ချင်းပြည်နယ် တရားလွှတ်တော်ရုံးဆောက်မည့်နေရာကို GTI ကျောင်းသားများ ကန့်ကွက်
နော်နိုရင်း
·
August 28, 2018
ချင်းပြည်နယ်၊ ဟားခါး GTI ရဲ့ တိုးချဲ့ကျောင်းဆောင်တွေ ဆောက်လုပ်ဖို့လျာထားတဲ့ မြေနေရာမှာ ချင်းပြည်နယ်တရားလွှတ်တော်ရုံး ဆောက်လုပ်မယ့်အပေါ် ဟားခါး GTI ကျောင်းသားတွေက ကန့်ကွက်လိုက်ပါတယ်။
ကျောင်းသားအဆောက်အဦအတွက် လျာထားတဲ့မြေနေရာကို တရားလွှတ်တော်ရုံး ဆောက်လုပ်ဖို့လုပ်ဟာဟာ မြေနေရာလာရောက်လုယူတာဖြစ်ပြီး လွန်စွာမှ အရှက် သိက္ခာမဲ့တဲ့ လုပ်ရပ်ဖြစ်နေသလို ချင်းကျောင်းသားတွေရဲ့ ဘ၀ရှေ့ရေးကို ချိုးနှိမ်ပိတ်ပင် ဖျက်ဆီးရာ ရောက်တယ်လို့လည်း ကြေညာချက် ထုတ်ပြန်ထားပါတယ်။
ဒီလို အပြုအမှုကို ဟာခါး GTI ကျောင်းသားများသမဂ္ဂအနေနဲ့ ပြင်းထန်စွာ ရှုတ်ချကြောင်းနဲ့ တရားလွှတ်တော်ရုံးဆောက်ဖို့ အုတ်တချပ်၊ သဲတပွင့်ကိုမှ လာရောက်ချထားခြင်း မပြုဖို့လည်း သတိပေးထားပါ။
ဟားခါး GTI ကျောင်းသားများသမဂ္ဂရဲ့ ထုတ်ပြန်ချက်နဲ့ပတ်သက်ပြီး ချင်းပြည်နယ် လွှတ်တော်ဥက္ကဋ္ဌ ဦးဇိုဘွဲကို မေးမြန်းရာမှာတော့ တရားလွှတ်တော်အဆောက်အဦ ဆောက်မယ့် နေရာနဲ့ သီးခြားစီဖြစ်တယ်လို့ ဒီဗွီဘီကိုပြောပါတယ်။
“အဲဒါကတော့ သူတို့ဟာ သူတို့ သတ်သတ်ရှိတာပဲ။ တရားလွှတ်တော်ဆောက်ပေးတာ သတ်သတ်ပါပဲ။ ကလေးတွေက ဘုမသိ ဘမသိနဲ့ အဲဒါလုပ်တာဖြစ်မယ်။ အဲဒါ ဘာမှမဆိုင်ပါ ဘူးနော်။ သူတို့ဟာ သတ်သတ်ပဲ။ သူတို့ကဏ္ဍက သူတို့ကဏ္ဍပဲ။ အဲဒါနဲ့ သူတို့နဲ့ အဆက်အစပ် ဖြစ်တော့ တရားလွှတ်တော်ဆောက်မယ့်နေရာနဲ့ သူတို့နယ်မြေက သတ်သတ်ပါပဲနော်။”
ဟားခါး GTI ကျောင်းသားများသမဂ္ဂရဲ့ ထုတ်ပြန်ချက်မှာတော့ တရားလွှတ်တော်ရုံး ဆောက်လုပ်မယ့်နေရာဟာ ကျောင်းရှေ့ဥပစာမြေနေရာ ဖြစ်တာကြောင့် ကန့်ကွက်တာလို့ ဆိုပါတယ်။