Home
မြန်မာသတင်း
တနိုင်းမြို့နယ်တွင် ရေအားလျှပ်စစ်စီမံကိန်း ကြန့်ကြာနေသည့်ကိစ္စ သမ္မတထံ တင်ပြ
ပိုင်စိုး
·
August 29, 2018
ကချင်ပြည်နယ်၊ တနိုင်းမြို့နယ်မှာ တည်ဆောက်နေတဲ့ ရေအားလျှပ်စစ်စီမံကိန်း မပြီးစီးတာနဲ့ ပတ်သက်ပြီး လွှတ်တော်ကနေ အကြိမ်ကြိမ် မေးမြန်းခဲ့ပေမယ့် အရေးတယူ မလုပ်လို့ သမ္မတရုံးကို စာနဲ့ တင်ပြထားတယ်လို့ လွှတ်တော်ကိုယ်စားလှယ် ဦးလင်းလင်းဦးက ပြောပါတယ်။ တနိုင်းမြို့နယ်၊ ရှင်ဗွေယန်မှာ ကီလိုဝပ် ၂၀၀ ထုတ်လုပ်နိုင်မယ့် တဝါးခချောင်း ရေအား လျှပ်စစ်စက်ရုံကို ၂၀၁၄ ခုနှစ်မှာ စတင်တည်ဆောက်ခဲ့ပေမယ့် အခုအချိန်အထိ လျှပ်စစ် မပေးနိုင်သေးတာ ဖြစ်ပါတယ်။ “ကျနော် ၂၀၁၆ ခုနှစ်ကစပြီး လွှတ်တော်ကနေ ၄ ကြိမ် မေးခဲ့တယ်။ ပြည်ထောင်စုဝန်ကြီး အဆင့်တွေ၊ ပြည်နယ်အဆင့်တွေက ဖြေကြပေမယ့် အခုအချိန်အထိ အဆင်မပြေသေးဘူး။ ဒါကို စုံစမ်းစစ်ဆေးတာတွေ လုပ်ပေးဖို့ အခုသမ္မတရုံးကို စာတင်တော့ စာကို လက်ခံရရှိတဲ့ အကြောင်းပြန်ထားတယ်” လို့ ဦးလင်းလင်းဦးက ပြောပါတယ်။ စက်ရုံတည်ဆောက်ဖို့အတွက် နယ်စပ်ဒေသနဲ့ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရဲ့ ၂၀၁၃-၁၄ ဘဏ္ဍာနှစ် ရန်ပုံငွေက ကျပ် ၁၇၉၅ သိန်း၊ ပြည်နယ်အစိုးရရဲ့ ၂၀၁၄-၁၅ ဘဏ္ဍာနှစ် ရန်ပုံငွေက ကျပ် ၅၀၂၄ သိန်း၊ စုစုပေါင်း ကျပ် ၆၈၁၉ သိန်းကျော်နဲ့ တည်ဆောက်ခဲ့တာပါ။ ၂၀၁၅ ခုနှစ် ဇွန်လမှာ စက်ရုံပြီးစီးခဲ့ပေမယ့် ပြင်ဆင်စရာတွေရှိနေလို့ ပြည်နယ်အစိုးရက လက်မခံသေးဘဲ ပြင်ဆင်ခိုင်းထားခဲ့ပါတယ်။ အဲဒီနောက် တာဝန်ယူ တည်ဆောက်နေတဲ့ အောင်ပြည့်ချမ်းသာ ကုမ္ပဏီနဲ့ ကချင်ပြည်နယ်အစိုးရအဖွဲ့တို့ တွေ့ဆုံပြီး ၂၀၁၆ အောက်တိုဘာလကုန်မှာ ပြင်ဆင်ဖို့၊ မပြင်ဘူးဆိုရင် လုပ်ထုံးလုပ်နည်းနဲ့အညီ အရေးယူ ဆောင်ရွက်တာတွေ လုပ်မယ်ဆိုပြီး လျှပ်စစ်နဲ့စွမ်းအင်ဝန်ကြီးဌာနက ဖြေကြားထားပါတယ်။ ကချင်ပြည်နယ် အစိုးရအဖွဲ့က ၂၀၁၇ ခုနှစ် ဇန်နဝါရီလက ဖြေကြားရာမှာတော့ ၂၀၁၆ ခုနှစ်၊ အောက်တိုဘာလကုန်မှာ အပြီးပြင်ဆင်ဖို့ ညွှန်ကြားထားပေမယ့် မပြီးစီးတာကြောင့် ဘာကြောင့် မပြီးတယ်ဆိုတာကို ရှင်းလင်းတင်ပြဖို့ ကုမ္ပဏီကို ထပ်ပြီး အကြောင်းကြားထားသလို ဒါနဲ့ ပတ်သက်လို့ စုံစမ်းစစ်ဆေးရေး အဖွဲ့ ဖွဲ့ပေးထားတယ်လို့လည်း ဖြေထားပါတယ်။ ဦးလင်းလင်းဦးက “ဖိဖိစီစီး ဆောင်ရွက်တာမှာ လုံးဝ အားနည်းတယ်။ သက်ဆိုင်ရာ ဌာနတွေအနေနဲ့ ဖြေပြီးသွားရင် အရေးတယူ လုပ်ပေးရမှာပေါ့။ စက်ရုံက အခုအချိန်ထိ လျှပ်စစ် မပေးနိုင်သေးတဲ့အကြောင်း ဒေသခံတွေနဲ့ တွေ့တဲ့အချိန်မှာ သူတို့က မေးကြ၊ ပြောကြတော့ ကျနော်က တင်ပြရတာ” လို့ ပြောပါတယ်။ လျှပ်စစ်နဲ့ စွမ်းအင်ဝန်ကြီးဌာနကတော့ မဟာဓာတ်အားလိုင်းနဲ့ မဆက်သွယ်ထားတဲ့ အသေးစားနဲ့ အလတ်စား ရေအားလျှပ်စစ်ထုတ်လုပ်ဖို့ စီမံခန့်ခွဲတာနဲ့ လုပ်ပိုင်ခွင့်ကို သက်ဆိုင်ရာ တိုင်းနဲ့ ပြည်နယ်တွေကိုပေးထားပြီး ဖြစ်တယ်လို့ ဆိုပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024