Home
ဆောင်းပါး
ဒီမိုကရေစီလှေဦးရဲ့ ပဲ့တချောင်း (သို့မဟုတ်) မီဒီယာ
DVB
·
September 1, 2018
မြန်မာနိုင်ငံ သတင်းထောက်တွေအနေနဲ့ လက်ရှိမှာ မီဒီယာဥပဒေရဲ့ အားနည်းချက်တွေကြောင့် မီဒီယာလုပ်ငန်းတွေမှာ အားနည်းချက်တွေ ရှိနေသလို လုပ်ငန်းဆောင်ရွက်တဲ့အခါမှာလည်း အားနည်းချက်တွေ အများကြီး ရှိနေပါတယ်။ ဒီမိုကရေစီနိုင်ငံအဖြစ် အသွင်ဖော်ဆောင်ရာမှာ မီဒီယာဟာ အရေးကြီးကဏ္ဍက ပါဝင်နေပြီး အရေးကြီးတဲ့ မီဒီယာအတွက် သတင်းလွတ်လပ်ခွင့်ဟာလည်း နှောင်ကြိုးမလွှတ်သေးတဲ့ လေတံခွန်တွေလိုပါပဲ။ ယနေ့ ၂၀၁၈ ခုနှစ် ပြည်သူ့အစိုးရ လက်ထက်မှာပဲ မီဒီယာသမားတွေအချို့ဟာ ပုဂ္ဂိုလ်ရေးဆန်တဲ့ မီဒီယာ ဥပဒေပုဒ်မ မဟုတ်တဲ့ အခြားပုဒ်မတွေနဲ့ အရေအတွက် ဦးရေ ၂၀ ကျော် တရားစွဲဆိုခံခဲ့ရပါတယ်။ တကယ်တမ်းတော့ သတင်းသမားကို ဆက်သွယ်ရေးဥပဒေပုဒ်မနဲ့ တရားစွဲဆိုခြင်းဟာ မလျော်ကန်တဲ့ အလုပ်ကို လုပ်လိုက်တာလို့ ကျနော်ကတော့ ယူဆမိပါတယ်။ အရင်က ဆက်သွယ်ရေးဥပဒေပုဒ်မနဲ့ တရားစွဲခံရပြီဆိုရင် ဘယ်သူမဆို အာမခံ မရှိ။ အစစ်အဆေး အမေးအမြန်းမရှိ ထိန်းသိမ်းခံရတယ်။ ဒါကြောင့် အလုပ်ပျက်တယ်။ စားဝတ်နေရေးလည်း ထိခိုက်မှု ရှိခဲ့ကြပါတယ်။ အဆိုးဆုံး အခက်အခဲကတော့ တိုင်းရင်းသားဒေသ တိုက်ပွဲတွေနဲ့ မူးယစ်ဆေးဝါး သတင်းတွေ စစ်ရေးပဋိပက္ခသတင်းတွေမှာ သတင်းသမားတွေဟာ အသက်အန္တရာယ်နဲ့ ရင်းပြီး ခက်ခက်ခဲခဲ သတင်းရယူနေရမှုတွေပါပဲ။ “မြန်မာနိုင်ငံက သတင်းထောက်တွေကို တခြားနိုင်ငံမှာ သတင်းသွားယူရင် ကာဗာပေးတဲ့ ပုံစံမျိုး ဥပဒေမှာ မရှိဘူး” လို့ လားရှိုးမြို့ သတင်းထောက် ခွန်ဇော်ဦးက ဆိုပါတယ်။ ပြည်တွင်းမှာတောင် ချောက်နှုတ်ခမ်း နင်းပြီး လျှောက်နေရတဲ့ သတင်းသမားတွေအတွက် ပြည်ပ သတင်းယူရာမှာ ကာဗာပေးမယ့် ဥပဒေဆိုတာ သတင်းသမားတွေအတွက် မျှော်လင့်စရာ ရွှေအိပ်မက်ကြီးတခုပါပဲ။ လက်ရှိမှာတော့ သတင်းသမားတွေအတွက် မီဒီယာ ပြန်ကြားခွင့် ဒီမိုကရေစီဟာ အရင် အင်္ဂလိပ်ခေတ်က မြန်မာကို ပေးခဲ့တဲ့ ရွှေရည်စိမ်ပါပဲ။ ဒါနဲ့ပတ်သက်ပြီးလည်း ကရင်ပြည်နယ် သတင်းထောက်တဦးဖြစ်တဲ့ ရဲမင်းခေါင်က ခုလို ပြောပါတယ်။ “ကျနော်တို့ ကရင်ပြည်နယ်မှာဆိုရင် များသောအားဖြင့် ဖြစ်နေတဲ့ issus တွေမှာ များသောအားဖြင့် တိုင်းရင်းသားလက်နက်ကိုင်တွေ ရှိမယ်။ ပြီးတော့ မူးယစ်ဆေးဝါးကိစ္စတွေ ရှိမယ်။ မူးယစ်ဆေးဝါးကိစ္စတွေမှာဆိုရင် သတင်းထောက်တယောက်အနေနဲ့ သတင်းယူရာမှာ များသောအားဖြင့် တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ ပတ်သက်တာတွေ ရှိတယ်။ တချို့ ဌာနဆိုင်ရာတွေနဲ့ ပတ်သက်တာတွေ ရှိတယ်။ ဒီသတင်းမျိုးတွေ သွားရောက်ယူတဲ့အခါမှာကျတော့ ကျွန်တော်တို့ ဘာတွေ အခက်အခဲဖြစ်လဲဆိုရင် သက်ဆိုင်ရာက သတင်းကို ထုတ်ပြန်ပေးတာတွေ မရှိဘူး။ ကျနော်တို့ သတင်းယူတဲ့အခါမှာလည်း တိုင်းရင်းသားလက်နက်ကိုင်တွေဘက်က ဖြစ်နေတဲ့ အခြေအနေတွေ သက်ဆိုင်ရာဘက်က ဥပဒေအရ တရားဥပဒေစိုးမိုးမှု ဘယ်လောက်ရှိနေသလဲ ဆိုတာတွေ အဲဒီလို သတင်းမျိုးတွေနဲ့ ပတ်သက်ရင် သတင်းသမားတွေအတွက် သတင်းရရှိခဲ့တာတွေ မရှိဘူး။ ထုတ်ပြန်ပေးတာ မရှိဘူး” မြန်မာနိုင်ငံဟာ ပြီးခဲ့တဲ့ ၂၀၁၀ ခုနှစ်မှာ အရပ်သားအုပ်ချုပ်ရေး ဒီမိုကရေစီစနစ်ကို အသွင်ပြောင်းခဲ့ပါတယ်။ အဲဒီလို အသွင်ပြောင်းလာတဲ့ ဒီမိုကရေစီ ခေတ်ဦးမှာတော့ အရပ်ဝတ်လဲ အရပ်သားအစိုးရက စတင်အုပ်ချုပ်ခဲ့ပြီး မီဒီယာလွတ်လပ်ခွင့် အတော်များများရရှိခဲ့ပြီး သတင်းမီဒီယာသမားတွေအပေါ် တရားစွဲ အရေးယူမှုတွေ နည်းပါးခဲ့တာ တွေ့ရပါတယ်။ ၂၀၁၅ မှာ အရပ်သားစစ်စစ်အစိုးရ တက်လာတဲ့အခါမှာတော့ ဒီမိုကရေစီစိတ်ဓာတ် မရင့်ကျက်သေးတဲ့ မြန်မာနိုင်ငံမှာ မီဒီယာသမားတွေ အနေကြပ်ခဲ့ရပါတယ်။ အနေကြပ်ရုံမက သက်ဆိုင်ရာ အစိုးရတွေရဲ့ အသုံးချမှုကိုလည်း မီဒီယာ အချို့ ခံခဲ့ရပါတယ်။ “တိုက်ပွဲသတင်း