DVB Logo
Home
မြန်မာသတင်း
ဓာတ်ပြုအိုး ချို့ယွင်းမှုကြောင့် ချောက်စက်ရုံ ပေါက်ကွဲခြင်းဖြစ်ဟုဆို
DVB
·
August 3, 2012
Donate to DVB

ချောက်မြို့က ဟိုက်ဒြိုဂျင်ပါအောက်ဆိုဒ်စက်ရုံ ပေါက်ကွဲမှုဟာ ဓာတ်ပြုအိုးတွေ ချို့ယွင်းနေတာ အထက်ကို တင်ပြတဲ့အကြားက ဆက်လက် မောင်းခိုင်းရင်း ဖြစ်ပွားခဲ့ရတာလို့ ပေါက်ကွဲမှုမဖြစ်အောင် ငြိမ်းသတ်ရင်း ဒဏ်ရရခဲ့တဲ့ အလုပ်သမားတဦးက ပြောပါတယ်။

ပေါက်ကွဲမှုဖြစ်တဲ့ ဩဂုတ် ၂ ရက်ညက အဲဒီစက်ရုံရဲ့ ခြံစည်းရိုးကိုရောက်ခဲ့ပြီး ဒဏ်ရာရလူနာနဲ့ စကားပြောခဲ့တဲ့ လူငယ်တဦးကို မေးကြည့်ရာမှာ သိခဲ့ရတာဖြစ်ပါတယ်။

အပြာရောင်သုတ်ထားတဲ့ ဓာတ်ပြုအိုးတွေကို စက်ရုံခြံစည်းရိုးက လှမ်းကြည့်ရာမှာ မည်းနေတယ်လို့ ပြောပြပါတယ်။ ဒဏ်ရာရ အလုပ်သမားရဲ့ ပြောချက်အရ ပေါက်ကွဲမှုဖြစ်တဲ့နေ့က အဲဒီစက်ရုံမှာ ၈ ယောက် အလုပ်ဆင်းတယ်လို့ ဆိုပါတယ်။ ဒီစက်ရုံဟာ မီးပြတ်ရင် အ၀င်အထွက်ခလုတ်တွေကို ပိတ်ရတယ်လို့ ဆိုပါတယ်။

ဒါပေမယ့် ဒီအဖြစ်အပျက်မဖြစ်ခင် တပတ်လောက်ကတည်းက စက်ရုံမှာ ချို့ယွင်းချက် စက်ရုံမှူးကို တင်ပြခဲ့သေးတယ်လို့ ဆိုပါတယ်။

ဒီပေါက်ကွဲမှုကြောင့် ၀ါးနှစ်ရိုက်လောက်အကွာကို လွင့်စင်ထွက်ခဲ့တဲ့ အလုပ်သမားနဲ့ စကားပြောခွင့်ရသူက ဆိုပါတယ်။

“စက်ရုံမှူးကို လွန်ခဲ့တဲ့ တပတ်လောက် ပြောပြတော့ သူက လျှပ်စစ်တွေဘာတွေပိတ်ပြီး ပြန်သုံးခိုင်းတာ။ စက်ရုံမှူးက အထက်ကို တင်ပြတယ်တဲ့။ အဲဒါ စက်ရုံက ချို့ယွင်းချက်ရှိလည်း မောင်းလို့ပြောတယ်တဲ့။ မှိန်းပြီးမောင်းထားလို့ပြောတယ်တဲ့။ မောင်းရင်းနဲ့ သိပ်မကြာပါဘူး။ အဲ့အလုံးအပေါ်မှာ အမြှုပ်တွေစီးကျလာတာ၊ ပေါက်ကာနီးမှာ ၂ ယောက်လောက်က ရေပိုက်နဲ့ထိုးကြတယ်။ အောက်ဘက်က အလုပ်သမားတယောက်ကလည်း စက်ကို ထိန်းထားရတယ်။ သူထိန်းတုန်းတန်းလန်း အနောက်ဘက် ခဏလှည့်တဲ့အချိန်မှာ ဒုတိယအလုံးက ထကွဲတာ။ ၀ါးလေးပြန်လောက် လွင့်စင်သွားတယ်တဲ့။ အားလုံးပေါင်း ဒဏ်ရာရတာ ၅ ယောက်။”

အဲဒီ စက်ရုံပေါက်ကွဲမီးလောင်မှုဟာ မီးငြိမ်းရခက်ခဲတယ်လို့ မီးသတ်သမားတွေရဲ့ ပြောဆိုချက်အရ သိရှိရပါတယ်။  မီးလောင်နေတုန်း မီးသတ်သမားတွေရဲ့ မီးပိုက်ခေါင်းကို မီးလာဟတ်တာ ကြုံရတယ်လို့ ဆိုပါတယ်။ ဓာတုဓာတ်ပြုဘူးတွေနဲ့ ငြိမ်းသတ်ရတယ်လို့ ဆိုပါတယ်။

မနေ့ ညနေအထိ စုစုပေါင်း ၅ လုံးပေါက်ကွဲခဲ့ပြီး ဩဂုတ် ၃ ရက်နေ့မှာ ထပ်မံမပေါက်ကွဲတော့ပေမယ့် စိတ်မချရတဲ့ အလုံး ၂ လုံးနဲ့ ၅ လုံးအကြား ရှိနေတယ်လို့ သတင်းတွေပြန့်နေပါတယ်။

မီးသတ်သမားတချို့ကို မေးကြည့်ချက်အရ စိုးရိမ်ရတဲ့ အလုံး ၄ လုံးနဲ့ နံဘေးက အက်စစ်ကန်နှစ်ကန်က ပေါက်ကွဲရင် ၅ မိုင်ပတ်လည်က စိုးရိမ်ရတဲ့အတွက် စက်ရုံနံဘေးနားက နှောချောင်းက ရေနဲ့ ပက်ဖျန်းထားရတယ်လို့ ဆိုပါတယ်။

ဒီနေ့လည်း တောက်လျှောက် ပက်ဖျန်းနေရဆဲဖြစ်ပြီး တာဝန်ရှိသူတွေလည်း ရောက်ရှိနေတယ်လို့ ဆိုပါတယ်။ အဲဒီစက်ရုံနဲ့ ချောက်မြို့ဟာ အဖြောင့်တိုင်းရင် ၃ မိုင်သာသာလောက်သာ ဝေးတာကြောင့် မြို့ခံတွေ စိုးရိမ်နေကြရတယ်လို့ ဆိုပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013