ဝန်ထမ်းများနှင့် တပ်ဖွဲ့ဝင်များ ဆန္ဒပြရာတွင် မပါဝင်ရန် ကယားပြည်နယ်အစိုးရ ညွှန်ကြား
ပိုင်စိုး
·
August 21, 2018
ပြည်နယ်ထဲက အစိုးရဝန်ထမ်းတွေနဲ့ တပ်ဖွဲ့ဝင်တွေအနေနဲ့ ဆန္ဒပြတာတွေမှာ မပါဝင်ဖို့နဲ့ လိုက်နာမယ့်အကြောင်း ဝန်ခံလက်မှတ်ထိုးဖို့ ကယားပြည်နယ်အစိုးရက ညွှန်ကြားလိုက်ပါတယ်။
ဒီညွှန်ကြားချက်အပေါ် ဝန်ထမ်းတယောက်ချင်းစီက လိုက်နာဖို့ ဝန်ခံလက်မှတ်ထိုးထားတဲ့ အခြေအနေကို သြဂုတ် ၂၀ ရက်မှာ ပြန်လည်တင်ပြဖို့ကိုလည်း ဝန်ကြီးချုပ်ကိုယ်စား ကယားပြည်နယ် အုပ်ချုပ်ရေးမှူးက လက်မှတ်ရေးထိုး ထုတ်ပြန်ထားပါတယ်။
အဲဒီစာမှာ တရားဥပဒေနဲ့မညီတဲ့ ဆူပူလှုပ်ရှားတာတွေ၊ ဆန္ဒပြတာတွေ၊ နယ်မြေအေးချမ်း သာယာရေးနဲ့ တရားဥပဒေစိုးမိုးရေးကို ထိခိုက်နိုင်တဲ့ လှုပ်ရှားမှုတွေမှာ ပြည်နယ်အတွင်းက သက်ဆိုင်ရာ ဦးစီးဌာန၊ တပ်ဖွဲ့တွေရဲ့ ဝန်ထမ်းတွေ ပါဝင်ပတ်သက်မှု မရှိစေဖို့ ညွှန်ကြားထားပါတယ်။
ကယားပြည်နယ် အုပ်ချုပ်ရေးမှူး ဦးခင်မောင်ဝင်းက “ဝန်ထမ်းတွေဟာ နိုင်ငံတော်ကို သစ္စာစောင့်သိရမယ်လို့ ရှိတယ်လေ။ ပါတီနိုင်ငံရေး ကင်းရှင်းရမယ်။ သာမန် ဆန္ဒဖော်ထုတ်တာ ဆိုပေမယ့် မတည်မငြိမ်မဖြစ်ဘူးလို့ ဘယ်သူမှ မပြောနိုင်ဘူးလေ။ ဒါကြောင့်ပါ” လို့ ပြောပါတယ်။
ဒီညွှန်ကြားချက်ဟာ ပြည်နယ်နဲ့တိုင်း အားလုံးမှာ ထုတ်တာမဟုတ်ဘဲ ကယားပြည်နယ်မှာပဲ ထုတ်တာ ဖြစ်တယ်လို့လည်း သူက ဆက်ပြောပါတယ်။
ကယားပြည်နယ်မှာ ဗိုလ်ချုပ်ကြေးရုပ် ထားရှိရေးကို ဒေသခံလူငယ်တွေက ကန့်ကွက်ဆန္ဒပြတာ၊ ကရင်နီသမိုင်းကြောင်းကို ဖြန့်ဝေလို့ လူငယ်တွေ ဖမ်းဆီး တရားစွဲခံနေရချိန်မှာ အခုလို ညွှန်ကြားစာ ထွက်လာခဲ့တာလည်း ဖြစ်ပါတယ်။
အငြိမ်းစား စီမံရေးရာမန်နေဂျာ တယောက်က “ဆန္ဒပြတာမှာတော့ ၂ မျိုးရှိတာပေါ့။ ထောက်ခံတာနဲ့ ကန့်ကွက်တာ။ အရင်တုန်းကတော့ ထောက်ခံပွဲတွေဆိုရင် သွားခဲ့ရတာပဲလေ။ အခုစာက ဥပဒေနဲ့မညီတဲ့ လှုပ်ရှားမှုတွေမှာ မပါရဘူးဆိုပေမယ့် ဝန်ထမ်းတွေကို ဖိအားပေးပြီး ခြိမ်းခြောက်တဲ့သဘော ဖြစ်နေတယ်” လို့ ပြောပါတယ်။
ဒီလိုပုံစံမျိုး ဝန်ထမ်းတွေအနေနဲ့ မလုပ်မနေရ လက်မှတ်ထိုးခဲ့ရတာကို ၁၉၉၀ ခုနှစ် ဝန်းကျင် စစ်အစိုးရလက်ထက်မှာ ကြုံခဲ့ဖူးပြီး အချက် ၃၃ ခုပါတဲ့ မေးခွန်းတွေကို ဖြေဆို လက်မှတ်ထိုးပေးခဲ့ရဖူးပါတယ်။