မြို့တော်ဝန်ပြောင်းပေးသည့်ဈေးကို ဈေးသည်အများစု မပြောင်းလို
DVB
·
August 2, 2012
မန္တလေးမြို့ပေါ် ကိုင်းတန်းဈေးကို ပြောင်းရွှေ့ဖို့ သက်ဆိုင်ရာက ညွှန်ကြားထားပေမယ့် ဈေးသည်တွေက မပြောင်းရွှေ့ချင်ကြတဲ့အတွက် အာဏာပိုင်တွေနဲ့ ပြဿနာ ဖြစ်နေတယ်လို့ သိရပါတယ်။
ကိုင်းတန်းဈေးလို့ လူသိများတဲ့ ဟင်းသီးဟင်းရွက်ရောင်းတဲ့ ညဈေးကို မန္တလေးမြို့ စည်ပင်သာယာ အဖွဲ့က အသစ်ဆောက်လုပ်ထားတဲ့ မိုးကောင်း ဘုရားနားက ၄၁ လမ်းဈေးသစ်ကို ပြောင်းရွှေ့ဖို့ ဇူလိုင် ၂၃ ရက်နေ့ ကတည်းက ညွှန်ကြားထားတာပါ။
ဒါပေမယ့် ဈေးသည်တွေက မပြောင်းရွှေ့ဘဲ ကိုင်းတန်းဈေးမှာ ဈေးဆက်လက်ရောင်းချတဲ့ အတွက် သြဂုတ် ၂ ရက်နေ့ မနက်လင်းအားကြီး ၃ နာရီခွဲအထိ အာဏာပိုင်တွေနဲ့ ဈေးသူဈေးသာတွေ ထိပ်တိုက် ရင်ဆိုင်မှုတွေ ဖြစ်နေခဲ့ပါတယ်။
ဇူလိုင် ၃၀ ရက်နေ့က စလို့ ကိုင်းတန်းဈေးသူဈေးသားတွေဟာ ၄၁ လမ်းဈေးသစ်ကို မပြောင်းရွှေ့ ချင်ကြတဲ့အတွက် ဆန္ဒဖော်ထုတ်ခဲ့ကြရာမှာ ၅ ဦးကို ယာယီထိန်းသိမ်းပြီး ခံဝန်ကတိနဲ့ ပြန်လွှတ် လိုက်တယ်လို့ မန္တလေးအခြေစိုက် သတင်းထောက် ကိုမင်းထက်ငြိမ်းချမ်းက ပြောပါတယ်။
“၃၀ ရက်နေ့ကလည်း ဈေးသူဈေးသားတွေနဲ့ အာဏာပိုင်တွေ ထိပ်တိုက် တွေ့တယ်၊ မြို့နယ် ရဲတပ်ဖွဲ့က လာပြီး တားဆီးတယ်။ ဈေးသူဈေးသားတွေက သူတို့လိုအပ်ချက်တွေကို နားလည်သလောက်ပြော တယ်။ နောက် ၂၈ လမ်း တ၀ိုက်ကို လှည့်တယ်။ ရဲကတားဆီးတယ်။ ဥပဒေနဲ့အညီလှည့်ဖို့ ဥပဒေအတိုင်း သက်ဆိုင်ရာကို တင်ပြပြီးမှ ခွင့်ပြုရင် ကိုယ့်ဘာသာ ဆန္ဒပြလို့ရတယ် ပြောတယ်။ ပြီးတော့ အဲ့နေ့က ဆန္ဒထုတ်ဖော်တဲ့ ဒေါက်တာ ဒေါ်သီတာထွန်း အပါအ၀င် အမျိုးသမီး ၅ ဦးကို ခံဝန်ကတိရေး ခိုင်းပြီး နောက်နောင်မလုပ်ဖို့ ပြောတယ်။”
ကိုင်းတန်းဈေးဟာ မန္တလေးမြို့ ၈၄ လမ်းနဲ့ ၈၆ လမ်းကြား ၂၉ လမ်းပေါ်မှာ တည်ရှိတာပါ။ သြဂုတ်လ ၂ ရက် မနေ့ပိုင်းမှာ မန္တလေး မြို့တော်ဝန် ဦးအောင်မောင်း ကိုယ်တိုင် လာရောက်ဖြေရှင်းပေ မယ့် ပြေလည်မှု မရဘဲ ဦးအောင်မောင်းကတော့ မပြောင်းရွှေ့တဲ့ ဈေးသည်တွေကို ဥပဒေနဲ့အညီ အရေးယူမယ့်အကြောင်း ပြောသွားတယ်လို့ ကိုမင်းထက်ငြိမ်းချမ်းက ဆိုပါတယ်။