မန်ယူ၏ ၂၀၁၄ ခုနှစ်က ကမ်းလှမ်းမှုကို ပယ်ချခဲ့ဟု လီဗာပူးတိုက်စစ်မှူး မာနေး ပြော

၂၀၁၄ ခုနှစ်မှာ မန်ယူအသင်းက ခေါ်ယူဖို့ ကမ်းလှမ်းခဲ့ပေမယ့် ပယ်ချခဲ့တယ်လို့ လီဗာပူးတိုက်စစ်မှူး မာနေးက ပြောကြားလိုက်ပါတယ်။ မာနေးအနေနဲ့ အဲဒီအချိန်က သြစတြီးယားကလပ် ရက်ဘူးဒ်ဆဲဘတ်ခ်ျမှာ ကစားနေတာဖြစ်ပြီး မန်ယူအသင်းကို နည်းပြ လူးဝစ္စဗန်ဟားလ် ကိုင်တွယ်နေတဲ့အချိန်က ဖြစ်ပါတယ်။ နည်းပြဗန်ဟားလ်နဲ့ စကားပြောခဲ့ပြီးနောက် မန်ယူအသင်းက ကမ်းလှမ်းမှု လုပ်ခဲ့ပေမယ့် မိမိအတွက် သင့်တော်တဲ့အသင်း မဟုတ်တဲ့အပြင် အသင်းပြောင်းရွှေ့ဖို့ အချိန်ကောင်း မဟုတ်တာကြောင့် ငြင်းဆန်ခဲ့တာဖြစ်တယ်လို့ မာနေးက ဆိုပါတယ်။ မန်ယူအသင်းအနေနဲ့ မာနေးကို ပေါင် ၂၅ သန်းနဲ့ ခေါ်ယူဖို့အထိ ဆွေးနွေးခဲ့ပြီးဖြစ်တယ်လို့ ဆိုပါတယ်။ မာနေးဟာ မန်ယူအသင်းက ကမ်းလှမ်းခဲ့တဲ့ ၂၀၁၄ ခုနှစ်မှာပဲ ဆောက်သမ်တန်အသင်းကို ပေါင် ၁၁ ဒသမ ၈ သန်းနဲ့ ပြောင်းရွှေ့ခဲ့ပါတယ်။ ၂၀၁၅ ခုနှစ်မှာ ဆောက်သမ်တန်အတွက် ၄၃ ပွဲမှာ ၁၅ ဂိုးသွင်းခဲ့တဲ့ မာနေးကို လီဗာပူးအသင်းက ခေါ်ယူခဲ့တာဖြစ်ပြီး လက်ရှိအချိန်အထိ ၇၆ ပွဲ ကစားထားပြီး ၃၆ ဂိုး သွင်းယူထားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up