ရန်ကုန်တိုင်းဒေသကြီး ရသုံးမှန်းခြေငွေစာရင်းအချက်အလက် ပထမဆုံးထုတ်ပြန်
DVB
·
August 25, 2018
ရန်ကုန်တိုင်းဒေသကြီးအတွက် ရသုံးမှန်းခြေငွေစာရင်းဆိုင်ရာ အချက်အလက်တွေကို ပထမဆုံး ထုတ်ပြန်ခဲ့ပါတယ်။
၂၀၁၇-၁၈ ဘဏ္ဍာနှစ်နဲ့ ၂၀၁၈ခုနှစ် ဧပြီလကနေ စက်တင်ဘာလအထိ ၆ လတာ ရန်ကုန်တိုင်းဒေသကြီးရဲ့ ရသုံးမှန်းခြေငွေစာရင်းဆိုင်ရာ အချက်အလက်တွေကို ပုံနှိပ်ပြီး ရန်ကုန်မြို့မှာ သြဂုတ် ၂၄ရက်နေ့က ပထမဆုံးထုတ်ပြန်လိုက်တာပါ။
ဒီစာအုပ်ကို ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က အချက်အလက်ပံ့ပိုးပေးပြီး အာရှဖောင်ဒေးရှင်းက နည်းပညာနဲ့ ရန်ပုံငွေ ထောက်ပံ့ပါတယ်။ အဲ့ဒီအပြင် လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ အများပြည်သူတွေအတွက် အုပ်ရေ ၅၀၀၀ ဖြန့်ချိသွားမှာပါ။
ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက “ကျနော်တို့တွေကနေ ဘတ်ဂျတ်ကို အသေချထားတာမရှိပါဘူး။ ဘာကြောင့်လဲဆို တိုင်းဒေသကြီးကသာ အဆိုတင်သွင်းပြီးတော့ ပြဋ္ဌာန်းရမယ့် ဥပဒေဖြစ်ပေမယ့် ကျနော်တို့ လွှတ်တော်ကိုယ်စားလှယ်တွေ ပြည်သူလူထုကြားကနေ အရပ်ဘက်အဖွဲ့အစည်းတွေရဲ့ အသံကို နားထောင်ပြီးတော့ ဘတ်ဂျက်ကို ရေးဆွဲဖို့ ပြင်ဆင်နေတာ” လို့ ပြောပါတယ်။
ဒီစာအုပ်မှာ ရန်ကုန်တိုင်းဒေသကြီးရဲ့ စီးပွားရေးနဲ့ ဘဏ္ဍာရေးဆိုင်ရာအချက်အလက်များ၊ စုစုပေါင်းထုတ်လုပ်မှု နဲ့ ဝန်ဆောင်မှု တန်ဖိုး၊ ရငွေ၊ သုံးငွေနဲ့ လိုငွေအခြေအနေ၊ အခွန်အကောက်ရငွေ စတာတွေကို အခန်း ၉ ခန်းနဲ့ ဖော်ပြထားပါတယ်။
အာရှဖောင်ဒေးရှင်း (မြန်မာ) မန်နေဂျာ ဂျိန်းဆေး(လ်) က “အခုလိုမျိုး အစိုးရရဲ့ ဘတ်ဂျက်နဲ့ ပတ်သက်ပြီး ပြည်သူတွေ နားလည်နိုင်အောင် အရိုးအရှင်းဆုံးရေးထား တဲ့ စာအုပ်ကို ပြည်သူ့လက်ထဲကို ချပြတာ အင်မတန်မှကောင်းတဲ့ အကြောင်းအရာတခုပါ။ အစိုးရရဲ့ တာဝန်ယူမှု တာဝန်ခံမှုကို ပြသရာမှာ အရေးပါပါတယ်။ ပြည်သူတွေအနေနဲ့ ဘတ်ဂျက်ပါ အကြောင်းအရာ အချက်အလက်တွေကို သိရှိပြီး ပြည်သူတွေရဲ့ ပေးဆောင်တဲ့ အခွန်တွေကို ဘယ်နေရာမှာ သုံးစွဲတယ်ဆိုတာကို သိရှိမှာ ဖြစ်ပါတယ်” လို့ ပြောပါတယ်။
အစိုးရဘက်က အစဉ်အဆက် ဦးဆောင်ရေးဆွဲတဲ့ ဘတ်ဂျက်ပုံစံကနေ အများပြည်သူတွေရဲ့ အသံကိုနားထောင်ပြီး ရေးဆွဲသွားမယ့် ဘတ်ဂျက်ပုံစံကို ရန်ကုန်တိုင်းဒေသကြီး အစိုးရက ပြင်ဆင်နေတဲ့အတွက် ဘတ်ဂျက်ဆိုင်ရာ အချက်အလက်တွေကို ခရိုင်၊ မြို့နယ်နဲ့ ကျေးရွာအဆင့်ထိ ဖြန့်ဝေသွားနိုင်ဖို့ လိုအပ်တယ်လို့ အရပ်ဘက်အဖွဲ့တခုက ထောက်ပြထားပါတယ်။
ဇမ်ဒိတ်ခွါလ် (Sustainable Development Knowledge Network) က “ပြည်သူတွေ အနေနဲ့ အစိုးရက ဘယ်အပိုင်းကဏ္ဍမှာ ငွေရတယ်။ ဘယ်အပိုင်းကဏ္ဍမှာ ငွေရင်းနှီး မြှုပ်နှံတယ်၊ ဆိုတာ သိလာတဲ့အခါမှာ အရမ်းကောင်းပါတယ်။ အရေးကြီးတာက ဒီစာအုပ်က ပြည်သူလက်ထဲ တကယ်ရောက်သွားဖို့ပေါ့နော်၊ လေ့လာပြီး ဆက်သွယ်လို့ရမယ့် အီးမေးလ်သော်လည်းကောင်း၊ ဖုန်းနံပါတ်တွေ ရမယ်ဆိုရင် ရေရှည်အကျိုး ရှိလာလိမ့်မယ်လို့ မြင်ပါတယ်” လို့ ပြောပါတယ်။
တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေရဲ့ ငွေကြေးအရအသုံးဆိုင်ရာ ကိန်းဂဏာန်း အချက်အလက်တွေကို အများပြည် သူကိုထုတ်ပြန်တဲ့အတွက် အကျင့်ပျက် ခြစားမှုတွေကိုလည်း ထိန်းကျောင်းနိုင်မယ်လို့ ဘတ်ဂျက်ဆိုင်ရာ ကျွမ်းကျင်သူတွေက ဆိုပါတယ်။