ဒေါ်အောင်ဆန်းစုကြည် ဖေ့စ်ဘွတ်ခ်စာမျက်နှာ သတင်းများ ပြန်တင်
ပိုင်စိုး
·
August 29, 2018

ဒေါ်အောင်ဆန်းစုကြည်ရဲ့အမည်နဲ့ ဖွင့်ထားတဲ့ ဖေ့စ်ဘွတ်ခ် လူမှုကွန်ရက် အကောင့် စာမျက်နှာဟာ လွန်ခဲ့တဲ့ ၂ နှစ်လောက်ကတည်းက အသုံးမပြုဘဲရှိနေရာက ပြီးခဲ့တဲ့ ရက်ပိုင်းက သတင်းတွေ ပြန်တင်လာတာ တွေ့ရပါတယ်။
ဖေ့စ်ဘုတ်ခ်ရဲ့ တရားဝင် အသိအမှတ်ပြု အပြာရောင် အမှန်ခြစ် အမှတ်အသားရ ထားတဲ့ Aung San Suu Kyi ဆိုတဲ့ စာမျက်နှာမှာ ပရိသတ် သိန်း ၂၀ ကျော်ရှိပါတယ်။
ဒီစာမျက်နှာကို ၂၀၁၁ ခုနှစ်လောက်က စတင်ဖွင့်လှစ်ခဲ့ပြီး လွန်ခဲ့တဲ့ ၂ နှစ်ကျော်ကစလို့ အသုံးမပြုဘဲထားတာ ဖြစ်ပါတယ်။ မနေ့က မနက်ပိုင်းမှာတော့ စင်ကာပူ ဟောပြောပွဲနဲ့ နေပြည်တော်မှာလုပ်တဲ့ စီးပွားရေး လုပ်ငန်းရှင်တွေနဲ့ တွေ့ဆုံပွဲ အပါအဝင် သတင်း ၂ ပုဒ်ကို တင်ထားတာပါ။
ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဖေ့စ်ဘွတ်ခ်မှာ သတင်းတွေ ပြန်တင်ချိန်ဟာ ကာကွယ်ရေးဦးစီးချုပ်နဲ့ တပ်နဲ့ပတ်သက်တဲ့ ဖေ့စ်ဘွတ်ခ် စာမျက်နှာ ၁၈ ခု အပါအဝင် မြန်မာနဲ့ဆိုင်တဲ့ လူပုဂ္ဂိုလ်နဲ့ အဖွဲ့အစည်း ၅၀ ကျော်ရဲ့ ဖေ့စ်ဘွတ်ခ် စာမျက်နှာတွေ ပိတ်သိမ်းခံရချိန်နဲ့ တိုက်ဆိုင်နေပါတယ်။