မန္တလေးကျုံးအတွင်း ကလေး ၃ ဦး ငါးဆင်းဖမ်းရာမှ ၂ ဦး ရေနစ်သေဆုံး
DVB
·
August 26, 2018
မန္တလေးကျုံး အနောက်ဘက် လမ်း ၈ဝ နင့် ၁၂ လမ်းနဲ့ ၁၃ လမ်းကြားမှာ သြဂုတ် ၂၅ ညနေ ၅ နာရီဝန်းကျင်က ကလေး ၃ ဦး ကျုံးရေထဲမှာ ငါးဆင်းဖမ်းရာ ၂ ဦး ရေနစ်သေဆုံးသွားတယ်လို့ အမှတ် ၂ ရဲစခန်းကတာဝန်ရှိသူကပြောပါတယ်။
သူတို့သုံးဦးအနက် ၁၁ နှစ်အရွယ် ကလေးက ငါးဆင်းဖမ်းရင်း ရေနစ်တာကို သိလို့ အချင်းချင်းဆင်းဆယ်ရာကနေ ၃ ဦးစလုံး ရေနစ်ခဲ့ကာ ၁၁ နှစ်အရွယ် ကလေးငယ်နဲ့ ၁၄ နှစ်အရွယ်ကလေး၂ ဦးဟာ သေဆုံးခဲ့ပါတယ်။
“အဲဒီ ကလေးငယ်တွေက ကျောင်းသားလေးတွေပါဗျာ။ သူတို့ထဲက ခန့်စည်သူ ၁၂ နှစ် ကလေးကတော့ ဘာမှမဖြစ်ဘူး။ ကျန်တဲ့ ကလေး ၂ ယောက်တော့ ဆုံးသွားတယ်” လို့ အမှတ် ၂ နယ်မြေရဲစခန်းမှူး ဦးမျိုးညွန့်က ပြောပါတယ်။
မီးသတ်တပ်ဖွဲ့က ဆယ်ယူခဲ့ပြီး မန္တလေးဆေးရုံ ပို့ဆောင်ပေးခဲ့ပြီး အမှတ် ၂ နယ်မြေ ရဲစခန်းကနေပြီး သေမှုသေခင်းအမှတ်စဉ် (၂၉) နဲ့ စစ်ဆေးနေတယ်လို့ သိရပါတယ်။
သတင်း - အောင်အောင်နိုင်