ကေအန်ယူနှင့် ဒီကေဘီအေခွဲထွက်အဖွဲ့ ပစ်ခတ်မှုဖြစ်ပွားပြီး ၂ ဦးသေ
DVB
·
August 21, 2018
ကရင်အမျိုးသားအစည်းအရုံး (ကေအန်ယူ) တပ်မဟာ ၅နဲ့ ဒီကေဘီအေခွဲထွက် ဗိုလ်ဘိရဲ့ တပ်ဖွဲ့တွေ ပစ်ခတ်တိုက်ခိုက်မှုဖြစ်ပွားပြီး ခွဲထွက်အဖွဲ့ဝင် နှစ်ဦး သေဆုံးသွားပါတယ်။
သြဂုတ် ၁၉ ရက် ညနေ ၅ နာရီခန့်က လှိုင်းဘွဲမြို့နယ်၊ မြိုင်ကြီးငူအထူးဒေသ၊ ကန်ညီနောင်ကျေးရွာအနီးမှာ တိုက်ပွဲဖြစ်ပွားရာ ဒီကေဘီအေခွဲထွက် တပ်ဖွဲ့ဝင် နှစ် ဦး ကျဆုံးခဲ့တယ်လို့ ကျေးရွာရပ်မိရပ်ဖ ဦးမောင်ချစ်က ပြောပါတယ်။
လှိုင်းဘွဲမြို့နယ်၊ မြိုင်ကြီးငူအထူးဒေသ၊ ကန်ညီနောင်ကျေးရွာ၊ ရပ်မိရပ်ဖ ဦးမောင်ချစ်က “မကြာဘူး ၂ မိနစ် ၃ မိနစ် ဒီလောက်ပဲ။ ကန်ညီနောင် ချောင်းမှာပေါ့။ တနေ့ တခါနှစ်ခါ ထွက်ပြေးရတာပုံမှန်ပဲ။ ခဏခဏတမျိုးဖြစ်ပြန်ပြီး။ ရန်သူလာပြန်ပြီး။ ဘီဂျီအက်ဖ် တချက်တချက်။ ဒီကေဘီကေ တချက်။ တခါတခါ ကေအယ်ယူ ရှုပ်ယှတ်ခတ်နေတာပဲ”လို့ ပြောပါတယ်။
တိုက်ပွဲဖြစ်ပွားရာအနီးက ကန်ညီနောင်ကျေးရွာမှာ အိမ်ထောင်စုဝင် ၄၇ စု နေထိုင် နေတာဖြစ်ပြီး တိုက်ပွဲအပြီး အိမ်ထောင်စုဝင် ၁၀ စု မြိုင်ကြီးငူ စစ်ဘေးရှောင်စခန်းကို ထွက်ပြေးတိမ်းရှောင်သွားပါတယ်။
အဆိုပါကျေးရွာအနီးမှာ တပ်မတော်၊ ဘီဂျီအက်ဖ်၊ ကေအန်ယူနဲ့ ဒီကေဘီအေ ခွဲထွက်အဖွဲ့တို့ တိုက်ပွဲဖြစ်ပွားလေ့ရှိတဲ့အပြင် ဒေသခံတွေဟာ ရွာအနီး ပတ်ဝန်းကျင်ကို သွားရောက် ဟင်းစားရှာဖွေဖို့ မြေမြုပ်မိုင်းအန္တရာယ် ကြောက်နေကြရပါတယ်။
သတင်း - ရဲမင်းခေါင်