Home
အနုပညာ
ရုပ်ရှင်ဝါသနာအိုးတို့အတွက် ဘယ်ရုံမှာ ဘာကားတွေ ပြနေသလဲ (ရုပ်သံ)
DVB
·
August 30, 2018
ဒီတပတ် ဒီဗွီဘီရဲ့ Movie Crazy - DVB အစီအစဉ်မှာ ရုပ်ရှင်ဝါသနာအိုးတွေအတွက် ပုံမှန်တင်ဆက်နေကြဖြစ်တဲ့ နိုင်ငံတကာနဲ့ ပြည်တွင်းက ကောင်းနိုးရာရာ ရုပ်ရှင်ဇာတ်ကားတွေကို ရွေးချယ် ဖော်ပြပေးလိုက်ပါတယ်။ မူဗီခရေဇီတွေကို ပထမဆုံး မိတ်ဆက်ပြောပြပေးချင်တဲ့ ရုပ်ရှင်ကားကတော့ Destination Wedding အမည်ရတဲ့ ဟောလိဝုဒ်ရုပ်ရှင်ကားတကားပါ။ ဒီကားဟာ Comedy, Drama, Romance အမျိုးအစား ရုပ်ရှင်ကြိုက် ပရိသတ်တွေ နှစ်သက်ကြမယ့် ဇာတ်ကားတကားဖြစ်ပြီး အမေရိကန်ဒါရိုက်တာ Victor Levin က သူကိုယ်တိုင် ဇာတ်ညွှန်းရေးပြီး ကိုယ်တိုင်ပုံဖော် ရိုက်ကူးထားတာ ဖြစ်ပါတယ်။ Frank နဲ့ Lindsay တို့ဟာ တခါမှ မတွေ့ဆုံဖူးကြတဲ့ သူစိမ်းအမျိုးသား၊ အမျိုးသမီး ၂ ယောက်ပါ။ တနေ့တော့ သူတို့ဟာ Destination Wedding တခုမှာ ဆုံတွေ့ခဲ့ကြတယ်။ အဲဒီအချိန်မှာပဲ သူတို့ ၂ ယောက်ဟာ အခြေခံသဘောထား၊ ကြိုက်နှစ်သက်မှုတွေ တိုက်တိုက်ဆိုင်ဆိုင် သွားတူနေကြတာကို တွေ့ရတယ်။ သူတို့ ၂ ယောက်စလုံး သတို့သား၊ သတို့သမီး၊ မင်္ဂလာဧည့်ခံပွဲတွေ စတာတွေကို မုန်းကြတယ်။ ယုတ်စွအဆုံး သူတို့ကိုယ်သူတို့တောင် မနှစ်သက်ကြဘဲ အပေါ်ယံဟန်ဆောင်မှုတွေကို မုန်းကြတယ်။ ဒီ ၂ ယောက်ရဲ့ တွေ့ဆုံပတ်သက်မှုမှာ ဘာတွေ ဖြစ်လာလိမ့်မလဲ။ သူတို့ ၂ ယောက် ချစ်ကြိုက်သွားကြချိန်မှာရော ရေရှည်တည်မြဲပါ့မလား ဆိုတာတွေကို ရှုစားကြရမှာပါ။ ဒီရုပ်ရှင်ကားထဲက အဓိကဇာတ်ကောင်တွေဖြစ်ကြတဲ့ Frank နဲ့ Lindsay နေရာ မှာတော့ နာမည်ကြီး Canadian သရုပ်ဆောင်မင်းသား Keanu Reeves နဲ့ အမေရိကန်မင်းသမီး Winona Ryder တို့က ခေါင်းဆောင် ပါဝင်ထားကြတာ ဖြစ်ပါတယ်။ ဒီရုပ်ရှင်ကားဟာ IMDb မှာတော့ Rating 6.9 အထိ ရရှိထားပါတယ်။ ကြမ်းတမ်းတဲ့ လိင်ပိုင်းဆိုင်ရာ ပြကွင်းပြကွက်တွေ၊ သရုပ်ဆောင်မှုတွေနဲ့ ပြောစကား Dialog တွေ ပါဝင်နေတာမို့လို့ ဒီရုပ်ရှင်ကားကိုတော့ Restricted R အဆင့် သတ်မှတ်ထားပါတယ်။ ကြာမြင့်ချိန် ၈၅ မိနစ်သာရှိတဲ့ ဒီရုပ်ရှင်ကားကိုတော့ လာမယ့် သြဂုတ် ၃၁ ရက်နေ့ ရုံတင်ပြသတော့မှာ ဖြစ်ပါတယ်။ နောက်ထပ် မိတ်ဆက်ပြောပြပေးချင်တဲ့ ရုပ်ရှင်ကားကတော့ ထိတ်လန့်ကြောက်ရွံ့စရာ Comedy Horror အမျိုးအစား ရုပ်ရှင်ကြိုက် ပရိသတ်တွေအတွက်ပါ။ Cynthia လို့ အမည်ရပါတယ်။ ဒီကားကိုတော့ အမေရိကန် ရုပ်ရှင်ဒါရိုက်တာ Devon Downs နဲ့ Kenny Gage တို့က တွဲဖက်ရိုက်ကူးထားတာဖြစ်ပါတယ်။ ဒီကားထဲမှာတော့ Robin နဲ့ Michael တို့ဟာ College ကတည်းက ချစ်သူတွေ ဖြစ်ခဲ့ကြပြီး သူတို့ လက်ထပ်ချိန်မှာလည်း သာယာပျော်ရွှင်စရာကောင်းတဲ့ အိမ်ထောင်ရေးတခု ဖြစ်ခဲ့တယ်။ ဒါပေမယ့် သူတို့မှာ လိုအပ်နေတာက ရင်သွေးလေးပါပဲ။ သူတို့စုံတွဲဟာ ကိုယ်ဝန်ရနိုင်ဖို့ အမျိုးမျိုး ကြိုးစားခဲ့ကြပြီးနောက်မှာတော့ နောက်ဆုံး ကလေးတယောက်ကို မွေးဖွားလာနိုင်ခဲ့တယ်။ အဲဒီကလေးဟာ သူတို့မိသားစုအတွက် ဘယ်လို ဆိုးဝါးတဲ့ ကံကြမ္မာဆိုးတွေ ဖြစ်လာလိမ့်မလဲ ဆိုတာတွေကို ရင်တထိတ်ထိတ်နဲ့ ဒီကားထဲမှာ ရှုစားကြရမှာပါ။ ဒီရုပ်ရှင်ကားထဲမှာတော့ အမေရိကန်သရုပ်ဆောင် မင်းသမီး မင်းသားတွေ ဖြစ်ကြတဲ့ မင်းသမီး Scout Taylor-Compton, မင်းသားကြီး Sid Haig နဲ့ Bill Moseley တို့က ခေါင်းဆောင် ပါဝင်ထားကြပါတယ်။ ဒီကားဟာ Los Angeles မှာ ကျင်းပတဲ့ ရုပ်ရှင်ပွဲတော်တခုဖြစ်တဲ့ Independent Filmmakers Showcase မှာ ကနဦးပြသခဲ့ပြီး  Best Horror Film ဆုကို ရရှိထားတာပါ။ သွေးပျက်ထိတ်လန့်စရာကောင်းတဲ့ ပြကွင်းပြကွက်တွေ၊ သရုပ်ဆောင်မှုတွေနဲ့ ပြောစကား Dialog တွေ ပါဝင်နေတာမို့ ဒီကားကိုတော့ Restricted R အဆင့် သတ် မှတ်ထားတာပါ။ ကြာမြင့်ချိန် မိနစ် ၉၀ ရှိတဲ့ ဒီရုပ်ရှင်ကားကိုတော့ လာမယ့် သြဂုတ် ၃၁ ရက်နေ့ ရုံတင်ပြသတော့မှာ ဖြစ်ပါတယ်။ မူဗီခရေဇီတွေကို နောက်ထပ် မိတ်ဆက်ပြောပြပေးချင်တဲ့ ဟောလိဝုဒ် ရုပ်ရှင်ကားကတော့ The Little Stranger လို့ အမည်ရပါတယ်။ ဒီကားကတော့ Gothic Drama Horror အမျိုးအစား ရုပ်ရှင်ကြိုက် ပရိသတ်တွေ နှစ်သက်ကြမယ့် ဇာတ်ကားတကားဖြစ်ပြီး Irish ရုပ်ရှင်ဒါရိုက်တာ lenny Abrahamson က ပုံဖော်ရိုက်ကူးထားတာ ဖြစ်ပါတယ်။ ဒီရုပ်ရှင်ကားဟာ လွန်ခဲ့တဲ့ ၁၉၄၈ ခုနှစ်ကာလက Dr. Faraday ဆိုတဲ့ ဇာတ်ကောင် တယောက်အကြောင်းကို ပုံဖော်ရိုက်ကူးထားခဲ့တာပါ။ သူ့ရဲ့မိခင်ဟာ တချိန်က အိမ်အကူ အမျိုးသမီးတယောက် ဖြစ်တယ်။ သူ ဆရာဝန်ဖြစ်ပြီးချိန်မှာတော့ သူ့မိခင် တခါက အလုပ်လုပ်ခဲ့ဖူးတဲ့ စံအိမ်တအိမ်ဆီ ဆေးကုသပေးဖို့ ရောက်သွားရာကနေ ထင်မှတ် မထားတာတွေ ကြုံတွေ့ရတော့တယ်။ အဲဒီစံအိမ်ကြီးဟာ Ayres မိသားစုက ရာစုနှစ် ၂ စုစာလောက် နေထိုင်ခဲ့ကြတဲ့ အိမ်အိုဟောင်းကြီးတလုံးဖြစ်ပြီး အိမ်သားတွေဟာ တခုခုကို စိုးရိမ်ထိတ်လန့်နေပြီး ခြောက်လှန့်ခံနေရတယ်။ အဲဒီအချိန်မှာ Dr. Faraday ဟာ ဆေးကုသရင်း ဒီအရှုပ်အထွေးတွေကြားထဲမှာ ဘယ်လို ပါဝင်ပတ်သက်လာမလဲ၊ ဘာတွေများ ဆက်ဖြစ်လာလိမ့်မလဲ ဆိုတာတွေကို ရင်တထိတ်ထိတ်နဲ့ ရှုစားကြရမှာပါ။ ဒီကားထဲမှာတော့ အဓိကဇာတ်ကောင် Dr. Faraday နေရာမှာ Irish မင်းသား Domhnall Gleeson က ခေါင်းဆောင်ပါဝင်ထားပြီး သူနဲ့အတူ ဗြိတိန်သရုပ်ဆောင်မင်းသမီး၊ မင်းသားတွေဖြစ်ကြတဲ့ Ruth Wilson, Will Poulter, Charlotte Rampling တို့က တွဲဖက်သရုပ်ဆောင်ထားခဲ့ကြတာပါ။ သွေးပျက်ထိတ်လန့်စရာ ဇာတ်ဝင်ခန်းတွေ၊ ပြကွင်းပြကွက်တွေ ပါဝင်နေတာမို့လို့ ဒီရုပ်ရှင်ကားကိုတော့ Restricted R အဆင့် သတ်မှတ်ထားတာ ဖြစ်ပါတယ်။ ကြာမြင့်ချိန် ၁၁၁ မိနစ်ရှိတဲ့ ဒီရုပ်ရှင်ကားကိုတော့ လာမယ့် သြဂုတ်လ ၃၁ ရက် နေ့ ရုံတင်ပြသတော့မှာ ဖြစ်ပါတယ်။ မူဗီခရေဇီတွေကို နောက်ထပ် မိတ်ဆက်ပြောပြပေးချင်တဲ့ ဇာတ်ကားကတော့ မြန်မာဟာသ ရုပ်ရှင်ကားတကားဖြစ်ပါတယ်။ ဟီးဟီးဟားဟားလို့ အမည်ရပါတယ်။ ဒီရုပ်ရှင်ကားကိုတော့ အောင်သီရိ ရုပ်ရှင်ထုတ်လုပ်ရေးက တင်ဆက်လိုက်တာဖြစ်ပြီး ရာဇ၀င်ကိုရဲ့ ဇာတ်လမ်းဇာတ်ညွှန်းကို ဒါရိုက်တာ ပြည်ဟိန်းသီဟက ရိုက်ကူး ပုံဖော်ပေးထားတာ ဖြစ်ပါတယ်။ ဒီကားထဲမှာတော့ နာမည်ကြီး သရုပ်ဆောင်တွေဖြစ်ကြတဲ့ မြင့်မြတ်နဲ့ ရွှေမှုန်ရတီတို့က ခေါင်းဆောင်ပါဝင်ထားကြတာပါ။ မြင့်မြတ်ကို ဒီရုပ်ရှင်ထားထဲမှာတော့ ရွာထဲမှာ ငွေတိုးချေးစားတဲ့ သူတယောက်အဖြစ် တွေ့မြင်ရမှာဖြစ်ပြီး ရွှေမှုန်ရတီကိုတော့ ဓားပြဗိုလ်မလေး ဘင်လာခင်အဖြစ် ပရိသတ်တွေက ရှုစားကြရမှာ ဖြစ်ပါတယ်။ ဒီကားထဲမှာ တက္ကသိုလ်ဂွမ်းပုံ၊ ညောင်ညောင်၊ ငှက်ပျောကြော် စတဲ့ တခြားဟာသ သရုပ်ဆောင်တွေလည်း အများကြီး ပါဝင်ထားကြပြီး ဟီးဟီးဟားဟား ဆိုတဲ့အတိုင်း ကျေးလက်သဘာဝ ဟာသဇာတ်လမ်းဇာတ်ကွက်တွေနဲ့ ဘယ်လို ဖန်တီး ပုံဖော်ထားမလဲ ဆိုတာကိုတော့ မကြာခင် ကြည့်ရှုရတော့မှာပါ။ ဒီရုပ်ရှင်ကား Trailer ဟာ Facebook ပေါ်မှာတော့ ဝင်ရောက်ကြည့်ရှုတဲ့ အကြိမ်ရေ ၄ သန်းခွဲကျော်နေခဲ့ပြီ ဖြစ်ပါတယ်။ ခုတလောမှာတော့ မြင့်မြတ်ရဲ့ ရုပ်ရှင်ကားတွေဟာ ခပ်စိပ်စိပ်ထွက်နေပြီး ရွှေမှုန်ရတီကလည်း ပရိသတ်အခိုင်အမာရှိတဲ့ သရုပ်ဆောင်ဖြစ်တာမို့ ဒီကားထဲမှာ သူတို့ ၂ ယောက် ဘယ်လို အချိတ်အဆက်မိမိ သရုပ်ဆောင်ထားမလဲ ဆိုတာကိုတော့ ပရိသတ်တွေက လာမယ့် သြဂုတ် ၃၁ ရက်နေ့ ရုံတင်တဲ့အချိန်မှာ ကြည့်ရှုအားပေးနိုင်မှာ ဖြစ်ပါတယ်။ မူဗီခရေဇီတွေကို နောက်ဆုံး မိတ်ဆက်ပြောပြပေးချင်တဲ့ ရုပ်ရှင်ကားကတော့ Horror Thriller အမျိုးအစား ရုပ်ရှင်ကားတကားပါ။ Boarding School လို့ အမည်ရပါတယ်။ ဒီကားကိုတော့ အမေရိကန် ရုပ်ရှင်ဒါရိုက်တာ Boaz Yakin က ရိုက်ကူး ပုံဖော်ပေးထားတာ ဖြစ်ပါတယ်။ ဒီရုပ်ရှင်ကားဟာ ထူးဆန်းတဲ့ ကျောင်းအိပ် ကျောင်းစား Boarding School တခု အကြောင်းကို အခြေတည်ရိုက်ကူးထားတာ ဖြစ်ပါတယ်။ အသက် ၁၂ နှစ်အရွယ်ပဲ ရှိသေးတဲ့ Jacob Felson ဟာ ပထွေးဖြစ်သူရဲ့ စွန့်ပစ်မှုကြောင့် အဲဒီကျောင်းကို ရောက်လာခဲ့တယ်။ ဒီကျောင်းကို တည်ထောင်ထားတဲ့သူက Dr. Sherman သူ့ကို လွှမ်းမိုးလွန်းတဲ့ ဇနီးတို့ ဖြစ်ကြတယ်။ တနေ့မှာတော့ ကောင်လေး Jacob ဟာ ကျောင်းက ကျောင်းသားတယောက် သေဆုံးနေတာကို တွေ့ခဲ့ရပြီးနောက်မှာ ထူးဆန်းပြီး ကြောက်စရာကောင်းတဲ့ အခြေအနေတွေကို တဖြည်းဖြည်း ရိပ်စားမိလာခဲ့တယ်။ ဒီကျောင်းဟာ ပညာရေး ဆိုတဲ့ နောက်ကွယ်မှာ ဘာတွေ ဖြစ်နေသလဲ ဆိုတာတွေကို လျှို့ဝှက်သည်းဖိုဆန်ဆန် ရိုက်ချက်တွေနဲ့ ပရိသတ်တွေက ရှုစားကြရမှာ ဖြစ်ပါတယ်။ ဒီကားထဲက အသက် ၁၂ နှစ်အရွယ်ကောင်လေး Jacob နေရာမှာတော့ ကလေး သရုပ်ဆောင် Luke Prael က သရုပ်ဆောင်ထားပြီး Boarding School တည်ထောင်သူ စုံတွဲနေရာမှာတော့ အမေရိကန်သရုပ်ဆောင် မင်းသားမင်းသမီးတွေဖြစ်ကြတဲ့ Will Patton နဲ့ Tammy Blanchard တို့က အတွဲညီညီ ပါဝင်ထားခဲ့ကြတာပါ။ ကြမ်းတမ်းတဲ့ ပြကွင်းပြကွက်တွေ၊ သရုပ်ဆောင်မှုတွေနဲ့ သွေးထွက်သံယို မြင်ကွင်းတွေ ပါဝင်နေတာမို့ ဒီရုပ်ရှင်ကားကိုလည်း Restricted R အဆင့် သတ်မှတ်ထားပါတယ်။ ကြာမြင့်ချိန်မိနစ် ၁၁၀ ရှိတဲ့ ဒီရုပ်ရှင်ကားကိုတော့ လာမယ့် သြဂုတ်လ ၃၁ ရက်နေ့ ရုံတင်ပြသတော့မှာ ဖြစ်ပါတယ်။ Movie Crazy - DVB အစီအစဉ်ကို အပတ်စဉ် ဗုဒ္ဓဟူးနေ့ ညတိုင်း ၇.၃၀ နာရီမှာ ထုတ်လွှင့်ပြသနေတာ ဖြစ်ပါတယ်။ ကြည့်ရှုဖို့ မမီလိုက်တဲ့ ပရိသတ်တွေအနေနဲ့ ကြာသပတေးနေ့ည ၉း၃၀ နာရီ၊ စနေနေ့ နေ့လယ် ၁၂း၁၅ နာရီနဲ့ တနင်္ဂနွေနေ့မနက် ၉း၁၅ နာရီတို့မှာ ပြန်လည်ထုတ်လွှင့်ပေးနေတာ ဖြစ်ပါတယ်။ ဒီအစီအစဉ်မှာ Movie Crazy တွေအတွက် နိုင်ငံတကာနဲ့ မြန်မာရုပ်ရှင်ကားတွေကို ကောင်းနိုးရာရာ ရွေးချယ်တင်ဆက်ပေးနေတာဖြစ်ပြီး Movie Crazy - DVB ဆိုတဲ့ Facebook စာမျက်နှာကနေတဆင့်လည်း ကြည့်ရှုအားပေးနိုင်ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024