A d v e r t i s e m e n t With Us

နိုင်ငံပြုပြင်ပြောင်းလဲရေးနှင့် မူဝါဒရေးရာ စဉ်းစားစရာများ (၄)

မြန်မာအစိုးရဟာ ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်တွေကို အခုအချိန်ကျမှ ဘာဖြစ်လို့ အားသွန်လုပ်ဆောင်လာရသလဲ။ အရင် စစ်အစိုးရလက်ထက်က ဘာကြောင့် မလုပ်ခဲ့သလဲ။ အဲ့ဒီလိုမလုပ်ခဲ့တဲ့ အကြောင်းတရားတွေက ဘာတွေလဲ။ အလွန် စိတ်ဝင်စားဖို့ကောင်းတဲ့ မေးခွန်းတွေဖြစ်ပေမယ့် ပွင့်လင်းလွတ်လပ်မှု နည်းတဲ့ မြန်မာ့လူ့အဖွဲ့အစည်းမှာ ပြည်သူတွေဟာ ဒီမေးခွန်းတွေရဲ့အဖြေကို တိတိကျကျသိနိုင်ဖို့ ခက်ခဲပါတယ်။ လက်ရှိအခြေအနေမှာ အတိတ်ကို သင်ခန်းစာအဖြစ်ယူပြီး ရှေ့ကိုသာမျှော်ကြည့်ချင်တဲ့ ဆန္ဒတွေ အစိုးရခေါင်းဆောင်တွေဘက်က ထုတ်ဖော်လာကြတာ တွေ့ရသလို ဒီမိုကရေစီခေါင်းဆောင်များ ဘက်ကလည်း ပစ္စုပ္ပန်အခြေအနေကို လက်တွေ့ကျကျ လက်ခံပြီး ရှေ့ခရီးမှာ တိုင်းပြည်ကောင်းကျိုး အတွက် ဘာတွေပူးပေါင်းလုပ်ဆောင်နိုင်မလဲ ဆိုတာကို ရှာဖွေလာကြတယ်။ ဒါကပဲ မြန်မာ့နည်းမြန်မာ့ဟန် သင်ပုန်းချေနည်းလားလို့ စဉ်းစားစရာဖြစ်ပါတယ်။ စစ်အစိုးရလက်ထက် ဖြစ်ခဲ့တဲ့ နိုင်ငံရေး ပဋိပက္ခတွေကို သင်ပုန်းချေပြီး ရင်ကြားစေ့ရေး ကြိုးပမ်းနေကြတာ၊ တိုင်းပြည်တိုးတက်ရေးအတွက် အတူတွဲလုပ်ကြမယ်ဆိုတာ ဗုဒ္ဓဘာသာတိုင်းပြည်တခုအတွက် မင်္ဂလာရှိတဲ့ အများအကျိုးဖြစ်ထွန်းစေတဲ့ ဆုံးဖြတ်ချက်ဖြစ်ပါတယ်။ သမိုင်းတလျှောက်မှာ အင်မတန်အရေးကြီးတဲ့ အချိန်အခါဖြစ်သလို နိုင်ငံငြိမ်းချမ်းတိုးတက်မှုရဲ့ ခြေလှမ်းအစဆိုတာကို နိုင်ငံသားတိုင်း ခံစားနားလည်နိုင်ပါတယ်။ ဒါပေမယ့် သင်ပုန်းချေနည်းမှာ ရာဇ၀တ်မှုမြောက်တဲ့ ဖြစ်ရပ်တွေကို ကျူးလွန်ထားရင် အစိုးရဖြစ်စေ၊ အတိုက်အခံကဖြစ်စေ သင်ပုန်းချေခွင့် မရှိပါဘူးဆိုတဲ့ အချက်ကိုလည်း သတိချပ်ဖို့လိုပါတယ်။ ဒါဟာ ဥပဒေစိုးမိုးရေး (Rule of Law) ဆိုင်ရာကိစ္စ ဖြစ်နေတဲ့အတွက်လည်း သိပ်အရေးကြီးပါတယ်။ ပြည်ပရောက် အတိုက်အခံတွေကို ပြည်တွင်းကိုပြန်လာပြီး တိုင်းပြည်တိုးတက်ရေးအတွက် ပါဝင်ဆောင်ရွက်ကြဖို့ သမ္မတ ဦးသိန်းစိန် ကမ်းလှမ်းခဲ့တုန်းက နိုင်ငံရေးအမြင်သဘောထား ကွဲပြားလို့ အစိုးရအပေါ် ဆန့်ကျင်ခဲ့တာတွေအပေါ် အရေးယူမှာ မဟုတ်ဘူးလို့ပြောခဲ့ပေမယ့် ရာဇ၀တ်မှုကျူးလွန်ထားတဲ့ သူတွေဆိုရင်တော့ ဥပဒေအရ ရင်ဆိုင်ရလိမ့်မယ်လို့ စည်းကမ်းချက် ထားရှိခဲ့ပါတယ်။ ဒီသဘောထားဟာ နိုင်ငံတကာစံနှုန်းတွေနဲ့ ကိုက်ညီပါတယ်။ အဲ့ဒီလိုပဲ ဗျူရိုကရေစီစနစ်အတွင်း ရာဇ၀တ်မှုမြောက်တဲ့ အကျင့်ပျက်ခြစားမှုတွေကို ဖော်ထုတ်အရေးယူဖို့ လိုအပ်ချက်ဟာ ဘယ်အစိုးရ လက်ထက်ဖြစ်ဖြစ် နိုင်ငံရေးအရ သင်ပုန်းချေရေး၊ ရင်ကြားစေ့ရေးတို့နဲ့ မသက်ဆိုင်တဲ့၊ ဥပဒေစိုးမိုးမှုနဲ့သာ သက်ဆိုင်တဲ့ သီးခြားအရေးယူ ဆောင်ရွက်ရမယ့်ကိစ္စ ဖြစ်တယ် ဆိုတာပါပဲ။ ဒီနေရာမှာ လက်ရှိကျင့်သုံးနေတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေက တပ်မတော်အစိုးရရဲ့ သက်တမ်းတလျှောက်လုံး ဆောင်ရွက်ခဲ့တာတွေအပေါ် နောက်ကြောင်းပြန် တရားဆွဲဆိုမှုမရှိစေရလို့ အကာအကွယ်ပေးထားပေမယ့် အကျင့်ပျက် ခြစားမှုတွေကိုတော့ ဖွဲ့စည်းပုံအခြေခံဥပဒေအရ အကာအကွယ်ပေးလို့ မရဘူးဆိုတဲ့ အချက်ကို ရှင်းရှင်းလင်းလင်း ရှိထားဖို့လိုပါတယ်။ အကျင့်ပျက်ခြစားမှု (Corruption) ကို မြန်မာပြည်သူတွေက ငွေကြေး၊ ပစ္စည်းဥစ္စာ လက်ခံရယူတယ်လို့ အလွယ် နားလည်ထားကြပါတယ်။ အမှန်တကယ်က အကျင့်ပျက်ခြစားမှုထဲမှာ မိမိရရှိထားတဲ့ အခွင့်အာဏာကို မတော်သြဇာသုံးပြီး လူတဦး ဒါမှမဟုတ် လုပ်ငန်းအဖွဲ့အစည်းတခုအကျိုးအတွက် မူဝါဒပိုင်းဆိုင်ရာ အကျင့်ပျက်ခြစားမှု (Policy Corruption) လည်း ပါဝင်ပါတယ်။ ဒီလိုမူဝါဒပိုင်းဆိုင်ရာ ခြစားမှုဟာ ငွေကြေး လာဘ်လာဘယူတာနဲ့မတူဘဲ သိမ်မွေ့ပြီး ဖော်ထုတ်ဖြေရှင်းရခက် ပါတယ်။ မူဝါဒတွေကို ရေးဆွဲသူ (ဥပမာ လွှတ်တော်) က တဖွဲ့ ဖြစ်ပေမယ့် အကောင်အထည်ဖော်တဲ့အဆင့် (procedure) ဟာ သက်ဆိုင်ရာ အာဏာရှိသူရဲ့ လက်ထဲမှာ ရှိနေပြီး အဲ့ဒီသူမှာ ဆုံးဖြတ်ခွင့်အာဏာ (discretion power) ရှိနေတဲ့အတွက် အတော်ဆုံး အကျင့်ပျက်ခြစားတဲ့ ဗျူရိုကရက်တွေဟာ မူဝါဒနဲ့လည်း ကိုက်ညီ ကိုယ်လည်းအကျိုးရှိတဲ့ နည်းလမ်းပေါင်းများစွာနဲ့ အလွဲသုံးစား လုပ်တတ်ကြပါတယ်။ ဥပမာ နိုင်ငံသားလုပ်ငန်းရှင်ကြီးများ ပေါ်ထွက်လာရေးကို အစိုးရမူဝါဒအဖြစ် ချမှတ်ထားသလို ငွေကြေးအကျိုးအမြတ်များတဲ့ နိုင်ငံတော်စီမံကိန်းကြီးတွေကို ပွင့်လင်းမြင်သာမှုရှိရှိ လုပ်ရမယ်ဆိုတဲ့ မူဝါဒလည်း ရှိပါတယ်။ ဒီမူဝါဒတွေကို အကောင်အထည်ဖော်ဖို့ တာဝန်ယူရတဲ့ အစိုးရအရာရှိကြီးက ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းတွေအတွက် ပွင့်လင်းမြင်သာမှုရှိရှိနဲ့ တင်ဒါ ခေါ်ယူခဲ့ပါတယ်။ ဒါပေမယ့် ခေါ်ယူတဲ့နည်းက သတင်းစာထဲက အများသိအောင် ကြေညာခေါ်ယူတာမျိုးမဟုတ်ဘဲ မိမိတင်ဒါပေးလိုတဲ့ ကုမ္ပဏီအပါအ၀င် အခြားကုမ္ပဏီအနည်းအကျဉ်းကို ဖိတ်စာပို့ ခေါ်ယူလိုက်ပါတယ်။ နောက်ဆုံး တခြားကုမ္ပဏီတွေက အရင်းအနှီးများတဲ့ ဒီတင်ဒါပွဲမှာ ဘယ်လိုမှ အစိုးရအရာရှိကြီးနဲ့ နီးစပ်တဲ့ကုမ္ပဏီကို မယှဉ်နိုင်ဘဲ အရှုံးပေးလိုက်ကြရပါတယ်။ ထိုကုမ္ပဏီကြီးက နိုင်ငံသား လုပ်ငန်းရှင်ကြီးတဦး ပိုင်ဆိုင်တာဖြစ်တဲ့အတွက် အစိုးရမူဝါဒနှစ်ရပ်လုံးနဲ့ ကိုက်ညီပါတယ်။ ထိုအရာရှိကြီးလည်း အကျိုးအမြတ်တွေ ကြီးကြီးမားမား ရရှိသွားပါတယ်။ ဒီလိုဖြစ်ရပ်မျိုးကို ဘယ်လိုအရေးယူမလဲ။ အာဏာခြစားမှုနဲ့ ငွေကြေးခြစားမှုဟာ ဒင်္ဂါးပြားရဲ့ ခေါင်းနဲ့ပန်းလိုပါပဲ။ အိမ်နီးချင်းနိုင်ငံတခုဖြစ်တဲ့ ထိုင်းနိုင်ငံက ၀န်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နာဝပ်ရဲ့ ၀န်ကြီးချုပ်သက်တမ်းကာလအတွင်း အာဏာခြစားခဲ့မှုတွေဟာ အကောင်းဆုံး နမူနာယူထိုက်တဲ့ သာဓကတခု ဖြစ်ပါတယ်။ ဘန်ကောက်မြို့လယ်ခေါင်က တန်ဖိုးကြီးတဲ့ မြေအရောင်းအ၀ယ်တခုမှာ သက်ဆင်ဟာ သူဇနီးပိုင် ကုမ္ပဏီကရရှိအောင် သူရဲ့ဝန်ကြီးချုပ်သြဇာကို