှာလည်း ဖြစ်ပါတယ်။
မြင်းခြံမြို့နယ်မှာတော့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၊ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ၊ ပြည်သူ့အလုပ်သမားပါတီတို့ ဝင်ရောက်ယှဉ်ပြိုင် အရွေးခံသွားမှာလည်း ဖြစ်ပါတယ်။
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥပဒေအရ ရွေးချယ်ခံ လွှတ်တော်ကိုယ်စားလှယ် လောင်းတွေအနေနဲ့ မဲဆွယ်စည်းရုံးခွင့် ရက် ၆၀ သတ်မှတ်ထားတာကြောင့် စက်တင်ဘာ ၃ ရက်က စတင်ကာ ရွေးကောက်ပွဲမတိုင်မီ တရက်အလိုထိ မဲဆွယ်စည်းရုံးခွင့်ရမှာလည်း ဖြစ်ပါတယ်။
မြင်းခြံမြို့မှာ ရပ်ကွက် ၂၀၊ ကျေးရွာအုပ်စု ၈၅ အုပ်စုရှိပြီး မဲပေးပိုင်ခွင့်ရှိသူ နှစ်သိန်းကျော်ရှိတာလည်း ဖြစ်ပါတယ်။
သတင်း - ရီရီထွန်း (မြင်းခြံ)