တရုတ်တွင် တိုက်ခတ်နေသည့် မုန်တိုင်းကြောင့် သေဆုံးသူ ၉ ဦးအထိရှိ

ဓာတ်ပုံ - AFP
တရုတ်နိုင်ငံတွင်း ဝင်ရောက်တိုက်ခတ်နေတဲ့ တိုင်ဖွန်း ရမ်ဘီယာမုန်တိုင်းကြောင့် သြဂုတ် ၂၀ ရက်နေ့မှာ သေဆုံးသူ ၉ ဦးရှိသွားပြီ ဖြစ်ပါတယ်။ တိုင်ဖွန်း ရမ်ဘီယာဟာ တရုတ်နိုင်ငံ အလယ်ပိုင်းနဲ့ အရှေ့ပိုင်းကို ဝင်ရာက်တိုက်ခတ်နေတာဖြစ်ပြီး တရုတ်နိုင်ငံ အရှေ့ပိုင်းက ရှူကျိုးမြို့မှာ သြဂုတ် ၁၉ ရက် နေ့လယ်ပိုင်းက သေဆုံးသူ ၈  ဦး၊ ဒဏ်ရာရသူ ၁၈ ဦး ရှိခဲ့တာပါ။ ဒါ့အပြင် မုန်တိုင်းကြောင့် လူ ၉ သိန်းကျော်နဲ့ စိုက်ပျိုးမြေ ဟက်တာ ၆ သောင်း ၈ ထောင်ကျော် ထိခိုက်ပျက်စီးခဲ့သလို အိမ်ခြေ ၁ ထောင့် ၈ ရာကျော်လည်း ပျက်စီးခဲ့ပါတယ်။ တရုတ်နိုင်ငံအရှေ့ပိုင်း အန်ဟွိုင်ပြည်နယ်က မြို့ကြီး ၉ မြို့၊ ဒေသ ၃၃ ခုမှာလည်း လူ ၁ ဒသမ ၇ သန်းကျော်နဲ့ စိုက်ပျိုးမြေ ဟက်တာ ၂ သိန်း ၄ သောင်းကျော် ထိခိုက်ပျက်စီးခဲ့ပါတယ်။ မုန်တိုင်းကြောင့် အန်ဟွိုင်ပြည်နယ်မှာ ပျက်စီးဆုံးရှုံးမှု တန်ဖိုးဟာ ယွမ်ငွေ ၁ ဒသမ ၁ ဘီလီယံ (အမေရိကန်ဒေါ်လာ သန်း ၁၆၀ ထိ) ရှိပါတယ်။ ဟေနန်ပြည်နယ်မှာတော့ လူ ၉ သိန်းနီးပါး ထိခိုက်ပျက်စီးခဲ့ပြီး စိုက်ပျိုးမြေ ဟက်တာ ၁ သိန်းကျော် ပျက်စီးခဲ့ရာ ဆုံးရှုံးမှုတန်ဖိုးဟာ ယွမ်ငွေ ၁၉၈ သန်းထိရှိတယ်လို့ ဆင်ဟွာသတင်းမှာ ဖော်ပြထားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up