Home
မြန်မာသတင်း
မြန်မာပြည်မှ တင်သွင်းသည့်  ခြင်ဆေးခွေများကို ထိုင်းအစိုးရ စစ်ဆေးသိမ်းဆည်း
DVB
·
August 28, 2018
40253669_548665418924351_1504905177004507136_n
မြန်မာနိုင်ငံဘက်က တင်သွင်းလာတဲ့ ခြင်ဆေးခွေတွေ၊ အထူးသဖြင့် ဂေါ်ဇီလာ အမှတ်တံဆိပ် ခြင်ဆေးခွေဟာ ဆေးဝါးနဲ့ အစားအစာ ကွပ်ကဲရေးဌာန ခွင့်ပြုချက်ရ အမှတ်တံဆိပ် မပါရှိတဲ့အပြင် လူနဲ့ တိရိစ္ဆာန်တွေကိုပါ အန္တရာယ်ရှိစေလို့  ထိုင်းအစိုးရက လိုက်လံစစ်ဆေး သိမ်းဆည်းနေပါတယ်။ မနေ့ကဆိုရင် တာ့ခရိုင် မဲဆောက်မြို့နယ်မှူး နိုင်းချိုင်းဖရစ်ဒီ ဦးဆောင်ပြီး ခရိုင်ကျန်း မာရေးဦးစီးဌာနက တာဝန်ရှိသူတွေနဲ့ပါ မဲဆောက်ဈေးကြီးထဲ ၀င်ရောက်စစ်ဆေးရာမှာ ဈေးသည် ၄ ဦးထံမှ ဂေါ်ဇီလာတံဆိပ်ပါ ခြင်ဆေးခွေ အနီရောင် ၆၅ ဗူး၊ အ၀ါရောင် ၁၀ ဗူး စုစုပေါင်း ၇၅ ဗူး ဖမ်းဆီးရမိခဲ့တယ်လို့ ခုမ်းချတ်လိုတ် ထိုင်းသတင်းမှာ ဖော်ပြပါတယ်။ အဆိုပါ ခြင်ဆေးခွေတွေမှာ ထုတ်လုပ်တဲ့နေရပ်လိပ်စာမပါ၊ သက်ဆိုင်ရာဆေးဝါးနဲ့ အစားအစာကွပ်ကဲရေးဌာနက စစ်ဆေးပြီးကြောင်း အမှတ်တံဆိပ်လည်း မပါတဲ့အတွက် ဥပဒေမဲ့ ကုန်ပစ္စည်းဖြစ်သလို လူနဲ့တရိစ္ဆာန်တွေကို အန္တရာယ်ပြုစေတဲ့အတွက် ဖမ်းဆီးရတာ ဖြစ်တယ်၊ ဖမ်းဆီးရမိတဲ့ ခြင်ဆေးခွေတွေကို ဆက်လက်ဓာတ်ခွဲစစ်ဆေးဖို့ မြို့နယ် ကျန်းမာရေး ဦးစီးဌာနကို ပေးပို့ထားတယ်လို့ မဲဆောက်မြို့နယ်မှူးက သတင်းထောက်ကို ပြောပါ တယ်။ ဒီမတိုင်ခင်က ထိုင်းအမျိုးသမီးတဦးဟာ အဆိုပါ ခြင်ဆေးခွေကို ၀ယ်ယူပြီး အိမ်မှာရှိတဲ့ ခွေးကလေး ၃ ကောင်အတွက် ခြင်ဆေးထွန်းပေးရာမှာ ခွေး ၃ ကောင်လုံးသေဆုံးသွားကြောင်း လူမှုကွန်ရက်ပေါ် တင်ခဲ့တာဖြစ်ပါတယ်။ ခွေးလေးတွေ သေဆုံးရတာဟာ ခြင်းဆေးခွေကြောင့်ဟုတ်မဟုတ် သက်ဆိုင်ရာ ထိုင်းအစိုးရ တာဝန်ရှိသူတွေကတော့ အတည်ပြုပြောဆိုခြင်းမရှိသေးပါဘူး။ ဂေါ်ဇီလာခြင်ဆေးခွေတွေဟာ မြ၀တီဘက်ကနေ မဲဆောက်ဘက်ကို ၀င်ရောက်လာပြီး မြန်မာလုပ်သားတွေကြားမှာ ဖြန့်ဖြူးရောင်းချနေကြောင်း၊ ဘန်ကောက် ဘန်းခဲ၊ ဘန်ဗွမ်၊ ဘန်းခွန်းထိန်း စတဲ့မြို့နယ်နဲ့ ဆမွတ်ဆာခွန်းရှိ မြန်မာလုပ်သားတွေကြားမှာလည်း အဆိုပါ ခြင်ဆေးကို ၀ယ်ယူအသုံးပြုကြောင်း၊ ဈေးနှုန်းမှာ တဗူးကို ဘတ် ၂၀ နဲ့ ၃၀ ကြားသာရှိပြီး ထိုင်းနိုင်ငံထဲကို လွန်ခဲ့တဲ့ ၂ နှစ် ၃ နှစ်ခန့်က စတင်ဝင်ရောက်လာတာလို့ ချနယ်လ် ၃ ထိုင်းတီဗွီသတင်းမှာ ဖော်ပြပါတယ်။ အဆိုပါခြင်ဆေးမှာ အလွန်ပြင်းတဲ့အနံ့ရှိပြီး  ခြင်ဆေးထွန်းလိုက်တာနဲ့ ခြင်တွေ ချက်ချင်းသေဆုံးသွားတာကြောင့် လူနဲ့  အိမ်မွေးတရိစ္စာန်တွေအတွက်ပါ အန္တရာယ်ရှိကြောင်း ထိုင်းသတင်းမှာ ဖော်ပြပါတယ်။ မူရင်း သတင်း - http://www.komchadluek.net/news/local/341033
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024