ကျူးကျော်များ ၇ သောင်း၊ ၁ သိန်းပေးရုံဖြင့် တိုက်ခန်းပေါ်ရောက်နိုင်ရေး ဆောင်ရွက်နေ
ပြည့်ဘုန်းအောင်
·
August 26, 2018
လက်ရှိ ရန်ကုန်မြို့မှာရှိတဲ့ ကျူးကျော်နေထိုင်သူတွေအနေနဲ့ ငွေကျပ် ၇ သောင်း ၊ ၁ သိန်းပေးရုံနဲ့ တိုက်ခန်းပေါ်ရောက်နိုင်အောင် ဆောင်ရွက်နေတယ်လို့ ရန်ကုန်တိုင်း ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောပါတယ်။
ဒီဈေးနှုန်းနဲ့ ရောင်းမယ့် အစီအစဉ်ကိုလည်း မြေပြင်က ကျူးကျော်နေထိုင်သူတွေကို မေးမြန်းပြီးမှ ဆောင်ရွက်နေတာလို့လည်း ဝန်ကြီးချုပ်က ပြောပါတယ်။
“သူတို့ကို ကျနော်မေးပြီးပါပြီ ၇ သောင်း ၁ သိန်းလောက်ဆိုရင် သူတို့ပေးနိုင်ပါတယ်။ သူတို့ကို နှစ်ရှည်ချေးငွေနဲ့ ဒီအိမ်တွေကို ဆောက်ပေးနိုင်မလား။ ဒါသူတို့ဘက်က လိုချင်မှာ။ သူတို့လည်း ဒီရေဗွက်ရေအိုင်ထဲက ကျူးကျော်ဘ၀က သူတို့လွတ်ချင်ပါတယ်။ ကျနော်တို့က လည်း လုပ်ပေးချင်ပါတယ်။ ဒါပေမယ့် ဒီရင်းနှီးမြှုပ်နှံမှုကို လာလုပ်မယ့် ရင်းနှီးမြှုပ်နှံမှု ကြီးကြီးကို ကျနော်တို့ ညှိနှိုင်းနေပါတယ်။ ဘာကြောင့်လဲဆိုတော့ ဒါဟာ နှစ်ရှည်ချေးငွေ တခုနဲ့ အနှစ် ၃၀ လောက် ရင်းနှီးမြှုပ်နှံရမှာ ဖြစ်ပါတယ်။”
ဒီအစီအစဉ်နဲ့ ပတ်သက်ပြီး လက်ရှိမှာ လာရောက်ရင်းနှီးမြှုပ်နှံမယ့် လုပ်ငန်းရှင်တွေ ဖိတ်ခေါ်ဆွေးနွေးပြီး ဆောက်လုပ်မယ့် မြေနေရာကို အစိုးရက ရှာဖွေနေတယ်လို့ ဆိုပါတယ်။
တိုက်ခန်း တသိန်းခွဲလောက်ပါတဲ့ ဒီ စီမံကိန်းမှာနေထိုင်ရမဲ့ သူတွေအနေနဲ့ အမှန်တကယ် ကျူးကျော်နေထိုင်သူ ဟုတ်၊ မဟုတ်ကိုလည်း အစိုးရအဖွဲ့က စိစစ်နေတယ်လို့ ပြောပါတယ်။
တိုင်းအစိုးရအနေနဲ့ ကျူးကျော်တွေကို စာရင်းကောက်လို့ စမတ်ကတ်တွေ ထုတ်ပေး ထားပြီး စာရင်းအရ ကတ်ပြားထုတ်ယူထားသူ ၁ သိန်းခွဲလောက်မှာ လူဦးရေ ၄ သိန်းလောက် ပါနေတယ်လို့လည်း ဝန်ကြီးချုပ်က ဆိုပါတယ်။