တဖက်လှည့်နည်းနဲ့ အသုံးချခဲ့တယ်ဆိုတာ နောက်ပိုင်းမှာ စစ်ဆေးတွေ့ရှိခဲ့လို့ တရားရုံးက သူ့ကို ပြစ်ဒဏ်ချမှတ်ခဲ့ပါတယ်။ ဒါပေမယ့် ပြဿနာက မြန်မာပြည်က အကျင့်ပျက်ခြစားမှုတွေကို ဘယ်လိုဖော်ထုတ်နေကြသလဲ။ ဒီဆောင်းပါးအပိုင်း (၃) မှာ ဖော်ပြခဲ့သလိုပဲ ပြည်ထောင်စုစာရင်းစစ်ချုပ်က ၎င်းရဲ့တာဝန်အရ ၀န်ကြီးဌာနတွေရဲ့ စာရင်းဇယားတွေ စစ်ဆေးပြီး တွေ့ရှိချက်တွေကို လွှတ်တော်ကိုတင်ပြလိုက်တော့ စစ်အစိုးရလက်ထက်က ၀န်ကြီးဌာနတွေရဲ့ ငွေကြေးအလွဲသုံးစားမှုတွေ ပေါ်ထွက်လာပါတယ်။ ဒီလိုထွက်ပေါ်လာပြီး သတင်းမီဒီယာတွေက ရေးသားကြတော့ ပြည်သူတွေ ကျယ်ကျယ်ပြန့်ပြန့် သိရှိခဲ့ရပေမယ့် နောင်ပိုင်းစာရင်းစစ်ချုပ်ရုံးရဲ့ အစီရင်ခံစာတွေကို လွှတ်တော်က မရရှိတော့ပါဘူး။ ဒါဟာလည်း တနည်း ပြောရရင် policy corruption တခုပါပဲ။ နိုင်ငံတော်သမ္မတရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးစိုးမောင်က “နိုင်ငံတော်အစိုးရက အကျင့်ပျက်ဝန်ထမ်းများကို စိစစ်ဖော်ထုတ်ပြီး လာဘ်ပေးလာဘ်ယူမှု၊ အာဏာ အလွဲသုံးစားပြုမှု၊ အကျင့်ပျက်ခြစားမှု၊ တာဝန်ယူမှုနဲ့ စီမံခန့်ခွဲမှုများကို ပြစ်မှုအလိုက် အရေးယူဆောင်ရွက်နေပါတယ်။ ဒီမိုကရေစီလမ်းကြောင်း ရင့်ကျက်လာပါက အခုထက်ပိုပြီး ထင်သာ မြင်သာရှိလာမှုတွေ အလိုအလျောက် ဖြစ်လာမှာပါ” လို့ လွှတ်တော်တွင် မေးမြန်းမှုတခုမှာ ဖြေကြားခဲ့ပါတယ်။ အကျင့်ပျက်ခြစားမှုတိုက်ဖျက်ရေးဟာ တရားဥပဒေစိုးမိုးရေးမှုရှိရေး လုပ်ငန်းရဲ့ အစိတ်အပိုင်းတခုဖြစ်ပြီး ဒီမိုကရေစီ ရင့်ကျက်မှုမရှိတာနဲ့ သက်ဆိုင်မှုမရှိပါ။ တကယ်တော့ အစိုးရအနေနဲ့ အကျင့်ပျက်ခြစားမှု တိုက်ဖျက်ရေးကို ပွင့်လင်းမြင်သာမှုရှိရှိ လုပ်ဆောင်တာကမှ ဒီမိုကရေစီရင့်ကျက်မှုကို အထောက်အကူပြုရာ ပြသရာရောက်ပါတယ်။ တိုင်းပြည်မှာ အစိုးရအပြောင်းအလဲ ဖြစ်သွားပေမယ့်၊ ပြုပြင်ပြောင်းလဲမှုတွေလုပ်နေပေမယ့် အကျင့်ပျက်ချစားမှုလို