DVB Logo
Home
မြန်မာသတင်း
လမ်းခင်းပြီးနောက် ကားလမ်းပိုမိုပျက်စီးသဖြင့် မန်လည်ဒေသခံများ အခက်ကြုံ
DVB
·
September 3, 2018
လမ်းခင်းပြီးနောက် ကားလမ်းပိုမိုပျက်စီးသဖြင့် မန်လည်ဒေသခံများ အခက်ကြုံ
Donate to DVB

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ အင်းတော်မြို့နယ် မန်လည်ဆရာတော်ဘုရားရဲ့ မပုပ်မသိုးရုပ်ကလာပ်တော်ရှိရာ မန်လည်ကျေးရွာအဝင်လမ်းဟာ ကုမ္ပဏီကလမ်းခင်းပြီးနောက် ပိုမိုပျက်စီးနေတာကြောင့် ဒေသခံတွေ သွားလာရေး အခက်အခဲဖြစ်နေကြပါတယ်။

မန်လည်ဆရာတော် ဥူးစန္ဒောဘာသက “ဟိုးတုန်းက လမ်းက ကောင်းတယ်။ သူတို့ လမ်းပြင်လာမှ ပိုဆိုးလာတယ်။ သွားရေးလာရေး ကျန်းမာရေးအစည်းအဝေးတွေ သွားလာတဲ့ နေရာမှာလည်း အခက်အခဲတွေ ဖြစ်တယ်။ တံခွန်တိုင်ရွာဘက်က လှည့်သွားရတာ မန်လည် လမ်းက သွားမရဘူး။ ဥူးပဉ္စင်းဆိုလိုတာက လမ်းဖျက်လာတာလား၊ လမ်းကို ကောင်းအောင် လုပ်ပေးလာတာလား။ မန်လည်ဘုရားဖူးဆိုတာ တရက်မှမပြတ်ဘူး၊ မိုးရွာလည်း လာတာပဲ။ ဒါမိုးမများသေးဘူး မိုးများရင် ဒီထက်မက ပျက်ဖို့ပဲရှိတော့တယ်” လို့ မိန့်ကြားခဲ့ပါတယ်။

မန်လည်(မြောက်) ရွာမှ ဦးဇော်အောင်က “ဒီလမ်းကို သူတို့လုပ်ခဲ့တာဟာ လမ်းကောင်း စေချင်တဲ့ စေတနာတော့မှန်တယ်။ လုပ်ပုံနည်းစနစ်လွဲမှားနေတယ်လို့ ကျနော်က ထင်တယ်။ ၂ဝဝ၉ ခုနှစ်က မန်လည်အဝင်ကနေ ၅ မိုင် ဒီအထိကို ဒေသခံတွေရဲ့ ငွေအကုန်အကျခံပြီး လုပ်ခဲ့တယ်။ အဲ့တုန်းက လမ်းဟာ အခုလမ်းလောက်မကဘူး ကောင်းတယ်။ ကိုယ်ထူကိုယ်ထ ကျောက်ချောလမ်းဆိုပေမယ့် ဘယ်ကားမှ တွန်းစရာ မလိုဘူး။ ဘယ်ဆိုင်ကယ်မှ ဆင်းတွန်းစရာ မလိုဘူး အခုကျတော့ စားပြီးသား ထမင်းတောင် ပြန်အန်ထွက်နိုင်တယ်။ သူတို့ရဲ့ စေတနာ အမှားတွေကြောင့် ကျနော်တို့ ဒေသခံတွေက သွားရလာရတာ အဆင်မပြေဘူး အခက်အခဲ ရှိတယ်။ ကုမ္ပဏီအနေနဲ့ ဒီလမ်းကို ကောင်းအောင်လုပ်မယ်ဆိုရင် သူတို့လုပ်ခဲ့တဲ့ နည်းစနစ် တွေ ပြန်ပြီးတော့ ပြင်ဖို့အချိန်ကာလ နေရာဒေသကိုလိုက်ပြီး အလုပ်လုပ်တတ်ဖို့တော့ လိုမယ်” လို့ ပြောပါတယ်။

၂ဝ၁၇-၂ဝ၁၈ ဘဏ္ဍာရေးနှစ် တိုင်းဒေသကြီး (ပိုလျှံ) ရန်ပုံငွေ ၁၈ဝ ဒသမ ၆၇၆ သန်း ကျပ်နဲ့ Top Heaven Co.,Ltd ကနေ ရွှေဘို- မြစ်ကြီးနားလမ်းမှ မန်လည်ကျေးရွာအဝင်လမ်း ၆ မိုင် ၄ ဖာလုံအား ၂ဝ၁၈ ခုနှစ် မတ်လ ၁၃ နေ့က စတင်လုပ်ကိုင်ခဲ့တာပါ။

Heaven ကုမ္ပဏီ မန်နေဂျင်းဒါရိုက်တာ ကိုခင်မောင်အေးက “လမ်းခင်းလုပ်ငန်း ဆောင်ရွက်နေစဉ် မပြီးခင်မှာပေါ့၊ မိုး တစ်လနဲ့ နှစ်ရက်တိတိ နေ့ရော ညရော ရွာပါတယ်။ နတ်မဟုတ်ကလေးလမ်းဆုံမှ ဆည်ရွာ ရွာထဲမှာ တော်တော်ဆိုးဆိုးရွားရွား ပျက်သွားပါတယ်။ မိုးပြတ်တာနဲ့ မြေတွေ တူးထုတ်ပြီးမှ နိမ့်တဲ့အပိုင်းတွေမှာ လိုက်ဖို့ ပေးပါတယ်။ ကြာအင်းဘက် က ချောင်းသဲကျောက်တွေကိုတိုက်ပြီး လမ်းကြိတ်စက် ၃ စီးနဲ့ ကြိတ်ပြီး ပြုပြင်ခဲ့ပါတယ်။ အခုလည်း ပျက်တဲ့အပိုင်းတွေကို ပြုပြင်နေပါတယ်။ ဌာနကလည်း ပျက်စီးတဲ့ အပိုင်းတွေကို ပြန်ပြုပြင်ဖို့ အကြောင်းကြားထားပါတယ်။ ရာသီဥတုကြောင့် ဒီလိုအခက်အခဲတွေ ကြုံတွေ့ခဲ့ရ ပါတယ်။ အကောင်းဆုံးဖြစ်အောင် ပြန်လည်ပြုပြင်ပေးပါ့မယ်။ မကောင်းမချင်း ကျနော့် ကိုယ်ပိုင်ငွေနဲ့ စိုက်ထုတ်ပြီးမှ အကောင်းဆုံးဖြစ်အောင် ပြန်လည်ပြုပြင်ပေးပါ့မယ်” လို့ ပြောပါတယ်။

ကိုကိုလင်း(အင်းတော်)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013