Home
မြန်မာသတင်း
လက်နက်ကြီးများဖြင့် ပစ်ခတ်နေမှုကြောင့် ကန်ညီနောင်ကျေးရွာသားများ ထိတ်လန့်
DVB
·
September 2, 2018
40512344_230935831100031_1887788849879318528_n
40509539_230935927766688_897903998885953536_n
40496269_230935864433361_1918986513064919040_n
40482550_230935851100029_7573583800341364736_n
ဖာပွန်ခရိုင်၊ လှိုင်းဘွဲ့မြို့နယ် ကန်ညီနောင်ကျေးရွာအနီးမှာ ကရင်အမျိုးသားအစည်းအရုံး၊ တပ်မဟာ ၅ နယ်မြေမှာ တပ်မတော်ဘက်က နယ်မြေရှင်းလင်းရေးအတွက် လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေမှုကြောင့် အနီးပတ်ဝန်းကျင်မှာရှိတဲ့ ကျေးရွာဒေသခံတွေ ထိတ်လန့်နေရတယ်လို့ ဒေသခံ မနော်ချိုက ဒီဗွီဘီကို ပြောပါတယ်။ သြဂုတ် ၁၉ ရက်နေ့ကစတင်ပြီး ဖာပွန်ခရိုင် မြိုင်ကြီးငူအထူးဒေသ ကန်ညီနောင်ကျေးရွာအနီးမှာ ကေအန်ယူတပ်မဟာ ၅ လက်အောက်ခံ တပ်ရင်း ၁၀၂ နဲ့ ဒီကေဘီအေခွဲထွက်အဖွဲ့တို့ တိုက်ပွဲငယ်စတင်ဖြစ်ပွားခဲ့ရာမှ သြဂုတ် ၂၈ ရက်နေ့က တပ်မတော်က ၀င်ရောက်လာပြီး နယ်မြေရှင်းလင်းရေးဆောင်ရွက်ရာ နေ့စဉ် လက်နက်ငယ်၊ လက်နက်ကြီးတွေနဲ့ ပစ်ခတ်မှုကြောင့် ဒေသခံကျေးရွာသားတွေ ထိတ်လန့်ပြီး ထွက်ပြေးတိမ်းရှောင်နေရတာပါ။ လှိုင်းဘွဲမြို့နယ်၊ မြိုင်ကြီးငူအထူးဒေသ၊ ကန်ညီနောင်ကျေးရွာ၊ မနော်ချိုက “နှလုံးတွေတောင်မှ တုန်နေပြီ။ အေး အေး ဘုရား ဘုရား အခုပစ်နေတယ်လေ။ ဘုရားရေ အခုပြောနေတုန်း ပစ်နေပြီ။ ဒေသခံတွေ ထွက်ပြေး ကုန်ပြီ။ တပ်မတော်ကတော့ အင်အား ၅၀ လောက်တော့ ရှိတယ်။ ကေအန်ယူကတော့ ၁၀၀ ကျော် လောက်ရှိမယ် ခန့်မှန်းတယ်”လို့ ပြောပါတယ်။ ကေအန်ယူ တပ်မဟာ ၅၊ ဆက်ဆံရေးတာဝန်ခံ ဗိုလ်မှူး စောအယ်ဒို“ဒီမနက် တပ်က ကန်ညီနောင်မှာရောက် ပြီးတော့ သူတို့ကပစ်ရှင်းလုပ်တယ်။ ကျနော်တို့က ရှောင်ပေးထားတယ်။ သူတို့က ရှင်းမယ်ဆိုတော့ ကျနော်တို့ က ရှောင်ထားပေးတာ။ အခုကတော့ နယ်မြေဒေသခံတွေကျတော့ မနေရဲတဲ့သူတွေကျတော့ တခြားနေရာမှာ ရှောင်ထားခိုင်းတယ်။ ကျနော်တို့ ပြဿနာကို ရှင်းလို့မပြီးသေးတဲ့အခါမှာကျတော့ လူထုတွေတော့ ရှောင်ထားခိုင်းတယ်”လို့ ပြောပါတယ်။ ကရင်အမျိုးသားအစည်းအရုံး၊ ကေအန်ယူဟာ တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်ရပ်စဲရေး သဘောတူညီချက် (အန်စီအေ) ထိုးထားတဲ့ တိုင်ရင်းသားလက်နက်ကိုင် တပ်ဖွဲ့ဖြစ်ပါတယ်။ တပ်မတော်က တပ်မဟာ ၅ နယ်မြေကို ၀င်ရောက်တာဟာ ဒီကေဘီအေခွဲထွက်အဖွဲ့ကို ရှင်းလင်းဖို့ဖြစ်ပြီး ကျန်ရည်ရွယ်ချက်တွေကို မသိသလို မိမိတို့နယ်မြေကို ၀င်ရောက်လာတာကို အသိအမှတ်မပြုတဲ့ အဖွဲ့အစည်းတခုကို မိမိတို့က မောင်းထုတ်ပိုင်ခွင့်နဲ့ ကာကွယ်ပိုင်ခွင့်ရှိရမှာဖြစ်သလို အခုလိုတပ်မတော်က၀င်ရောက်ပြီး ဖယ်ရှားရှင်းလင်းဖို့ လုပ်ဆောင်နေတာတွေဟာ အန်စီအေစာချုပ်ပါ သဘောတူညီမှုတွေကို ချိုးဖောက်တာလို့ ဗိုလ်မှူး စောအယ်ဒိုက ဆိုပါတယ်။ နှစ်ဖက်ပစ်ခတ်တိုက်ခိုက်မှုတွေကြောင့် ကန်ညီနောင်ကျေးရွာက အိမ်ထောင်စု ၄၇ စု၊ လူဦးရေ ၃၀၀ လောက်၊ မာလာယုကျေးရွာ အိမ်ထောင်စု ၂၃ စု လူဦးရေ ၁၀၀ လောက် ထွက်ပြေးတိမ်းရှောင်နေရပြီး ၀ဲကြီးကျေးရွာသားတွေက နီးစပ်ရာ ဆွေမျိုးတွေဆီမှာ သွား ရောက်ခိုလုံနေရတယ်လို့ စစ်ဘေးရှောင်နေရတဲ့ ဒေသခံတွေကပြောပါတယ်။ လက်ရှိဖြစ်ပွားနေတဲ့ တိုက်ပွဲတွေနဲ့ပတ်သက်ပြီး ကရင်ပြည်နယ် ပစ်ခိုက်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့် ရေးကော်မတီကို သွားရောက်မေးမြန်းရာ ဖြစ်စဉ်အသေးစိတ်ကို မသိရှိရသေးကြောင့် တာဝန်ရှိသူက ပြောပါတယ်။ ရဲမင်းခေါင်
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024