ကော့သောင်းမြို့တွင် ဟိုတယ်တည်ဆောက်မည့်အပေါ် ဒေသခံတချို့ကန့်ကွက်
DVB
·
August 26, 2018
တနင်္သာရီတိုင်းဒေသကြီး ကော့သောင်းမြို့မှာ ဟိုတယ်တည်ဆောက်မယ့် စီမံကိန်းတခုကို ဒေသခံတချို့က ကန့်ကွက်နေကြပါတယ်။
သြဂုတ် ၂၅ ရက်နေ့က သီရီမြိုင်ရပ်ကွက် အလယ်တန်းကျောင်းမှာ စီမံကိန်း တာဝန်ရှိသူတွေက ဒေသခံတွေကို ရှင်းပြခဲ့ရာမှာ ဒေသခံတချို့က ဟိုတယ်တည်ဆောက်မှု အပေါ် ကန့်ကွက်ခဲ့ကြတာပါ။
ဒေသခံတဦးဖြစ်တဲ့ ကိုစိုင်းက “ကန့်ကွက်တယ်ဆိုတဲ့ အကြောင်းကတော့ အရင်တုန်း ကတော့ ဒီမြေရာဇဝင်ကို သိထားပြီးသာ ဖြစ်ပါတယ်။ ပုံစံ (၇) ထုတ်လာတာ ၄-၅ ရက်နဲ့ အပြီး ထုတ်လာတာပေါ့နော်။ ပြီးတော့ ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေကို စုံစမ်းကြည့်တဲ့ အခါကျတော့ လည်း သူတို့ဆီမှာ ပုံစံ (၁) လျောက်ထားခြင်း မရှိပါဘူးဆိုတာကို ရပ်ကွက် အုပ်ချုပ်ရေးမှူးတွေ ပြောစကားအရ ကျနော်တို့ သိထားပါတယ်။ မှန်မှန်ကန်ကန်ပိုင်ဆိုင်ထားတာ မဟုတ်တဲ့ မြေယာ တခုပါ။ အမှန်ကတော့ ဒါဟာ ပြည်သူပိုင်မြေဖြစ်ပါတယ်။ ဒါကြောင်မို့ ကန့်ကွက်ရတာပါ”လို့ ပြောပါတယ်။
ဟိုတယ်အမည်ကို ရွှေပြည်စိုးဟိုတယ်လို့ ပေးထားပြီး ကော့သောင်းမြို့ သီရိမြိုင်ရပ်ကွက်အနီး ကားလမ်းဘေးအောက်က မြေကွက်မှာ တည်ဆောက်မယ်လို့ သိရပြီး မြေဧရိယာ ၄.၃၉ ဧကမှာ ၂.၆ ဧကကို Public Use အတွက် ထွားပေးမှာဖြစ်ပြီး ၁.၇၅ ဧကသာ ဟိုတယ်ဆောက်မယ်လို့ သိရပါတယ်။
ကောင်းမြန်မာအောင်ကုမ္ပဏီရဲ့ ကော့သောင်းတာဝန်ခံ ဦးအောင်မင်းကျော်က “ကျနော်တို့ ကုမ္ပဏီအနေနဲ့ လုပ်တာဖြစ်တဲ့အတွက် ပြည်သူလူထုအနေနဲ့လည်း ရလဒ်နဲ့ ပေးဆပ်ရမှာကို နည်းနည်းလေးနှိုင်းယှဉ်ပြီးတော့ ကောင်းတာတွေကိုယူပြီးတော့ မကောင်း တာတွေကို နည်းနည်းဖြည်လျော့ပြီး ပေးမယ်ဆိုရင်တော့ ဒါနှစ်ဖက်လုံး ကောင်းမယ်။ နောက်ပြီး မြို့လည်း လှသွားမယ်ထင်ပါတယ်”လို့  ပြောပါတယ်။
ဒေသခံတဦးဖြစ်သူ ဦးအောင်ခိုင်ထွန်းက “ကျနော်တို့ ကန့်ကွက်ရတာကတော့ ဒီနေရာဟာ မြို့အဝင်ရဲ့အလှပေါ့။ PublicUse လည်း ဖြစ်တယ်။ အများပြည်သူပိုင်လည်း ဖြစ်တယ်။ ဒီနေရာက အရင်က ဥယျာဉ်ခြံမြေဆိုလည်း မဟုတ်ဘူး။ ဒီလိုလှပတဲ့နေရာမှာ အဆောက်အဦတွေလာပိတ်ပြီး ဆောက်မယ်ဆိုရင်တော့ မြို့ခံတယောက်အနေနဲ့ ဘယ်လိုမှ မလိုလားပါဘူး။ ဒီနေရာမှာ ဆောက်မယ့်အစား တခြား ၁ဝ မိုင်တို့ဖက်မှာ ဗျူးလှတဲ့နေရာတွေ အများကြီးရှိတယ်။ အရင်တကြိမ်ကလည်း ဝန်ကြီးချုပ်ကပြောလို့ မြို့ခံတွေအနေနဲ့ ဘယ်လို ရှိတာလဲဆိုတာကို ကန့်ကွက်တာတွေ ရှိလာနိုင်တယ်ပြောလို့ မြို့ခံတွေကို သဘောထား ချပြပြီးတော့ မြို့ခံတွေရဲ့ ကန့်ကွက်ကြောင်း လက်မှတ်တွေ အယောက် ၃ဝဝ ကျော်ထိုးပေးပြီး ပို့ပေးထားပါတယ်။ အခုနောက်တကြိမ်မှာ ဒီလိုပရောဂျက်ကြီးနဲ့ ထွက်လာတယ်။ ကျနော်တို့ ကတော့ ဆက်လက်ပြီးတော့ ကန်ကွက်ဦးမှာပါ”လို့ ပြောပါတယ်။
သတင်း - လတ်ကိုကိုဦး