Home
မြန်မာသတင်း
ဦးအောင်သိန်းလင်းကို ရွေးကောက်ပွဲကော်မရှင်ထံ တိုင်ကြားရန် စီစဉ်
DVB
·
August 1, 2012
[caption id="attachment_28693" align="alignleft" width="272" caption="ဦးမင်း​အောင်"][/caption] ကြံ့ခိုင်ရေးပါတီ ဗဟိုအလုပ်အမှုဆောင် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအောင်သိန်းလင်းကို သူရဲ့မဲဆန္ဒနယ်ဖြစ်တဲ့​​ ​တောင်ဥက္ကလာပ​  ပြည်သူတွေက ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌထံ လက်မှတ်ထိုးတိုင်ကြားသွားဖို့ စီစဉ်နေပါတယ်။ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်သိန်းလင်းက Southern Weekend တရုတ်သတင်းစာနဲ့ ဆက်သွယ်မေးမြန်းချက်တခုမှာ မြစ်ဆုံစီမံကိန်းကို ရပ်လိုက်တာဟာ သမ္မတရဲ့ သဘောထားသာ​ ​ဖြစ်ကြောင်း၊ ကြားဖြတ်ရွေးကောက်ပွဲမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ အန်အယ်လ်ဒီကို မဲပေးလိုက်တာဟာ ပြည်သူတွေ ရူးနေလို့ဖြစ်ကြောင်း ဝေဖန်ပြောဆိုခဲ့တဲ့ သတင်းတွေ ထွက်ပေါ်ခဲ့ပြီးနောက် အခုလို ပြည်သူတွေက လက်မှတ်ထိုးတိုင်ကြားဖို့ ဆောင်ရွက်နေတာပါ။ လက်မှတ်ထိုးတိုင်ကြားဖို့ ဦးစီးဆောင်ရွက်နေသူ ဦးမင်းအောင်က “လွှတ်တော်အမတ်​ တယောက်က ပြည်သူ့အသံ၊ ပြည်သူ့ဆန္ဒ၊ ပြည်သူ့မျှော်လင့်ချက်ကို ဖော်ဆောင်ရမယ့် အမတ် တယောက်လေ။ အခု နိုင်ငံခြားသတင်းဌာနမှာ ပြောတဲ့ဟာက ပြည့်သူ့ဆန္ဒ သဘောထားကို ဆန့်ကျင်ထားတယ်လို့ မြင်တယ်။ အဲဒီအတွက် အမတ် တယောက်အဖြစ် မထိုက်တန်ဘူး အရည်အချင်း ပျက်ကွက်တယ်လို့ မြင်လို့ပါ။ အခြေခံဥပဒေ အခန်း ၉ ပုဒ်မ ၃၉၆ အရ လက်မှတ်ထိုးပွဲကို လုပ်တာပါ” လို့ ပြောပါတယ်။ ဦးအောင်သိန်းလင်းဟာ သူရဲ့ ပြောဆိုချက်တွေနဲ့ ပတ်သက်ပြီး ဘာသာပြန် မှားယွင်းမှုသာ ဖြစ်တယ်လို့ ငြင်းဆိုထားတဲ့အပေါ်ကိုလည်း ဦးမင်းအောင်က အခုလို သုံးသပ်ပါတယ်။ “ဘာသာပြန်မှားတာဆိုရင်တော့ စကားလုံး အတိမ်းအစောင်းတွေ ရှိမှာပေါ့လေ။ ဒါပေမယ့် အဓိကပြောချင်တာက အကြောင်းအရာပေါ်မှာ ပြောချင်တာပါ။ မြစ်ဆုံကိစ္စ သမ္မတ သဘော တခုတည်းပါလို့ ဆိုတာတို့ အန်အယ်လ်ဒီကို မဲပေးတဲ့သူတွေက ရူးနေလို့ပါဆိုတဲ့ စကားတွေက ဘာသာပြန်မှားတာ မဖြစ်နိုင်ဘူး။ စကားလုံး လွဲရင် လွဲမယ်လေ။ အကြောင်းအရာကတော့ ဒါပဲ ဖြစ်ပါလိမ့်မယ်။ ဒီအကြောင်းအရာက ပြည်သူကို စော်ကားနေတာနဲ့ တူတယ်လေ။” တိုင်ကြားဖို့အတွက် လက်မှတ် ၁ ထောင်ကျော်လောက် ရနေပြီ ဖြစ်ပြီး ရရှိလာမယ့် လက်မှတ်တွေကို ဆက်လက်ပြီး ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ကို တင်သွင်းတိုင်ကြားသွားမယ်လို့ ဆိုပါတယ်။ ဦးအောင်သိန်းလင်း ပြောကြားခဲ့တဲ့အပေါ် ကြံ့ခိုင်ရေးပါတီက မှန်ကန်မှု ရှိမရှိ စစ်ဆေးပြီး မှန်ကန်မှုရှိပါက ပါတီစည်းကမ်းအရ အရေးယူမယ့်အကြောင်းနဲ့ ဒီပြောဆိုချက်တွေဟာ ဦးအောင်သိန်းလင်းရဲ့ တဦးတည်းသဘောထားသာဖြစ်ပြီး ပါတီသဘောထား မဟုတ်ဘူးလို့ ကြေညာထားပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024