အစိုးရတောင်းခံသည့် အသုံးစရိတ်ထဲမှ ကျပ်ဘီလီယံ ၂၀၀ ကျော်ဖြတ်တောက်ရန် တင်ပြ
DVB
·
August 28, 2018

အစိုးရအဖွဲ့ တောင်းခံတဲ့ ၂၀၁၈-၁၉ အသုံးစရိတ် ကျပ်ဘီလီယံ နှစ်သောင်းကျော်ထဲကနေ ကျပ်ဘီလီယံ နှစ်ရာကျော်ဖြတ်တောက်ဖို့ ပြည်သူ့ငွေစာရင်း ပူးပေါင်းကော်မတီက လွှတ်တော်မှာ တင်ပြခဲ့ပါတယ်။
ပြည်သူ့ငွေစာရင်းပူးပေါင်းကော်မတီက အစိုးရအဖွဲ့တင်ပြတောင်းခံတဲ့ ဘတ်ဂျက်ကို စိစစ်ရေးပူးပေါင်းအဖွဲ့ ၂၀ နဲ့ စိစစ်ပြီး သြဂုတ် ၂၈ ရက် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးမှာ အခုလို ဖြတ်တောက်ဖို့ ပြည်သူ့ငွေ စာရင်းပူးပေါင်းကော်မတီက တင်ပြ ခဲ့တာပါ။
စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးကဦးစိုးဝင်းက ဇူလိုင် ၂၃ ရက်နေ့က ပြန်လည်စတင်တဲ့ ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော်အစည်းအဝေးမှာ အစိုးရအဖွဲ့ကိုယ်စား တင်ပြတောင်းခံခဲ့တာဖြစ်ပါတယ်။
၂၀၁၈-၁၉ ဘဏ္ဍာနှစ်အတွက် ပြည်ထောင်စုအဆင့်ဌာန၊ အဖွဲ့အစည်းတွေရဲ့ စုစုပေါင်းတောင်းခံငွေဟာ ကျပ် ၂၄၉၅၄၆၁၅ ဒသမ ၉၉၇ ဘီလီယံ ဖြစ်ပါတယ်။
ပြည်သူ့ ငွေစာရင်းပူးပေါင်းကော်မတီ ဒုဥက္ကဋ္ဌ(၁) ဦးအောင်မင်းက "၂၀၁၈-၁၉ ဘဏ္ဍာရေးနှစ် ပြည်ထောင်စုရဲ့ အရအသုံးခန့်မှန်းခြေငွေစာရင်းနဲ့ ၂၀၁၈-၁၉ ဘဏ္ဍာရေးနှစ် ပြည်ထောင်စုရဲ့ ဘဏ္ဍာငွေအရအသုံးဆိုင်ရာ ဥပဒေကြမ်းအပေါ် စိစစ် တွေ့ရှိချက်တွေအရ သာမန်ရငွေမှာ ကျပ် ၂၀၀၃ ဒသမ ၅၁၁ သန်း တိုးမြှင့်ပြီး သုံးငွေ စိစစ် လျော့ချတာကြောင့် သာမန်ရငွေကျပ် ၁၂၇၉၀ ဒသမ ၀၈၁ သန်း လျော့နည်းတာနဲ့ သုံးငွေ စိစစ် လျော့ချမှု ကျပ် ၂၂၇၉၀၆ ဒသမ ၃၇၇ သန်း တို့ကို အတည်ပြုသင့်ပါတယ်" လို့ပြောပါတယ်။
ပြည်ထောင်စုအစိုးရအနေနဲ့ ရငွေ တိုးတက်ရရှိအောင် ကြိုးပမ်းပြီး အသုံးစရိတ်တွေ ကိုလည်း စနစ်တကျထိန်း ချုပ်လျော့ချဖို့ လိုအပ်နေတယ်လို့လည်း ပြောပါတယ်။
ဒါကြောင့် ဌာနဆိုင်ရာအားလုံးအနေနဲ့ အသုံးစရိတ်တွေ ချွေတာသုံးစွဲတာ၊ ကန်ထရိုက်လုပ်ငန်း၊ ၀ယ်ယူရေးနဲ့ တည်ဆောက်ရေးလုပ်ငန်းတွေရဲ့ အသုံးစရိတ်တွေကို ထိရောက်အောင် စိစစ် သုံးစွဲကြဖို့နဲ့ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနကလည်း လိုအပ်သလို စိစစ်ကြပ်မတ်ဖို့လည်း တိုက်တွန်းသွားပါတယ်။
ဓာတ်ပုံ - myanmar union parliment