ရုရှားနှင့်ပတ်သက်သည့်မူဝါဒ အီးယူ-အမေရိကန် ကျင့်သုံးလာရန် ဗြိတိန်လုပ်နေဟု စွပ်စွဲ

ဓာတ်ပုံ - Reuters
ဗြိတိန်နိုင်ငံဟာ ရုရှားနဲ့ပတ်သက်တဲ့ သူ့မူဝါဒတွေကို ဥရောပသမဂ္ဂနဲ့ အမေရိကန်တို့လည်း ကျင့်သုံးလာအောင် လုပ်နေတယ်လို့ ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂျီလာဗရော့က စွပ်စွဲပြောကြားလိုက်ပါတယ်။ ဥရောပသမဂ္ဂ (အီးယူ) အနေနဲ့ ရုရှားအပေါ် အရေးယူပိတ်ဆို့တာတွေ တိုးလုပ်စေချင်ကြောင်း ဗြိတိန်နိုင်ငံခြားရေးဝန်ကြီးက ဝါရှင်တန်မြို့မှာ ပြောကြားဖို့ ရှိနေချိန်မှာ ရုရှား နိုင်ငံခြားရေးဝန်ကြီးက ဗြိတိန်ဟာ ရုရှားအပေါ်ထားတဲ့ သူ့မူဝါဒတွေ အီးယူနဲ့ အမေရိကန်တို့ပါ ကျင့်သုံးလာအောင် လုပ်နေတယ်လို့ စွပ်စွဲ ပြောကြားလိုက်တာပါ။ “ကျနော်တို့ ဗြိတိန်လုပ်ဖော်ကိုင်ဘက်တွေကို တွေ့ဆုံဆွေးနွေးဖို့ အကြိမ်ကြိမ် ကမ်းလှမ်းခဲ့ပါတယ်။ တွေ့ဆုံချိန် ပူပန်ရတဲ့ ကိစ္စတွေကို ပြောဆိုကြဖို့နဲ့ ကျနော်တို့ရဲ့ ဆက်ဆံရေးကို ပုံမှန်အတိုင်း ရှိနေအောင် လုပ်ဖို့ပါ။ ခပ်ပြင်းပြင်း ငြင်းတာမျိုးပဲ ရှိပေမယ့် ကျနော်တို့ ကမ်းလှမ်းချက်ကို မရုပ်သိမ်းသေးပါဘူး” လို့ ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂျီလာဗရော့က ပြောပါတယ်။ “ရုရှားအပေါ် အရေးယူပိတ်ဆို့မှုတွေဟာ ယူကရိန်းကြောင့်၊ ခရိုင်းမီးယား အရေးကြောင့် မဟုတ်ဘဲ ရုရှားနဲ့ အဆက်အဆံနည်းစေမယ့် မူဝါဒတွေ တိုးလာအောင်၊ မမျှမတဖြစ်စေတဲ့ ယှဉ်ပြိုင်မှုတွေ ရှိလာအောင် လုပ်ချင်ရုံသက်သက်ပါပဲ” လို့ ရုရှားနိုင်ငံခြားရေးဝန်ကြီးက ဆက်ပြောပါတယ်။ ဗြိတိန်မှာ ရုရှားသူလျှိုဟောင်း ဓာတုအဆိပ်နဲ့ လုပ်ကြံခံရတာဟာ ရုရှားလက်ချက်ဖြစ်တယ်လို့ ဗြိတိန်ဘက်က စွပ်စွဲပြောကြားပြီးကတည်းက နှစ်နိုင်ငံဆက်ဆံရေး တင်းမာနေပြီး ရုရှားကတော့ ဒီစွပ်စွဲချက်ကို ငြင်းဆိုထားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up