ညောင်ပင်လဲကျရာမှ မိသားစု ၃ ဦးသေဆုံး၊ ၃ ဦး ပြင်းထန်စွာ ဒဏ်ရာရရှိ
DVB
·
August 26, 2018
ပဲခူးတိုင်းဒေသကြီး ရွှေကျင်မြို့နယ် ဘောကထာကျေးရွာမှာ သြဂုတ်လ ၂၆ ရက် မနက် ၄ နာရီလောက်က နေအိမ်ပေါ်ညောင်ပင်လဲကျရာမှ ၃ ဦးသေဆုံးပြီး ၃ ဦးပြင်းထန်စွာ ဒဏ်ရာရရှိ ခဲ့တယ်လို့ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်က ပြောပါတယ်။
နေအိမ်အတွင်း မိသားစု ၇ ဦးအိပ်ပျော်နေချိန် လုံးပတ် ၁၈ ပေအရှည် ၇၅ ပေလောက်ရှိ ညောင်ပင်အမြစ် လန်လဲကျရာမှ နေအိမ်ပေါ်ပိသွားခဲ့တာကြောင့် ဦးသန့်ဇင်၊ ဒေါ်လှဌေးတို့နဲ့ ၁၀ နှစ်အရွယ် သမီးဖြစ်သူတို့ သေဆုံးသွားခဲ့ကာ ကျန်တဲ့ သားသမီး ၃ ဦးမှာ ဒဏ်ရာပြင်းထန်စွာရရှိခဲ့ပြီး ရန်ကုန်ဆေးရုံကြီးကို လွှဲပြောင်းပို့ဆောင်နေရတယ်လို့ ဆိုပါတယ်။
ရွှေကျင်မြို့ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဒေါ်လှလှဝင်းက “မိသားစု ၇ ဦး အိပ်ပျော်နေတဲ့အချိန်မှာ ဖြစ်သွားခဲ့တာဖြစ်ပြီး အဖေ၊ အမေနဲ့ ၁၀ နှစ်အရွယ် သမီးမိန်းကလေး ရယ် သေဆုံးခဲ့ပြီး ကျန်တဲ့ ၁၀ နှစ်၊ ၃ နှစ်ခွဲ ကလေးတွေက အခြေအနေဆိုးနေပြီ ၂ နှစ်ခွဲ ကလေးငယ်မှာ မိခင်ရင်ခွင်ထဲ အိပ်နေတာကြောင့် သက်သာပေမယ့် ၃ ဦးလုံးကို ပဲခူး ဆေးရုံကနေတဆင့် ရန်ကုန်ဆေးရုံကြီးကို ပို့ဆောင်နေရပြီး အကိုတယောက်ကတော့ လွတ်သွားတယ်” လို့ ဒီဗွီဘီကို ပြောပါတယ်။
သေဆုံးမှုနဲ့ ပတ်သက်ပြီး ရွှေကျင်မြို့နယ် ဘောကထာနယ်မြေ ရဲစခန်းမှ သေမှုသေခင်း အမှတ်စဉ် ၂ / ၂၀၁၈ နဲ့ အမှုဖွင့်ထားတယ်လို့ သိရပါတယ်။
သတင်း-နေလင်းထိုက်၊ ဓာတ်ပုံ - ဒေါ်လှလှဝင်း