ကွင်းလယ်ကစားသမား တင်ကာဟေးကို မီဒီယာများနှင့် မိတ်ဆက်

အင်္ဂလန် ပရီးမီးယားလိဂ်ကလပ် အဲဗာတန်အသင်းကနေ ခေါ်ယူခဲ့တဲ့ ကွင်းလယ်ကစားသမား တင်ကာဟေးကို အမေရိကန် မေဂျာလိဂ်ကလပ် နယူးယောက် ရက်ဘူးလ်အသင်းဟာ မနေ့က မီဒီယာတွေနဲ့ မိတ်ဆက်ပွဲ ပြုလုပ်ခဲ့ပါတယ်။ အသက် ၃၂ နှစ်အရွယ် တင်ကာဟေးကို ခေါ်ယူဖို့ ပြီးခဲ့တဲ့အပတ်က သဘောတူညီချက် ရရှိခဲ့တာဖြစ်ပြီး တင်ကာဟေးရဲ့ ပြောင်းရွှေ့ကြေးကို မဖော်ပြပေမယ့်လည်း ဗြိတိသျှ မီဒီယာတွေကတော့ ပေါင် ၁ သန်း ၀န်းကျင်လောက် ရှိလိမ့်မယ်ဆိုပြီး ခန့်မှန်းနေကြပါတယ်။ နည်းပြ ဟန်းစ် ဘက်ကီ ဦးဆောင်တဲ့ ရက်ဘူးအသင်းမှာ သြစတြေးလျ ကွင်းလယ်သမား အနေနဲ့ ကျောနံပါတ် ၁၇ ကို ၀တ်ဆင်ရမှာ ဖြစ်ပါတယ်။ ရက်ဘူးအသင်းက ကာဟေးအတွက် တနှစ်ကို လစာငွေ အမေရိကန်ဒေါ်လာ ၃ သန်းခွဲပေးပြီး  ၃ နှစ်ခွဲ စာချုပ်နဲ့ ခေါ်ယူထားတယ်ဆိုပြီး သတင်းတွေမှာ ခန့်မှန်းနေတာပါ။ တင်ကာဟေးက “ရက်ဘူးအသင်းမှာ ကစားဖို့ ကျနော့်ကို ဖုန်းဆက်ပြီး အကြောင်းကြားလာပါတယ်။ ကျနော် စိတ်ထဲမှာ သိနေတာကတော့ အသင်းပြောင်းရင် အဲဗာတန်ကို ထာဝရ နှုတ်ဆက် ရတော့မှာပါ။ နောက်ပြီး ပရီးမီးယားလိဂ်မှာလည်း ဘယ်တော့မှ ကစားခွင့်ရတော့မှာ မဟုတ်ဘူးဆိုတာကိုလည်း သိနေပါတယ်။ ဒီမှာ ရှိနေတဲ့ ကစားသမား သက်တမ်း အတွင်းမှာ အောင်မြင်မှုတွေ အများကြီး ရပြီးပါပြီ။ ဒါကြောင့် အသင်းပြောင်းတာပါ။ တခြားလူတွေကတော့ အသင်းပြောင်းတဲ့အပေါ်မှာ တမျိုး မြင်ပါလိမ့်မယ်။ ဒါပေမယ့် ကျနော့် အသက်က ၃၂ နှစ်ပဲ ရှိသေးတာပါ။ အရွယ်ကောင်းတုန်းမှာ မေဂျာလိဂ်ကို လာတာပါ။ စိန်ခေါ်မှု အသစ်တွေအတွက် အဆင်သင့်ပါပဲ။ နောက်ပြီးတော့ ဒီအသင်းကို ပြောင်းလာတဲ့အတွက်  ဟွန်နရီလို နာမည်ကြီး ကစားသမားတယောက်နဲ့လည်း တွဲဖက်ပြီး ကစားခွင့် ရတော့မှာပါ” လို့ ဆိုပါတယ်။ တင်ကာဟေးဟာ မီဝေါအသင်းကနေ ၂၀၀၄ ခုနှစ်မှာ အဲဗာတန်ကို ပြောင်းရွှေ့လာပြီး ပွဲပေါင်း ၂၇၈ ပွဲမှာ ၆၈ ဂိုး သွင်းပေးထားပါတယ်။ သူဟာ သြစတြေးလျ လက်ရွေးစင်အသင်းနဲ့အတူ ၂၀၀၆ နဲ့ ၂၀၁၀ ကမ္ဘာ့ဖလား ပွဲတွေ ကစားပေးထားပြီး ပွဲပေါင်း ၅၅ ပွဲမှာ ၂၄ ဂိုး သွင်းပေးထားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up