Home
မြန်မာသတင်း
ကချင်ဒုက္ခသည်ကလေးများ ၀မ်းရောဂါဖြစ်ပွား
နော်နိုရင်း
·
August 4, 2012
ကချင်ပြည်နယ် ကချင်လွတ်မြောက်ရေးအဖွဲ့ (ကေအိုင်အို) အုပ်ချုပ်နယ်မြေတွေမှာ ခိုလှုံနေတဲ့ စစ်ပြေးဒုက္ခသည်တွေ  မိုးရာသီချိန် မသန့်ရှင်းတဲ့ရေတွေ သောက်သုံးမှုကြောင့်  ၀မ်းပျက်ဝမ်းလျှောရောဂါ ဖြစ်ပွားနေတယ်လို့  ကေအိုင်အို တာဝန်ရှိသူတဦးက ပြောပါတယ်။ စစ်ပြေးဒုက္ခသည်စခန်းအတွင်း ဇူလိုင်လက စပြီး ၁၅ နှစ်အောက် ကလေးတွေမှာ ၀မ်းလျှော၊ ၀မ်းပျက်ရောဂါ ဖြစ်ပွားမှု ပိုမိုများပြားလာတယ်လို့ ကေအိုင်အို ပြောခွင့်ရသူ ဦးလနန်းက ပြောပါတယ်။ “ဒုက္ခသည်တွေဟာ တောင်ကျချောင်းရေတွေပဲ သုံးနေရတယ်ဆိုတော့ မိုးရွာတဲ့အခါ ချောင်းထဲကရေတွေဟာ ရွှံ့တွေဖြစ်ကုန်တယ်။ ဘေးပတ်ဝန်းကျင် နေတဲ့နေရာနားမှာလည်း ရွှံ့ဗွက်အိုင်တွေဖြစ်နေတော့ ချောင်းဆိုးတယ်။ ဒုက္ခသည် စခန်းမှာရှိတဲ့ ကလေးတွေအားလုံး တခုမဟုတ် တခုကတော့ ခံစားနေရတယ်။ အာဟာရပြတ်လပ်မှုရှိတဲ့ အတွက် ခံနိုင်ရည်ကတော့ မရှိဘူး။ အဓိကကတော့ ကျနော်တို့ဒေသမှာရှိတဲ့ ကလေးတွေရော လူကြီးတွေအားလုံးက ငှက်ဖျားအခံက ရှိပြီးသားဆိုတော့ ရာသီဥတု နည်းနည်းအကူးအပြောင်းဆိုတာနဲ့ ဖျားကြတယ်။ ၀မ်းရောဂါကလည်း ကူးစက်ရောဂါလို မဟုတ်ပေမယ့် သောက်သုံးရေ အခြေအနေကြောင့် ဖြစ်နေကြတာပဲ။” ကေအိုင်အို ထိန်းချုပ်နယ်မြေတွေမှာရှိတဲ့  ဒုက္ခသည် စခန်းတွေမှာ ကေအိုင်အို ကျန်းမာရေးဝန်ထမ်းများမှ ကြည့်ရှုကုသပေးနေပေမယ့် ဆေးဝါး လုံလောက်မှု မရှိဘူးလို့ ဆိုပါတယ်။ ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ (ကေအိုင်အေ)နဲ့ အစိုးရတပ်များ တိုက်ပွဲဖြစ်ပွားပြီးနောက် ကေအိုင်အို ထိန်းချုပ်နယ်မြေသို့ အများစု ထွက်ပြေး တိမ်းရှောင်လာကြပြီး ဒုက္ခသည်စခန်း ၅၃ ခုရှိပြီး လူဦးရေ ၆ သောင်းခန့် ခိုလှုံနေတယ်လို့ သိရပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024