မူးယစ်ဆေးဝါးသတင်းတွေမှာ သက်ဆိုင်ရာနဲ့ လက်နက်ကိုင်တွေ ပတ်သက်တာတွေကျတော့ ကျနော်တို့ကို သတင်းထုတ်ပြန် ဖြေကြားတာ မရှိဘူး။ ဒါပေမယ့် သူတို့ ဆောင်ရွက်ချက်တွေ ပွဲတွေမှာတော့ ကျနော်တို့ မီဒီယာသမားတွေကို ဖိတ်တယ်။ သတင်းယူစေတယ်” လို့လည်း ကရင်ပြည်နယ် သတင်းထောက်တဦးဖြစ်တဲ့ ရဲမင်းခေါင်က ဆက်ပြောပါတယ်။ လက်ရှိမှာတော့ ကရင်ပြည်နယ် သတင်းထောက်က “သတင်းလွတ်လပ်ခွင့်အနေနဲ့ ကျနော်တို့ ပြည်နယ်မှာ မရှိဘူးဗျ။ သက်ဆိုင်ရာ အခမ်းအနားပွဲတွေမှာတောင် မောင်းထုတ်ခံရတာတွေ ရှိတယ်” လို့ ဆိုပါတယ်။ မြန်မာနိုင်ငံမှာ လက်ရှိမှာတော့ သတင်းမီဒီယာသမားတွေအနေနဲ့ အစိုးရရဲ့ လိုသုံးပုံစံမှာသာ ရှိနေပြီး ပွင့်လင်းမြင်သာတဲ့ ဒီမိုကရေစီ သတင်းစီးဆင်းမှုစနစ်ဟာ လုံးဝ အားနည်းနေတာကို တွေ့နေရပါတယ်။ လူတချို့ကလည်း မီဒီယာသမားတွေကို အစိုးရနဲ့ လက်နက်ကိုင်တွေနဲ့ ခိုင်မာတဲ့ ယုံကြည်မှု တည်ဆောက်မရတာကြောင့် ခုလို အခြေအနေတွေ ဖြစ်ပေါ်နေတယ်လို့ သုံးသပ်ကြပါတယ်။ အစိုးရရယ် တိုင်းရင်းသား လက်နက်ကိုင်တွေရယ် တပ်မတော်ရယ် ကြားမှာသာ တကယ့်ကို တိုင်းပြည်ကို ကောင်းစားစေချင်တယ်ဆိုရင် သတင်းမီဒီယာသမားတွေကို ယုံကြည်မှု မရှိဘူးဆိုတာ မဖြစ်နိုင်ပါဘူး။ လိပ်ပြာသန့်တယ်ဆိုရင် လုပ်ရပ်တိုင်း ပွင့်ပွင့်လင်းလင်း လုပ်ဆောင်မှုကို ချမပြရဲစရာ အကြောင်း မရှိပါဘူး။ “ကျမ အမြင်ကတော့ တိုင်းရင်းသား လက်နက်ကိုင်တွေနဲ့ တပ်မတော်နဲ့ ဖြစ်တဲ့အခါ မီဒီယာအချို့ဟာ အမှန်အတိုင်းရေးဖို့ ခက်နေတယ်လို့ ထင်ပါတယ်။ တိုင်းရင်းသားဒေသမှာ ဖြစ်တယ်ဆိုရင် တိုင်းရင်းသားမီဒီယာတွေက ကိုယ့်တိုင်းရင်းသားလူမျိုး လက်နက်ကိုင်ဘက်ကို မလိုက်ဘဲ သတင်းကို ပွင့်ပွင့်လင်းလင်း ချပြရဲရဲ့လား။ တပ်မတော်ကိုပဲ ပုတ်ခတ်မှာလား တွေးရမယ်။ သတင်းသမားဆိုတာ အဂတိကင်းရမှာ ဖြစ်တဲ့အတွက် ကိုယ့်လူမျိုးမို့ဆိုပြီး ကိုယ့်လူမျိုးဘက် လိုက်တာ လုံးဝ မဖြစ်သင့်ဘူး” လို့လည်း ရန်ကုန်မြို့ သတင်းထောက် အမျိုးသမီးတဦးက ပြောပါတယ်။ “လက်နက်ကိစ္စတွေ တိုက်ပွဲတွေ မူးယစ်ဆေးဝါးသတင်းတွေ လိုက်ရတဲ့အခါမျိုးမှာ သတင်းထောက်တွေအတွက် ဘယ်အစိုးရ ဘယ်လက်နက်ကိုင် ဘယ်ဥပဒေကမှ အကူအညီ ပေးထားတာ မရဘူး။ ဒီလို ခက်ခက်ခဲခဲကြားထဲကမှ သတင်းတွေကို ကျနော်တို့ လိုက်ရတယ်။ အန္တရာယ်နဲ့လည်း ရင်ဆိုင်ရတယ်” လို့ ကချင်ပြည်နယ် ဖားကန့်ဒေသ သတင်းထောက်တဦး ဖြစ်တဲ့ ကိုဇော်မိုးထက်က ပြောပါတယ်။ “မူးယစ်ဆေးဝါးသတင်းနဲ့ လောင်းကစားသတင်းလိုဟာမျိုးဟာ ကျနော်ကိုယ်တိုင် ခြိမ်းခြောက်ခံရတာ ရှိပါတယ်။ အဲဒီလို သတင်းမျိုးမှာ သတင်းတောင် မတင်ဆက်ရသေးဘူး။ သွားရောက်မေးမြန်းတာ ရိုက်တာတွေ လုပ်တဲ့အခါ လူတွေ့ပြီးပဲ ဖြစ်ဖြစ်၊ ဖုန်းနဲ့ပဲ ဖြစ်ဖြစ် မင်းမှာ ခေါင်းတလုံး အပိုပါသလား၊ အဲဒီလို ခြိမ်းခြောက်ခံရတာတွေ ရှိတယ်။ လူတွေ့ပြီးတော့ကတော့ မလုပ်ဖို့ တားမြစ်တာတွေ ခံရတယ်” လို့လည်း ကိုဇော်မိုးထက်က ဆိုပါတယ်။ တိုင်းရင်းသား လက်နက်ကိုင်ဒေသ တိုက်ပွဲသတင်းတွေ မူးယစ်ဆေးသတင်းတွေအပြင် ပြည်မတိုင်းတွေမှာလည်း သတင်းသမားတွေဟာ အသက်သေရတဲ့အထိ ရှိခဲ့ပါတယ်။ မုံရွာသတင်းထောက် စိုးမိုးထွန်းဟာဆိုရင် အသတ်ခံခဲ့ရတာ တနှစ်ကျော် ရှိလာပေမယ့် အမှုမှန်တော့ ယနေ့ထိ မပေါ်ပေါက်သေးတာကို တွေ့ရပါတယ်။ “ကျနော်တို့ဘက်မှာဆိုရင် တရားမဝင် ရွှေလုပ်ငန်းတွေ ရှိနေတယ်။ သစ်မှောင်ခိုတွေ ရှိနေတယ်။ ဒါတွေကို သတင်းသမားတွေက ချပြဖို့ သတင်းယူတယ်ဆိုရင် လုံးဝ ပိတ်ပင်တယ်။ ခြိမ်းခြောက်တာတွေလည်း ခံရတယ်” လို့ ပဲခူးသတင်းထောက်တဦးဖြစ်တဲ့ ကိုနေလင်းထိုက်က ဆိုပါတယ်။ တိုင်းရင်းသား လက်နက်ကိုင်တွေ မှောင်ခိုလုပ်ငန်းတွေ တပ်မတော်အရေးကိစ္စတွေအပြင် လယ်ယာမြေ သိမ်းဆည်းရေးတွေမှာလည်း သက်ရာတွေကရဲ့ သတင်းထိမ်ချန်မှုတွေက ရှိနေပါတယ်။ “ကျမတို့ဘက်မှာက သိမ်းဆည်းမြေတွေနဲ့ ပတ်သက်တဲ့ သတင်းတွေက အများဆုံးရှိတယ်။ သိမ်းဆည်းမြေတွေနဲ့ ပတ်သက်လို့ သတင်းလိုက်တဲ့အခါကျရင် ဌာနဆိုင်ရာတွေမှာ အဝင်အထွက်တွေ လုပ်ရတယ်။ အဲဒီနေရာမှာလည်း အခက်အခဲတွေ အများကြီး ကြုံရတယ်။ ဌာနဆိုင်ရာတွေကို အင်တာဗျူးတောင်းတဲ့အခါမှာ မပေးတဲ့ အခက်အခဲတွေ အများကြီး ကြုံရတယ်။ အချိန် ၃ နာရီလောက် စောင့်ရတာမျိုးပေါ့။ အဲဒီလိုမျိုးပေါ့နော်။ တခါတလေ ရှောင်ထွက်သွားတာမျိုးတို့ အဲဒီလို အခက်အခဲတွေနဲ့ ကြုံရတယ်” ရန်ကုန်တိုင်း တိုက်ကြီးမြို့နယ်က သတင်းထောက် မမေသွယ်က ပြောပါတယ်။ ယခုဆိုရင် တိုင်းပြည် ငြိမ်းချမ်းရေးအတွက် တပ်မတော်လက်နက်ကိုင် အစိုးရ အားလုံး ပူးပေါင်းဆောင်ရွက်နေချိန်မှာ တဖက်မှာလည်း မူးယစ်ဆေး လယ်ယာမြေ တရားမဝင်မှောင်ခို လုပ်ငန်းတွေကလည်း မငြိမ်းချမ်းခြင်းရဲ့ ပဋိပက္ခတွေ ဖြစ်စေတဲ့အတွက် သတင်းသမားတွေဟာ တဖက်တလမ်းက ကူညီပေးနေကြတာပဲ ဖြစ်ပါတယ်။ သတင်းသမားတွေရဲ့ တာဝန်မှာကို အစိုးရနဲ့ ပြည်သူအကြား ပေါင်းကူးပေးရေးဆိုတဲ့ တာဝန်ရှိနေပါတယ်။ ဒါကြောင့် ဘယ်ခေတ်မှာပဲ ဖြစ်ဖြစ် သတင်းသမားက သားဆိုရင် အစိုးရက မိဘ ပါပဲ။ သားတွေကတော့ လိုချင်တာ ဖြစ်နေတာတွေကို ပြောကြရမှာ သားသမီးတွေရဲ့ တာဝန်ပါပဲ။ ဖြစ်နိုင်၊ မဖြစ်နိုင် ချင့်ချိန် ဖြေရှင်းရမှာ အစိုးရဆိုတဲ့ မိဘ တာဝန်ပါပဲ။ သားသမီးက ပူဆာလို့ ရိုနှက်တတ်တဲ့ မိဘကို သားသမီးတွေက ချစ်ပေမယ့် ပျော်ပျော်ရွှင်ရွှင် ချစ်ရဲကြမှာ မဟုတ်ပါဘူး။ ဒီတော့ ယနေ့ ဒီမိုကရေစီ ဖော်ဆောင်နေတဲ့ လူထုအစိုးရ လက်ထက်မှာ သတင်းမီဒီယာသမားတွေကို ပြည့်ဝတဲ့ ဥပဒေတွေနဲ့ အကာအကွယ်ပေးရမယ်။ ဖိနှိပ်တဲ့ ဥပဒေတွေကို ပြင်ဆင်ပေးရမယ်။ ကြီးကြီးကျယ်ကျယ် ပြောရရင် ဒီမိုကရေစီ လှေဦးကို ထိန်းနေတာ မီဒီယာ ဆိုတဲ့ ပဲ့ တချောင်းပဲ ဖြစ်ပါတယ်။   မင်းရဲစစ်နိုင်
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024