DVB Logo
Home
မြန်မာသတင်း
သေဒဏ်ကျ ကိုဖြိုးဝေအောင် ပြန်လွတ်
DVB
·
August 3, 2012
သေဒဏ်ကျ ကိုဖြိုးဝေအောင် ပြန်လွတ်
Donate to DVB

၂၀၁၀ ခုနှစ် ရန်ကုန်သင်္ကြန်မဏ္ဍပ် ဗုံးခွဲမှုနဲ့ စွပ်စွဲခံရပြီး သေဒဏ် ချမှတ်ခံရသူ နိုင်ငံရေး အကျဉ်းသား ကိုဖြိုးဝေအောင်ကို ပုဒ်မ ၄၀၁ လွတ်ငြိမ်းခွင့်နဲ့ ဒီနေ့ခင်းမှာ လွှတ်ပေးလိုက်တယ်လို့ ကိုဖြိုးဝေအောင်ရဲ့ ဇနီးမဌေးဌေးက အတည်ပြု ပြောဆိုပါတယ်။

“၄၀၁ နဲ့ လွှတ်ပေးတယ်ဆိုပြီး အင်းစိန်ထောင်ပိုင်နဲ့ လာပြီးတော့ အဲဒီစာရွက် ပြသွားပြီး ပြန်လွှတ်တဲ့စာရွက်ပေးသွားတယ်။ ကျမကတော့ ဘာမှ ထွေထွေထူးထူး ပြောစရာမရှိပါဘူး။ ကျန်းမာရေး အခြေအနေကြောင့် လွှတ်တာပဲလေ။ ဘာမှ ထူးထူးဆန်ဆန် မခံစားရပါဘူး။”

ကိုဖြိုးဝေအောင်ဟာ လက်ရှိ ကင်ဆာရောဂါဝေဒနာကြောင့် အောက်ပိုင်း သေသွားပြီး ရန်ကုန်မြို့အင်းစိန်ပြည်သူ့ ဆေးရုံမှာ ကုသမှုခံယူနေရပါတယ်။

[caption id="attachment_21482" align="alignleft" width="235" caption="ကိုဖြိုး​ဝေ​အောင်"][/caption]

သူ့ကို လွှတ်ပေးကြောင်း အင်းစိန်ထောင်အာဏာပိုင်တွေက ဆေးရုံမှာ လွှတ်ပေးစာ လာရောက် ဖတ်ကြားပေးသွားသလို ဆေးရုံဆင်းခွင့်လက်မှတ်လည်း ဆရာဝန်က ထုတ်ပေးထားပြီးဖြစ်တယ်လို့ မဌေးဌေးက ပြောပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင် ၃၀ ရက်နေ့က ကိုဖြိုးဝေအောင်ကို ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့် အရေးကိုယ်စားလှယ် မစ္စတာကင်တာနားက ဆေးရုံမှာ တွေ့ဆုံသွားခဲ့ပြီး နောက် ၄ ရက်အကြာမှာ ပြန်လွတ်လာတာဖြစ်ပါတယ်။

ကိုဖြိုးဝေအောင်ကို လွတ်ငြိမ်းချမ်းသားခွင့်နဲ့လွှတ်ပေးလိုက်ပေမယ့် ပြစ်မှု မကျူးလွန်ဘူးဆိုတဲ့အကြောင်းကိုတော့ လာမယ့် ဩဂုတ် ၁၄ ရက်နေ့မှာ အယူခံဝင်ဖို့ရှိတယ်လို့ ကိုဖြိုးဝေအောင်ရဲ့ ရှေ့နေ ဦးကျော်ဟိုးက ပြောပါတယ်။

“၄၀၁ နဲ့ လွှတ်ပေးလိုက်တဲ့သဘောမှာ ပြစ်ဒဏ်ကို လွတ်ငြိမ်းခွင့်ပေးလိုက်တဲ့ သဘောပဲ။ ပြစ်မှု မကျူးလွန်လို့ လွှတ်တဲ့သဘော မဟုတ်ဘူး။ ၁၄ ရက်နေ့မှာ ကိုဖြိုးဝေအောင်ရဲ့ အယူခံအမှုကို ကြားနာမယ်လေ။ အဲဒီနေ့မှာ ကျနော်တို့ လျှောက်လဲချက် ပေးဖို့ရှိတယ်။ ပြစ်မှု မကျူးလွန်တဲ့အကြောင်းပေါ့။ အခုအချိန်မှာ သူ့ကို လွှတ်တာ မလွှတ်တာ အဓိက မကျဘူးလေ။ သူ့အနေနဲ့ ပြစ်မှု မကျူးလွန်ဘူးဆိုတဲ့အပိုင်းကို ကျနော်တို့ တရားရုံးကို တင်ပြဖို့ ရှိပါတယ်။”

တရားရုံးက ကိုဖြိုးဝေအောင်ကို သေဒဏ်ချမှတ်ခံရတဲ့အပေါ် မစ္စတာကင်တာနားက မြန်မာ့ တရားစီရင်ရေးကို ဝေဖန်ခဲ့ဖူးပါတယ်။ ဒီသေဒဏ်ကိုချမှတ် ခြင်းအားဖြင့် မြန်မာနိုင်ငံရဲ့ တရားစီရင်ရေးမှာ မလွတ်လပ်သလို လူ့အခွင့်အရေးစံနှုန်း တွေနဲ့ မကိုက်ညီဘူးဆိုတာ ပြသတာပဲလို့ ထောက်ပြခဲ့ဖူးပါတယ်။ ကိုဖြိုးဝေအောင် လွတ်မြောက်ရေးအတွက်လည်း နိုင်ငံတကာအဖွဲ့တွေက တောင်းဆိုခဲ့ကြပါတယ်။

ကိုဖြိုးဝေအောင်ကို အင်းစိန်ထောင်တွင်း ရုံးထိုင်တရားရုံးက ဒီနှစ် မေ ၈ ရက်နေ့ မှာ အမှု ၄ မှုအတွက် တပေါင်းတည်း သေဒဏ်ချမှတ် စီရင်ခဲ့တာ ဖြစ်ပါတယ်။

 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013