Home
မြန်မာသတင်း
သီပေါတွင် နှစ် ၂၀ အတွင်း အဆိုးရွားဆုံး ရေကြီး၊ လယ်ဧက ၁၅၀ ကျော် နစ်မြုပ်
နန်းမြနဒီ
·
August 31, 2018
ရှမ်းပြည်မြောက်ပိုင်း၊ သီပေါမြို့နယ်၊ မန်လီကျေးရွာအုပ်စုထဲမှာ နှစ် ၂၀ ကျော်အတွင်း အဆိုးရွားဆုံးရေကြီးနေပြီး လယ်ယာစိုက်ခင်း ဧကပေါင်း ၁၅၀ ကျော် နစ်မြုပ်သွားပါတယ်။ မနေ့က မိုးဆက်တိုက်ရွာသွန်းပြီး မန်လီအုပ်စုတွင်းရှိ လွယ်ငင်းတောင်ပေါ်က တောင်ကျရေတွေ နမ့်စမ်ချောင်းထဲကို စီးဆင်းလာလို့  မနက် ၉ နာရီ ၁၅ မိနစ်လောက်မှာတော့ ချောင်းစပ်တလျှောက်က လယ်ယာစိုက်ခင်းတွေအားလုံး အချိန်တိုတိုလေးအတွင်းမှာ ရေပြင်ကြီးဖြစ်သွားတယ်လို့ မန်လီကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးစိုင်းနောင့်က ဒီဗွီဘီကို ပြောပါတယ်။ “တောင်ကျချောင်းရေတွေ စီးလာတော့ ချောင်းရေလျှံကျပြီး အဲဒီတကြောလုံးက စိုက်ခင်းဧ ကပေါင်း ၄၇ ဧက ပျက်စီးတယ်ခင်ဗျ။ ပျိုးကာစ စပါးပင်လေးတွေပါ အမြင့်တတောင်ကျော်လောက်ပဲ ရှိဦးမယ်။ နောက် ခဲမွန်ရွာဘက်မှာ ရေလွှမ်းတဲ့ လယ်မြေ ၇၆ ဧက၊ ပြောင်းခင်းတွေလည်းပါတယ်။ ပြောင်းဖူးတွေက သီးနေပြီ၊ နောက်တပတ်ဆို ချိုးလို့ရပြီ၊ အဲဒါတွေလည်း ရေထဲမြုပ်သွားတယ်။ ပန်ကျင်၊ ကုန်းဝိုင်နဲ့ ပိန်းဆိုင်းရွာပေါင်း ၃ ရွာ နေအိမ် ၁၂ လုံးက လယ်မြေ ၃၀ ဧက။  နောက်ပြီး ပိုင်ရှင် ၂ ဦးပိုင် ဟင်းသီးဟင်းရွက်သီးနှံစိုက်ခင်း ၇ ဧက၊ နောက်ထပ် ပုန်းထွန်ရွာဘက်မှာလည်း စပါးပင်တွေ ရေမြုပ်တယ်ပြောတယ်။ စာရင်းတော့ တက်မလာသေးဘူး၊ ရသမျှ စာရင်းကောက်ပြီး မြို့နယ်အုပ်ချုပ်ရေးရုံးကို တင်ပြထားပါတယ်။ ” မနေ့က ရေကြီးမှုမှာ ၅ နာရီလောက်ကြာမြင့်ပြီး မွန်းလွဲ ၂ နာရီလောက်မှာ ရေပြန်ကျသွားကြောင်း၊ ဒါပေမယ့် မိုးသားတွေ မည်းနေဆဲမို့ စိတ်မချရသေးကြောင်း၊ ရေကြီးမှုမှာ  လူနဲ့ ကျွဲ နွား တိရစ္ဆာန် ရေထဲမျောပါ ပျောက်ဆုံးတာတွေ မရှိသလို၊ လူနေအိမ်က ချောင်းစပ်နဲ့ အတန်ငယ်ဝေးပြီး ခြေတံရှည်အိမ်တွေဖြစ်လို့ ရေဝင်တာလည်း မရှိဘူးလို့ ဆိုပါ တယ်။ မန်လီကျေးရွာအုပ်စုထဲမှာ ရွာပေါင်း ၇ ရွာရှိပြီး လွန်ခဲ့တဲ့နှစ်ပေါင်း ၂၀၊ ၃၀ လောက်က ရေကြီးမှုတခါဖြစ်ခဲ့ပေမယ့် ဒီနှစ်ကတော့ ကြုံဖူးသမျှထဲမှာ အဆိုးရွားဆုံး ရေကြီးမှု ဖြစ်တယ်လို့ ကျေးရွာအုပ်ချုပ်ရေးမှူးက ပြောပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024