Thursday, June 8, 2023
HomeLead Storyအာဏာရှင်ခေတ် အသုံးအနှုန်းကို တပ်မတော်ကန့်ကွက်

အာဏာရှင်ခေတ် အသုံးအနှုန်းကို တပ်မတော်ကန့်ကွက်

အာဏာရှင်ခေတ်ဆိုတဲ့ စကားလုံးအသုံးအနှုန်းနဲ့ ပတ်သက်လို့ ဒီနေ့ကျင်းပတဲ့ အမျိုးသား လွှတ်တော်အစည်းအဝေးမှာ တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်က ကန့်ကွက်လိုက်ပါ တယ်။

သြဂုတ်လ ၂၃ ရက်နေ့ အမျိုးသားလွှတ်တော်မှာ လယ်ယာမြေ စီမံခန့်ခွဲမှု ကော်မတီ အဆင့်ဆင့်ရဲ့ အဂတိတရားမကင်းတဲ့ လုပ်ဆောင်ချက်တွေ ထိန်းညှိပေးဖို့ အစီအမံ တခု ရေးဆွဲပြဋ္ဌာန်းပေးဖို့ အစိုးရကို တိုက်တွန်းကြောင်းအဆိုကို ရခိုင်ပြည်နယ် မဲဆန္ဒနယ်က ဦးခင်မောင်လတ်က ဆွေးနွေးတာမှာ အာဏာရှင်ခေတ်ဆိုတဲ့ အသုံးအနှုန်းသုံးသွားတာကို တပ်မတော်က အခုလို ကန့်ကွက်လိုက်တာပါ။

“ကျနော်တို့ နိုင်ငံဟာ အာဏာရှင်ခေတ်တွေကနေ ဒီမိုကရေစီခေတ်ကို ပြောင်းနေတဲ့ အသွင်ကူးပြောင်းစ အခြေအနေထဲမှာပဲ ရှိနေပါတယ်။ အဲဒါကြောင့် အစိုးရဌာနတွေမှာ လုပ်ပိုင်ခွင့်အာဏာတွေ ပြောင်းကျန်ခဲ့ပြီးတော့ ပိုလျှံနေတယ်လို့ ယူဆပါတယ်” လို့ ဦးခင်မောင်လတ်က ပြောဆိုခဲ့ပါတယ်။

ဒီဆွေးနွေးချက်အပေါ် တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ် ဒုဗိုလ်မှူးကြီး အောင်ထွန်းလင်းက ”အာဏာရှင်ဆိုတာ အာဏာကို ကြာရှည်သုံးစွဲ ဆုပ်ကိုင်ထားတယ်ဆိုတဲ့ စကားလုံး။ ဒါတွေက ပုဂ္ဂလိကဆိုင်ရာ ထင်မြင်ယူဆချက်တွေဖြစ်ပါတယ်။ ဒါကြောင့် ကန့်ကွက်တဲ့အကြောင်းရင်းက ဒီအဆိုနဲ့မလျော်ညီတဲ့ အကြောင်းအချက်တွေ၊ နောက်တစ်ခါ အသုံးအနှုန်းတွေ ဒါတွေ သုံးစွဲလို့ ကန့်ကွက်တာ”လို့ ဆိုပါတယ်။

ဒါနဲ့ပတ်သက်ပြီး အမျိုးသားလွှတ်တော်ဥက္ကဋ္ဌက ပြန်စိစစ်ပြီး အဆိုနဲ့မသက်ဆိုင်ဘူးဆိုရင် ပယ်ဖျက်ပေးပါမယ် လို့ ပြောပါတယ်။

မကြာသေးခင်က ကျင်းပတဲ့ ပြည်သူ့လွှတ်တော်အစည်းအဝေးမှာလည်း မြေတွေကို စစ်မှုထမ်းဟောင်းအဖွဲ့က မဟားဒယား သိမ်းယူဆိုပြီး ကိုယ်စားလှယ်တဦးက သုံးခဲ့တဲ့အပေါ် မဟားဒယားဆိုတဲ့ အသုံးအနှုန်းကို တပ်ကိုယ်စားလှယ် ကန့်ကွက်လို့ လွှတ်တော်မှတ်တမ်းက ပယ်ဖျက် ပေးခဲ့ရဖူးပါတယ်။

RELATED ARTICLES
- Advertisment -
Google search engine

Most Popular