DVB Logo
Home
မြန်မာသတင်း
ရာဘာခင်းကြောင့် ဒေသခံစိုက်ပျိုးရေး ထိခိုက်
DVB
·
August 3, 2012
ရာဘာခင်းကြောင့် ဒေသခံစိုက်ပျိုးရေး ထိခိုက်
Donate to DVB

ရှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲမြို့နယ်ထဲက  ရွှေ့ပြောင်း တောင်ယာတွေမှာ မြတ်မင်းကုမ္ပဏီရဲ့ ရာဘာခင်းကြောင့်  ရွာသားတွေရဲ့ စိုက်ရေးပျိုးရေး ခက်ခဲနေတယ်လို့ ရွာသားတွေက ပြောပါတယ်။

မြတ်မင်းကုမ္ပဏီက ဇူလိုင်လ ၁၉ ရက်နေ့ကစပြီး ကျောက်မဲမြို့ အနောက်မြောက်ဘက် ၄ မိုင်လောက်အကွာက ရွှေ့ပြောင်းတောင်ယာနဲ့ မြေလွတ်မြေရိုင်း  ဧကပေါင်း ၄၀ ကျော်လောက်မှာ ရာဘာစိုက်နေတာပါ။

ဒါကြောင့် ဒေသခံတွေ လုပ်ကိုင်စားသောက်နေတဲ့ ရွှေ့ပြောင်းတောင်ယာစိုက်ခင်းနဲ့ စားကျက်မြေတွေ ကွယ်ပျောက်ခဲ့ရတယ်လို့ ရွာသားတွေက ပြောပါတယ်။

ရာဘာစိုက်ခင်းကြောင့် အဓိကအားထားတဲ့ ရေရရှိမှုကို ထိခိုက်ရတယ်လို့ မိုင်းနင်းကျေးရွာ အုပ်စုက ရွာသားတဦးက အခုလို ပြောပြပါတယ်။

မြတ်မင်းကုမ္ပဏီက ရာဘာပင်တွေစိုက်ပျိုးရာမှာ တောင်ယာတွေရဲ့ အဓိက ရေအရင်းအမြစ်ဖြတ်သန်းစီးဆင်းရာ နမ့်စောင့်ငေါင်းချောင်းကို ဖြတ်ပြီး စိုက်ပျိုးသွားတာတွေလည်း ရှိတဲ့အတွက် အဓိက ရေထွက်ဦး ဆုံးရှုံးမှာကို တောင်သူတွေက စိုးရိမ်နေကြတယ်လို့ ဆိုပါတယ်။

“ဒီတောကို သူတို့ လာသိမ်းပိုက်တဲ့ဟာက လယ်မြေသုံးတဲ့ရေ၊ သောက်တဲ့ရေ၊ ယာခင်းတွေ လုပ်စားတဲ့နေရာဗျ။ ဒီအတိုင်း လာခုတ်ထွင်းပြီး နုတ်သွားတယ်ဆိုတော့ လယ်တောတွေလည်း ရေငတ်ပြီး လယ်တွေ သုံးပုံတပုံလောက်တောင် မဖြစ်တော့ဘူးဗျ။”

နောက်ထပ် ဧက ၁ ထောင်ကျော် ထပ်တိုးချဲ့မယ်လို့ သတင်းထွက်နေလို့ ဘိုးဘွားပိုင်မြေယာတွေပါ သိမ်းပိုက်ယူငင်ခံရမှာကိုလည်း စိုးရိမ်နေကြပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်ပြီး ဒီဗွီဘီက ရန်ကုန်မြို့အခြေပြု မြတ်မင်းကုမ္ပဏီကို မေးမြန်းကြည့်ရာမှာ ရာဘာစိုက်ပျိုးတယ်ဆိုတာကို အတည်ပြုပေမယ့် ဘယ်သူ့ခွင့်ပြုချက်နဲ့ စိုက်တယ် အစရှိသဖြင့် အသေးစိတ်ဖြေခွင့်မရှိပါဘူးလို့ ဆိုပါတယ်။

ရွာသားတွေက သူတို့ကိုယ်စား သက်ဆိုင်ရာကို တိုင်တန်းပေးဖို့ ကျားဖြူပါတီ ပြည်နယ်လွှတ်တော်အမတ် ဦးစိုင်းခမ်းကျော်ကို  အကူအညီ တောင်းခဲ့ပါတယ်။

ဦးစိုင်းခမ်းကျော်က ဒီကိစ္စ နှစ်ဖက်ပြေလည်စေဖို့အတွက် ဥပဒေကြောင်းကနေ ဖြေရှင်းနိုင်ဖို့ ပါတီတွင်း တိုင်ပင်နေပြီး ကိုယ်တိုင် သွားရောက်ကြည့်ရူမယ်လို့ ပြောပါတယ်။

“သူတို့ အဓိက နစ်နာချက်ကတော့ သူတို့ရဲ့ ရေထွက်ပေါ့။ အဲဒီရေထွက်က သူတို့ရွာကိုပဲ အဓိက ထောက်ပံ့ပေးနေတဲ့ ရေထွက်လား။ ဒါမှမဟုတ် ပတ်ဝန်းကျင် ရွာတွေကိုရောလား။ ဒါမှမဟုတ် တမြို့လုံးကိုရော အထောက်အပံ့ပေးနေတဲ့ ရေထွက်လား ဆိုတာကို ကျနော်စိုးရိမ်တယ်။ တကယ်လို့ ကျနော်တို့မြို့ကို အထောက်အပံ့ပေးနေတဲ့ ရေအရင်းအမြစ်ကို ဒီကုမ္ပဏီက တခုခု အလွဲသုံးစား လုပ်သွားတယ်ဆိုရင် ကျနော်အများကြီးစိတ်ပူရပါတယ်။ အဲဒီအပြင် ပြည်သူတွေ နစ်နာမှု မရှိအောင် ကျနော့်ဘက်က ဘယ်လိုလုပ်ပေးရမလဲဆိုတာကို ကျနော်တို့ ပါတီဘက်ကလည်း အများကြီး တိုင်ပင်ဆွေးနွေးကြပါတယ်။”

မြတ်မင်းကုမ္ပဏီဟာ   ကျောက်မဲမြို့နယ် နောင်ပိန်ကျေးရွာအုပ်စုဘက်မှာ ဒေသခံပိုင်ယာမြေတွေပေါ်မှာ စိုက်ပျိုးဖို့ မနှစ်ကကြိုးစားခဲ့တုန်းက ဒေသခံတွေ ကန့်ကွက်လို့ မလုပ်ဖြစ်ဘဲ လွန်ခဲ့တဲ့လပိုင်းကမှာ မိုင်းနင်းကျေးရွာအုပ်စု နမ့်ဆော့ဒေသဘက်မှာ စိုက်ပျိုးလာတာဖြစ်တယ်လို့ ကျားဖြူပါတီအမတ်က ဆက်ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013