ကိစ္စမျိုးကအစ တိုင်းပြည်ရဲ့ ပကတိအခြေအနေအရပ်ရပ် ဘယ်လိုရှိတယ်ဆိုတာကို နိုင်ငံသားတွေ သိရှိခွင့်မရတာဟာ သမ္မတ ဦးသိန်းစိန်ရဲ့ “ပြည်သူလူထုဗဟိုပြု” (People-centered) မူဝါဒနဲ့ ကွဲလွဲမနေဘူးလား။ တိုင်းပြည်ရဲ့ ပကတိအခြေအနေအရပ်ရပ်လို့ ဆိုလိုက်ရင် နိုင်ငံတော်က တနိုင်ငံလုံးမှာ ကားလမ်းအရှည် ဘယ်နှမိုင်၊ ရထားလမ်းအရှည် ဘယ်နှမိုင်၊ ရေကာတာ ဘယ်နှခု၊ ရေအားလျှပ်စစ်စီမံကိန်း ဘယ်နှခု၊ တက္ကသိုလ် အဆောက်အအုံ ဘယ်နှလုံး၊ ဆေးရုံ ဘယ်နှလုံး…စတဲ့ ကိန်းဂဏန်းတွေ တပုံတပင်နဲ့ သတင်းစာတွေထဲကနေ ထပ်ခါတလဲလဲ ဖော်ပြနေတတ်ပါတယ်။ မြန်မာပြည်သူတွေ ဒီလောက်မညံ့ကြပါ။ သူတို့သိချင်တာက ရေကာတာတွေ ရေအားလျှပ်စစ်စက်ရုံတွေ အရေအတွက် မဟုတ်ပါဘူး။ လျှပ်စစ်မီးရရှိမှု ဘာကြောင့်တိုးတက် ပြောင်းလဲမလာသလဲ ဆိုတာပါ။ ၀န်ကြီးဦးဇော်မင်းပြောသလို လျှပ်စစ်ဆိုတာ ပိုလျှံနေရင် သိမ်းထားလို့မရဘူး၊ ရောင်းရတာပေါ့ ဆိုတာထက် ဘာဖြစ်လို့ ဓာတ်အားလိုင်းတွေ ကျေးရွာတွေအထိ အရောက် သွယ်တန်းတဲ့စီမံကိန်းကို လွန်ခဲ့တဲ့နှစ် ၂၀ လုံးလုံး ထိထိရောက်ရောက် အကောင်အထည် မဖော်နိုင်တာလဲ ဆိုတာ သိချင်ကြတယ်။ ဘာဖြစ်လို့ နေပြည်တော်ကြီး မီးထိန်ထိန်လင်းနေပြီး တိုင်းပြည်တခုလုံး နေရာအနှံ့ မီးလင်းရေး စီမံကိန်းတွေမှာ ရင်းနှီးမြှုပ်နှံမှု မလုပ်ခဲ့တာလဲဆိုတာ သိချင်ကြတယ်။ ဒီလောက်ကြီးမားတဲ့ စီမံကိန်းကြီးတွေမှာ နိုင်ငံတော်အနေနဲ့ အရင်းအနှီးမတည် မဆောက်လုပ်နိုင်လို့ ပြည်ပကုမ္ပဏီတွေကို တည်ဆောက်ခွင့်ပေးတော့ သူတို့က ၉၀ ရာခိုင်နှုန်းယူ၊ ကိုယ်က ၁၀ ရာခိုင်နှုန်းပဲရတယ်ဆိုတဲ့ ဆင်ခြင်ထက် အရင်းအနှီးမရှိဘဲ ဘာကြောင့် ဒီလိုစီမံကိန်းကြီးတွေကို အကောင်အထည်ဖော်ခဲ့သလဲဆိုတာ ပြည်သူတွေ သိချင်နေပါတယ်။ သဘာဝဓာတ်ငွေ့ ရောင်းရငွေဟာ ၂၀၀၆ ခုနှစ်ကစလို့ နှစ်စဉ် ဒေါ်လာ ၂ ဘီလီယံကျော် ၀င်ငွေရရှိခဲ့တယ်ဆိုရင် ဒီငွေတွေထဲကနေ တိုင်းပြည်မှာလိုအပ်နေတဲ့ လောင်စာဆီပြန်ဝယ်ရလို့ အလွန်ဆုံး ၁၅% ကို ပြန်နုတ်ရင်တောင် ကျန်ငွေတွေကို ဘယ်နေရာတွေမှာ ပြန်လည်ရင်းနှီးမြှုပ်နှံမှုတွေ လုပ်ခဲ့သလဲဆိုတာ သိချင်ကြပါတယ်။ နှစ်စဉ် ကျောက်စိမ်းရောင်းရ ငွေတွေနဲ့ နိုင်ငံအနှံ့ကျွန်းသစ် အပါအ၀င် သစ်မာတွေ ထုတ်ရောင်းခဲ့လို့ သစ်တောပြုန်းတီးတဲ့ ဘ၀ရောက်နေပေမယ့် အဲ့ဒီငွေတွေကို တိုင်းပြည်မှာ ဘယ်လိုအသုံးပြုခဲ့သလဲဆိုတာ ဘယ်သူမှမသိရပါဘူး။ နောက်ဆုံးနဲ့ အရေးအကြီးဆုံးက စစ်တပ်ရဲ့ အသုံးစရိတ်ပါပဲ။ လွန်ခဲ့တဲ့ ၂၀ နှစ်ဆယ်အတွင်း စစ်ရေးတည်ဆောက်ခဲ့တဲ့ စရိတ်တွေဟာ ဘယ်ကရတဲ့ငွေတွေနဲ့ တည်ဆောက်ခဲ့သလဲဆိုတာ ပြည်သူတွေသိချင်ပါတယ်။ ပြည်သူတွေသိချင်နေတဲ့ နောက်တချက်က နိုင်ငံပြုပြင်ပြောင်းလဲရေးရဲ့ အရေးကြီးဆုံးဖြစ်တဲ့ တည်ဆဲဥပဒေတွေကို ပြင်ဆင်တာနဲ့ ဥပဒေအသစ်တွေကို ရေးဆွဲပြဋ္ဌာန်းနေကြတာ တခုပြီးတခုပါပဲ။ ဒါပေမယ့် ဥပဒေတွေကိုစိစစ်တဲ့ အဖွဲ့အစည်း (လွှတ်တော်) ကိုသာ ပြည်သူတွေ သိရှိနေရပြီး၊ ဘယ်ဥပဒေကို ဘယ်ဝန်ကြီးဌာနက ဘယ်အချိန်က စတင်ရေးဆွဲပြီး ဘယ်အချိန်မှာ ပြီးဆုံးတယ်ဆိုတဲ့ ဥပဒေကြမ်းရေးဆွဲတဲ့ဖြစ်စဉ် (drafting process) ကို မသိကြရပါ။ အဲ့လိုပဲ ဥပဒေတွေကို ရေးဆွဲကြတဲ့ ပညာရှင်တွေက ဘယ်သူတွေလဲ၊ ဥပဒေရေးဆွဲရာမှာ သက်ဆိုင်ရာနယ်ပယ်တွေမှာရော နှံ့စပ်ကျွမ်းကျင်သူတွေ ဖြစ်ပါရဲ့လား၊ ဒါမှမဟုတ် သက်ဆိုင်ရာပညာရှင်တွေရဲ့ အကြံဥာဏ်တွေကို ဘယ်လိုနည်းနဲ့ရယူခဲ့သလဲ မသိကြရပါ။ ဒီအချက်အလက်တွေအားလုံးက အစိုးရလက်ထဲမှာပဲ ထိန်းချုပ်ထားတယ်။ ၀န်ကြီးဌာနတွေရဲ့ လျှို့ဝှက်မှတ်တမ်းဖိုင်တွေထဲမှာပဲ ရှိတယ်။ လွှတ်တော်က ကိုယ်စားလှယ်တော်ကြီးများတောင် ကြည့်ခွင့်မရှိပါ။ သာမန်ပြည်သူတယောက်အဖို့ ပိုလို့တောင် အလှမ်းဝေးပါသေးတယ်။ ဒါဆိုရင် ပြည်သူလူထုအပေါ် တာဝန်ခံပါတယ်ဆိုတဲ့ (accountability) ကို အစိုးရတရပ်အနေနဲ့ ဘယ်လို သက်သေထူပြမလဲ ဆိုတာ ပြည်သူတွေက စောင့်ကြည့်နေပါတယ်။

A d v e r t i s e m e n t With Us

More News
Up