အကြွေးလာတောင်းသည့် ညီအစ်မ ၂ ဦး ဓားထိုးခံရ၊ ၁ ဦး သေဆုံး
DVB
·
August 22, 2018

တောင်ကြီးမြို့နယ် ရွှေညောင်မြို့ ရွှေဘုံသာရပ်ကွက်မှာ သြဂုတ် ၂၀ ရက်နေ့က အကြွေးတောင်းရာက စကားများရန်ဖြစ်ပြီး လူသတ်မှုဖြစ်ပွားခဲ့တယ်လို့ ရှမ်းပြည်နယ် ရဲတပ်ဖွဲ့က ပြောပါတယ်။
တောင်ကြီးမြို့နယ် ရွှေညောင်အနောက်မြောက်ဘက် ၂ ဖာလုံအကွာ သပြေလမ်းဆုံမှာ နေထိုင်တဲ့ မရီရီသန့်နဲ့ မအေးအေးသန့်တို့ ညီအစ်မက ရွှေညောင်မြို့ ရွှေဘုံသာရပ်ကွက်နေထိုင်သူ သိန်းဇော်လတ်ထံ အကြွေးလာတောင်းစဉ် စကားများ ရန်ဖြစ်ပြီး သိန်းဇော်လတ်က ညီအစ်မနှစ်ဦးအား ဓားနဲ့ထိုးတာကြောင့် ၁ ဦးသေဆုံး၊ ၁ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ဆိုပါတယ်။
ပြစ်မှုကျူးလွန်သူ သိန်းဇော်လတ်ကို ရွှေညောင်ရဲတပ်ဖွဲ့က သြဂုတ် ၂၀ ရက်နေ့မှာ ချက်ချင်း ဖမ်းဆီးပြီး အရေးယူထားတယ်လို့ ရှမ်းပြည်နယ်ရဲတပ်ဖွဲ့ရုံးမှ တာဝန်ရှိသူတဦးက ပြောပါတယ်။
“ပထမကတော့ ၃၂၆ နာကျင်စေမှုနဲ့ပဲ အရေးယူထားပေမယ့် ဆေးရုံရောက်ပြီး သေဆုံးသွားတော့ ပုဒ်မ ၃၀၂ လူသတ်မှုနဲ့ပြန်ပြီး အရေးယူထားတယ်။”
ဒဏ်ရာရရှိသူ မရီရီသန့်နဲ့ မအေးအေးသန့်တို့ကို တောင်ကြီးမြို့ စ၀်စံထွန်းဆေးရုံကို ပို့ဆောင်ကုသစဉ် အစ်မဖြစ်သူ မရီရီသန့်က သေဆုံးခဲ့တယ်လို့ သိရပါတယ်။
သတင်းနှင့်ဓာတ်ပုံ - ခွန်ရာဇာ